CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 22, 2014
မန္တလေး တပ်သိမ်းမြေ ၃၀၀၀ ကျော် ပြန်ပေးမည်
Wednesday, January 22, 2014
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းများ လုပ်ကိုင်ရန်ဟုဆိုကာ တပ်မတော်က သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် လယ်ယာမြေများအနက် လယ်ယာမြေ ဧကသုံးထောင်ကျော်ကို တပ်မတော်က ပြန်လည် စွန့်လွှတ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြောင်းကြားလာပြီး ယင်းမြေများကို အသိမ်းခံခဲ့ရသည့် မူလမြေပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်သန်းက The Voice သို့ ပြောကြားသည်။
အဆိုပါ လယ်မြေဧက သုံးထောင်ကျော်နှင့် ပတ်သက်သည့် မြေယာအမှုတွဲ တစ်ခုချင်းစီကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုတစ်ပတ်အတွင်း တပ်မတော်က တင်ပြလာသည့် အနေအထားပေါ် မူတည်၍ တိုင်းဒေသကြီးအစိုးရက တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအပေါ် ပြန်လည် စွန့်လွှတ်ခြင်းဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လယ်ယာမြေများအပေါ် ပြန်လည် စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းယူ ခံထားရသည့် ပုဂ္ဂလိကများထံသို့ လယ်ယာ ပိုင်ဆိုင်မှုများအတွက် မှန်ကန်မှုရှိ မရှိကို ကွင်းဆင်း စစ်ဆေးပြီးမှ ဆုံးဖြတ်၍ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“တပ်မတော်ဘက်က အစိုးရဘက်ကို ပေးပို့လာတဲ့ လယ်ယာမြေ စွန့်လွှတ်တဲ့ အကြောင်းကြားစာနဲ့ ပက်သက်ပြီး အစိုးရအဖွဲ့က ဆွေးနွေးမယ်” ဟု ၎င်းကဆိုသည်။
တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေနှင့် ပတ်သက်၍ ယခင်လယ်ယာမြေ စုံစမ်းရေး ကော်မရှင်နှင့် တပ်မတော်ဘက်မှ သက်ဆိုင်ရာ အရာရှိများ ဆွေးနွေးစဉ် တစ်နိုင်ငံလုံးတွင် သိမ်းယူထားသည့် လယ်ယာမြေဧက ၂၉၇၁၂၇ ဒသမ ၆၆၁ ကို စွန့်လွှတ်ရန် အကြမ်းဖျင်း ဆွေးနွေးမှုများ ရှိခဲ့ပြီး သိမ်းယူထားသည့် လယ်ယာမြေများကို တပ်မတော်က စွန့်လွှတ်ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အရင်ဆုံး ပြန်လည် ပေးအပ်မည်ဖြစ်ကာအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ပိုင်ဆိုင်မှု ရှိသူများကို ပြန်လည် ပေးအပ် မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များက ပြောကြားသည်။
“အဲဒီလယ်ယာမြေတွေကို တပ်မတော်က တိုက်ရိုက်သိမ်းယူတာ မဟုတ်ဘူး။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကတစ်ဆင့် သိမ်းပေးရတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရှင်းပေးဖို့ တာဝန်ရှိတာ” ဟု လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်သိန်းလင်းက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေ အများဆုံးရှိသည့် ဒေသများမှာ မတ္တရာ၊ စဥ့်ကူး၊ မိုးကုတ်၊ ပြင်ဦးလွင်၊ သပိတ်ကျင်း ဒေသတို့ဖြစ်ပြီး နေပြည်တော် ကောင်စီ နယ်မြေ အချို့လည်း ပါဝင်ကြောင်း မန္တလေးမြို့ခံ မြေယာနှင့် ပတ်သက်၍ လူထုလှုပ်ရှားမှုများ ပြုလုပ်နေသူများက တညီတညွတ်တည်း ပြောကြားသည်။
“အမှန်တကယ် လယ်ယာမြေကို သိမ်းယူထားတဲ့ ပုဂ္ဂိုလ်ဆီကို ပြန်ပေးရမှာပါ။ သက်ဆိုင်ရာက ဖြေရှင်းပြီးပြီဆိုတဲ့ အသံပဲ ကြားတယ်။ ဘယ်လို ဖြေရှင်းလိုက်သလဲ ဆိုတာ တရားဝင် ထုတ်ပြန်ခြင်း မရှိဘူး” ဟု ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သိမ်းယူထားသော လယ်ယာမြေနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး လာရောက် ဖြေကြားချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မကျေနပ်သဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD အပါအဝင် လွှတ်တော် ကိုယ်စားလှယ် အများစု လွှတ်တော်အတွင်း အပြင်းအထန် ကန့်ကွက်မှုများ ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေ ဧကပေါင်း သုံးသောင်းကျော် ရှိကြောင်း လယ်ယာမြေအရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ အပိုင်း (၁) တွင် ဆိုထားပြီး ကာကွယ်ရေး ဝန်ကြီးဌာနက သိမ်းယူထားသော လယ်ယာမြေများတွင် ကာကွယ်ရေးဆိုင်ရာ တည်ဆောက်မှုရှိသည့် မြေယာ များကို ပြန်လည် ပေးအပ်ရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ပြန်လည် ဖြေကြားမှုများ ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
မန္တလေး တပ်သိမ်းမြေ ၃၀၀၀ ကျော် ပြန်ပေးမည်
Reviewed by VC
on
January 22, 2014
Rating: 5
Reviewed by VC
on
January 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment