Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 12, 2013

နိုင်ငံတကာစံနှင့်အညီ ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို UMFCCI သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လျက်ရှိသော မြန်မာနိုင်ငံတွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီသာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်က သတိပေး ပြောကြားသည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် ကွမ်တုံ - မြန်မာ စီးပွားရေး ဆွေးနွေးပွဲတွင် တရုတ် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ ယခင်စီးပွားရေး တံခါးပိတ်စဉ်က ကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်သော နိုင်ငံတကာ စံချိန်မီ ရင်းနှီးမြှုပ်နှံမှုများသာ ပြုလုပ်ရန် ၎င်းက သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ဥရောပ၊ အမေရိကနှင့် အခြားနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံရန် လာရောက်လျက် ရှိရာ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ကုန်ကြမ်း၊ သတ္တုတွင်းထွက်နှင့် တခြားသယံဇာတ များစွာ ကျန်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်း မီသည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားသည်။
“ပြည်သူတွေအတွက် ရေရှည် အကျိုးရှိဖို့၊ သဘာဝ ပတ်ဝန်းကျင်နဲ့ မထိခိုက်ဖို့၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လာရောက် ရင်းနှီးမြှုပ်နှံဖို့နဲ့ နှစ်ဖက် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ သိပ်ပြီး တင်းကျပ် လွန်းရင်လည်း ဘယ်သူကမှ လာပြီးလုပ်မှာ မဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကွမ်တုံ ပြည်နယ်သည် တရုတ်နိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးသော ပြည်နယ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် နှစ်ဖက် အကျိုးရှိမည် ဖြစ်ကြောင်း ကွမ်တုံပြည်နယ် နိုင်ငံခြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ms.Ren Shao က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်သော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအနက် အချို့သော စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများသည် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

ယင်းအပြင် တရုတ်နိုင်ငံမှ တင်သွင်းသော ပျက်စီးလွယ် စက်ပစ္စည်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ ပစ္စည်းအတု အမျိုးမျိုး၊ စားသုံးရန် မသင့်သည့် အေးခဲအသားများနှင့် မြောင်းဆီ များကြောင့် ပြည်သူများ၏ စားသုံးသူ အခွင့်အရေးမှာ များစွာချိုးဖောက် ခံနေရကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် အစိုးရ မဟုတ်သော မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့အစည်း ဖြစ်ပြီး တရုတ်စီးပွားရေး လုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပထမဆုံးအကြိမ် သတိပေးခြင်း ဖြစ်သည်။

No comments:

Post a Comment