Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

ဗြိတိန်အစိုးရက မြန်မာနိုင်ငံသို့ စစ်ရေးသုံး ဓာတုပစ္စည်းများ တင်ပို့ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ဗြိတိန်အစိုးရက မြန်မာနိုင်ငံသို့ စစ်လက်နက် ထုတ်လုပ်ရေးတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများ တင်ပို့ခဲ့သည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hauge က စွပ်စွဲ ပြောကြားလိုက်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကာအကွယ်ပေးမှု အားနည်းလွန်းသော မြန်မာနိုင်ငံ အပါအဝင် ဆီးရီးယား၊ မြောက်ကိုရီးယားနှင့် လစ်ဗျားနိုင်ငံတို့သို့ စစ်လက်နက် ထုတ်လုပ်မှုနှင့် ဆေးဝါးထုတ် လုပ်မှု ကဏ္ဍနှစ်မျိုးလုံးတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများ တင်သွင်းခွင့် လိုင်စင်ချပေးခြင်းအတွက် ဗြိတိန်အစိုးရက ဖြေရှင်းချက် ပေးသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားထားသည်။

ဗြိတိန်အစိုးရသည် ၂၀၀၃ ခုနှစ်မှ စတင်ကာ မြန်မာ၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျားနိုင်ငံတို့သို့ အဆိုပါ ကဏ္ဍနှစ်ရပ် အသုံးပြုနိုင်သော ဓာတုပစ္စည်းများ တင်ပို့ခဲ့ခြင်း အထောက် အထားများကို ဗြိတိန်အစိုးရ လက်နက်တင်ပို့မှု ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိခဲ့ရကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

သို့သော် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်တင်ပို့ရေး မူဝါရေးရာဌာန အကြီးအကဲ Richard Tauwhare က ၎င်းတို့ အနေနှင့် တင်ပို့သည့် ပစ္စည်းတိုင်းကို တားမြစ် ကန့်သတ်ထားသည့် အချက် အလက်များအတိုင်း အဆင့်ဆင့် စစ်ဆေးပြီးမှ တင်ပို့ခဲ့ကြောင်း သတင်းမီဒီယာများသို့ ရှင်းပြကြောင်း ဗြိတိန် မီဒီယာများတွင် ဖော်ပြထားသည်။

တားမြစ် ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ ဓာတုပစ္စည်းများ တင်ပို့ခြင်း ရှိ၊ မရှိကို ပြန်လည် စစ်ဆေးသွားမည်ဟုလည်း Richard Tauwhare က ထပ်လောင်း ပြောကြားသည်။

ထို့အပြင် ၎င်းတို့ တင်ပို့ခဲ့သော နိုင်ငံများအနက် အချို့နိုင်ငံများမှာ ကုလသမဂ္ဂ၏ ဓာတုလက်နက် လျှော့ချရေး သဘောတူ စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသည့်နိုင်ငံများ ပါဝင်နေသည့်အတွက် တစ်စုံတစ်ရာ ဖြေရှင်းပေးရန် မလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဥရောပသမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ ဗြိတိန် အစိုးရသည် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ငါးသန်း (ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ လက်နက်များ တင်သွင်းခွင့် လိုင်စင်ကို ပေးအပ်လိုက်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ကြေညာခဲ့သည်။

သို့သော် ဗြိတိန်အစိုးရ ပေးအပ်ခဲ့သော လက်နက် တင်သွင်းခွင့် လိုင်စင်များမှာ စစ်လက်နက်များအတွက် မဟုတ်ကြောင်း၊ ယင်းလိုင်စင် ရှစ်မျိုးအနက် ခုနစ်မျိုးမှာ အရပ်သားသုံး လေယာဉ် ထိန်းချုပ်သည့် ဆော့ဖ်ဝဲများနှင့် ကမ်းလွန်ပင်လယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် ပစ္စည်းများ ဖြစ်ကြောင်း၊ ကျန်တစ်မျိုးသာ မြေမြှုပ်မိုင်းကို ရှင်းလင်း ဖော်ထုတ်သည့် စစ်သုံးပစ္စည်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ပြန်လည် ဖြေရှင်းခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော လက်နက် တင်သွင်းခွင့် ပိတ်ပင်မှုကို လေးစားလိုက်နာခြင်း ရှိ၊ မရှိ ဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံ အစိုးရ အာဏာပိုင်များ၏ တာဝန်သိမှုနှင့် တာဝန်ယူမှု အပေါ်တွင် များစွာ မူတည်နေကြောင်း ဥရောပသမဂ္ဂ ပြည်ပရေးရာက သတင်းထုတ်ပြန်သည်။

No comments:

Post a Comment