- 30 December 2013 |
- By The Voice Journal
TIME
မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ဘာသာရေး ဆိုင်ရာ
အထင်ကရ ဖြစ်ရပ် ၁၀ ခုတွင် မြန်မာနိုင်ငံ၌ ယခုနှစ်ပိုင်းအတွင်း မန္တလေးနှင့်
ပဲခူးတိုင်း\ ဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင် အဓိက
ရုဏ်းများ ပါဝင်လာသည်။ဗုဒ္ဓဘာသာ ဝင်များနှင့် အစ္စလာမ် ဘာသာဝင်များ အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် လူပေါင်းများစွာ သေကျေ ခဲ့ရသည့်အပြင် ဆုံးရှုံးမှုများစွာ ဖြစ်ခဲ့သည့် အတွက် ယခုနှစ်၏ အထင်ကရ အဖြစ်ဆုံး ဘာသာရေး ဆိုင်ရာ ဖြစ်ရပ် ၁၀ ခုအနက် အမှတ်စဉ် (၇) နေရာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် အီဂျစ်၊ ကင်ညာနှင့် ပါကစ္စတန် နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ် ဘာသာဝင် အစွန်းရောက်များနှင့် ခရစ်ယာန် ဘာသာဝင်တို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကိုလည်း အမှတ်စဉ် (၇) နေရာတွင်ပင် TIME မဂ္ဂဇင်းက ပူးတွဲ ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအကြား လူမျိုးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ယင်းသို့ TIME မဂ္ဂဇင်းတွင် ဖော်ပြထားသည့် ၂၀၁၃ ခုနှစ်၏ ဘာသာရေးဆိုင်ရာ အထင်ကရ ဖြစ်ရပ် ၁၀ ခု စာရင်းကို ဖြစ်စဉ်အလိုက် အဆင့်သတ်မှတ်ရာတွင် ကမ္ဘာအနှံ့ရှိ ဘာသာရေးနှင့် လူမျိုးရေး ဆိုင်ရာ သတင်းများ ရေးသားသည့် သတင်းမီဒီယာသမား ၃၀၀ ကျော်ထံမှ ကောက်ယူထားသည့် စစ်တမ်းများအရ အင်တာနက်မှတစ်ဆင့် မဲပေးသည့် စနစ်ဖြင့် အဆင့် သတ်မှတ် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း TIME မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် ကြေညာချက်များအရ သိရသည်။
အဆိုပါ မဂ္ဂဇင်းတွင် ထုတ်ပြန်ခဲ့သည် ၂၀၁၃ ခုနှစ်၏ ဘာသာရေးဆိုင်ရာ အထင်ကရ အဖြစ်ဆုံး ဖြစ်ရပ်မှာ နှစ်ပေါင်း ၁၂၀၀ ကျော် အကြာတွင် ပထမဦးဆုံး အကြိမ်အဖြစ် ဥရောပအနွယ်ဝင် မဟုတ်သော အာဂျင်တီးနား နိုင်ငံသား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဗာတီကန် မြို့တော်၏ အချုပ်အခြာ အာဏာပိုင် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း TIME မဂ္ဂဇင်းတွင် ရေးသား ထုတ်ပြန်ထားသည်။
TIME မဂ္ဂဇင်းသည် ၁၉၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက် မြို့တော်၌ ထုတ်ဝေခဲ့သည့် ပထမဦးဆုံးသော အပတ်စဉ် မဂ္ဂဇင်း တစ်စောင်ဖြစ်ပြီး စောင်ရေ အများဆုံး ထုတ်ဝေသည့် မဂ္ဂဇင်းအဖြစ် စံချိန်တင်ခဲ့သည့်အပြင် ကမ္ဘာအနှံ့ စာဖတ်ပရိသတ် ၂၅ သန်းကျော် ရှိသည်။

No comments:
Post a Comment