ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ကယားပြည်နယ် ဒေသတွင်းရှိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်
ခံရမှုများအတွက် ရိုးရာဓလေ့နည်းဖြင့် ကိုင်တွယ် ဖြေရှင်းမှုသည် ကာယကံရှင်
အမျိုးသမီးတို့၏ အခွင့်အရေး နစ်နာဆုံးရှုံးလျက် ရှိကြောင်း ကယန်း
အမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်မူအန်းဂျေလာ ကပြောကြားသည်။
“မိန်းကလေးတစ်ဦးကို အဓမ္မ
ပြုကျင့်ပြီးရင် ဝက်တစ်ကောင်သတ်၊ တစ်အိမ် တစ်ပိဿာ ဝေရုံနဲ့ ပြီးနေတာ။
မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးက ဝက်တစ်ကောင်ဖိုးပဲ ရှိသလို ဖြစ်နေတယ်။
ကာယကံရှင်တွေအတွက် နစ်နာတယ်” ဟု ဒေါ်မူအန်းဂျေလာက ဆိုသည်။
အကြမ်းဖက်ခံရသည့် အမျိုးသမီးတို့၏ စိတ်ပိုင်းဆိုင်ရာနှင့်
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုရရန်
လိုအပ်လျက် ရှိကြောင်း၊ ၎င်းတို့ အဖွဲ့အနေနှင့် အသိပညာပေးခြင်းသာ
လုပ်ပေးနိုင်ကြောင်း၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုများအတွက် ဥပဒေအရ ဖြေရှင်းတရားစွဲဆိုရန် ငွေကြေး အခက်အခဲများ
ရှိသဖြင့် အခမဲ့ရှေ့နေ ဝန်ဆောင်မှု လိုအပ်ကြောင်းကိုလည်း ၎င်းကပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း လွိုင်ကော်-တောင်ငူ ကားလမ်းကြောင်းပေါ်တွင်
တည်ရှိသည့် ကျေးရွာတစ်ခုတွင် အသက်၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို
အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး တရားဥပဒေအရ
အမှုဖွင့်တိုင်ကြားခြင်း မပြုဘဲ ရွာနာမည် ပျက်မည်ဆိုသည့် ဖိအားပေးမှုဖြင့်
ကြက်တစ်ကောင် သတ်၍ ကျေအေးခဲ့ကြောင်း ကယန်း အမျိုးသမီး အဖွဲ့ထံမှ သိရသည်။
တိုင်းရင်းသားများတွင် သက်ဆိုင်ရာ ဓလေ့ထုံးတမ်း ရှိပြီး ခေတ်နှင့်မညီသော
ဓလေ့ထုံးတမ်းများလည်း ရှိနိုင်၍ ထိုဓလေ့များကို အသိပညာပေးပြီး ပြောင်းလဲရန်
လိုအပ်သည့်အပြင် ရွာဓလေ့အတိုင်း ဝက်တစ်ကောင်နှင့် ကျေအေးပေးခြင်းသည်
တရားဥပဒေအရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ထိုက်သည့် ပြစ်မှုပြစ်ဒဏ် ဥပဒေကို
ထိခိုက်နိုင်စရာ ရှိကြောင်း ကယားပြည်နယ် တရားလွှတ်တော် ရှေ့နေ ဦးငိုဆင်ပ်က
ပြောကြားသည်။
“ပြစ်မှုကျူးလွန်သူရော နောက်ထပ် ကျူးလွန်မယ့်သူရော
ထပ်မကျူးလွန်ရဲအောင် ဟန့်တားရာ မရောက်ဘဲနဲ့ အခွင့်အလမ်း တစ်ခုပေးရာ
ရောက်တယ်။ ဓလေ့ထုံးတမ်းအရ ဒီလို ဖြေရှင်းတဲ့အခါမှာ အပြစ်ကျူးလွန်တဲ့လူက
မကြောက်တော့ဘဲနဲ့ အခါခါ အထပ်ထပ် ကျူးလွန်မယ်ဆိုရင် တရားဥပဒေ စိုးမိုးမှုကို
ထိခိုက်ရာ ရောက်တယ်” ဟု ၎င်းကဆိုသည်။
ကယားပြည်နယ်အတွင်း
လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခံရသူ အမျိုးသမီး အများစုသည် အသက် ၉
နှစ်အောက် မှ ၂၂ နှစ်အကြား ဖြစ်ကြောင်းလည်း ကယန်း အမျိုးသမီးအဖွဲ့က ဆိုသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 1, 2014
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရိုးရာဓလေ့ဖြင့် ဖြေရှင်းမှုကြောင့် ကယား အမျိုးသမီးများ နစ်နာ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရိုးရာဓလေ့ဖြင့် ဖြေရှင်းမှုကြောင့် ကယား အမျိုးသမီးများ နစ်နာ
Reviewed by VC
on
January 01, 2014
Rating: 5
Reviewed by VC
on
January 01, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment