Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 31, 2014

ထိုင်းရောက် မြန်မာဒုက္ခသည်များ နိုင်ငံသားခိုလှုံခွင့် အထူးစီမံချက် အမေရိကန်အစိုးရ စီစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေထိုင်နေသော မြန်မာ ဒုက္ခသည်များအတွက် အမေရိကန် အစိုးရက နိုင်ငံသား ခိုလှုံခွင့် အထူးအစီအစဉ်တစ်ခု စတင်ပြီ ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ဆိုင်ရာဌာန လက်ထောက် အတွင်းရေးမှူး Ms. Anne C.Richard က ပြောကြားသည်။

ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ကိုးခုက မြန်မာဒုက္ခသည်များက ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံး လာရောက် လျှောက်ထားခဲ့ပြီး ၎င်းတို့ထဲက လူဦးရေ သောင်းချီကို လာမည့်နှစ်တွင် စတင်ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ခိုလှုံခွင့်ရတဲ့ မြန်မာဒုက္ခသည်တွေက နေအိမ်အသစ်လည်း ရကြတယ်။ သူတို့နဲ့ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင် အသစ်လည်း ရတယ်။ အရင်ခိုလှုံခွင့်ရတဲ့ သူတွေဆို အိမ်ပိုင်ရှင်တွေ၊ အသေးစား လုပ်ငန်းရှင်တွေနဲ့ အမေရိကန် နိုင်ငံသားအဖြစ် ခံယူသွားကြပြီ” ဟု Ms. Anne C.Richard ကပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်း နီးပါးရှိပြီး လေးသောင်းကျော်မှာ ထိုင်းအစိုးရထံတွင် စာရင်းသွင်း မထားကြကြောင်း၊ ယင်းဒုက္ခသည်များထဲက ခြောက်ထောင်ကျော်မှာ အမေရိကန်နိုင်ငံတွင် နိုင်ငံသားခိုလှုံရန် ဆန္ဒရှိကြကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့ UNHCR ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော့် ကလေးတွေနဲ့ ဇနီးအတွက် ပညာသင်ဖို့ အခွင့်အလမ်းတွေ ရလာမှာ။ အဲဒီအတွက် ခိုလှုံခွင့်ရခဲ့ရင် ကျွန်တော်လုပ်နိုင်တဲ့ ဘယ်အလုပ်မဆို လုပ်မှာပဲ” ဟု အသက်၃၀ အရွယ် အမျိုးသား တစ်ဦးက UNHCR သို့ ပြောကြားသွားသည်။

အဆိုပါ ဒုက္ခသည် စခန်းများရှိ မြန်မာလူမျိုး နှစ်သောင်းနီးပါးသည် သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်နှင့် ဂျပန် နိုင်ငံတို့တွင် နိုင်ငံသားအဖြစ် ခိုလှုံခွင့်ရခဲ့ပြီး အမေရိကန်နိုင်ငံက ၂၀၀၅ ခုနှစ်မှ ယခုအချိန်ထိ မြန်မာဒုက္ခသည် ၇၃,၀၀၀ ကျော်ကို ခိုလှုံခွင့် လက်ခံခဲ့ကြောင်း အမေရိကန် အစိုးရနှင့် UNHCR အချက်အလက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment