ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဒေသဖြစ်သော ရွှေစည်းခုံဘုရား အနောက်ဘက်ရှိ
ကျန်စစ်သားမင်း ကောင်းမှု ဥမင်ဂူကြီးရှိ ပေါင်းမိုး ပြိုကျခဲ့သည်မှာ
ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာ
စစ်ဆေးပြုပြင်မှု မရှိသေးကြောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ
ဖွံ့ဖြိုးရေးနှင့် စောင့်ကြည့် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဝင်းမောင်က ပြောကြားသည်။
“ဂူပေါင်းမိုး ပြိုကျတော့ ချက်ချင်းပဲ သက်ဆိုင်ရာကို ဖုန်းဆက်
အကြောင်းကြားတယ်။ လာကြည့် လိုက်ပါ့မယ်လို့ပဲ ပြောတယ်။ အခုထိ
မပြုပြင်သေးဘူး” ဟု ၎င်းကဆိုသည်။
ဥမင်ကြီးမှာ ရှေးဟောင်း သမိုင်းဝင်
အမွေအနှစ် တစ်ခုဖြစ်ပြီး ကျန်စစ်သားမင်း ကောင်းမှုဥမင် လေးခုတွင်
တစ်ခုအပါအဝင် ဖြစ်ပြီး ရွှေစည်းခုံဘုရား အနောက်ဘက်ရှိ
ဘုန်းတော်ကြီးကျောင်းအတွင်း တည်ရှိကြောင်း၊ သက်တမ်း ကြာမြင့်ပြီး ရာသီဥတု
ဒဏ်များကြောင့် ပေါင်းမိုး ပြိုကျခြင်း ဖြစ်ကြောင်း၊ စူဠာမဏိ စေတီတော်၏
လက်ယာဘက်တွင် တည်ရှိသော ဘီလူးခေါင်းကြီး တစ်ခြမ်းပဲ့ကျချိန်တွင်
သက်ဆိုင်ရာက သုံးရက်အတွင်း လာရောက် ပြုပြင်မွမ်းမံ သော်လည်း ဥမင်ပေါင်းမိုး
ပြိုကျခြင်းကို လာရောက် စစ်ဆေးခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
ပုဂံဒေသတွင် ပျက်စီး ယိုယွင်းနေသော စေတီပုထိုးများ အများအပြား တည်ရှိနေပြီး
အချိန်မီ ပြုပြင်မှုများ မလုပ်နိုင်ပါက ရှေးဟောင်း သမိုင်းအမွေအနှစ်
လက်ရာများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာနိုင်ကြောင်း ပုဂံဒေသခံတစ်ဦးက
ဆိုသည်။
ရွှေစည်းခုံဘုရား အနောက်ဘက်ရှိ ကျန်စစ်သားမင်း ကောင်းမှု
ဥမင်ဂူကြီးတွင် ပေါင်းမိုး ပြိုကျခြင်း မဟုတ်ဘဲ ပေါက်သွားခြင်းသာ
ဖြစ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် အစီအစဉ် ရှိသော်လည်း ဘတ်ဂျက် အခြေအနေပေါ်
မူတည်၍ ကြန့်ကြာနေခြင်း ဖြစ်ပြီး သမိုင်းတန်ဖိုးအရ ပိုမိုမြင့်မားသည့်
စေတီပုထိုးများကို ဦးစားပေး ပြုပြင်မှုများ ပြုလုပ်နေကြောင်း ယဉ်ကျေးမှု
ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်
ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပုဂံ ရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေ ဒေသမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်အတွင်း
တည်ရှိပြီး စုစုပေါင်းဧရိယာ ၁၉ စတုရန်းမိုင် ကျယ်ဝန်းကာ ရှေးဟောင်း
စေတီပုထိုး အဆောက်အအုံ ၃၁၂၂ ခု ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း
သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန စာရင်းများအရ
သိရသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 24, 2013
ကျန်စစ်သားမင်းကောင်းမှု ဥမင်ဂူကြီး ငါးလခန့်ကြာ ပြိုကျနေသော်လည်း စစ်ဆေးပြုပြင်မှု မရှိသေး
ကျန်စစ်သားမင်းကောင်းမှု ဥမင်ဂူကြီး ငါးလခန့်ကြာ ပြိုကျနေသော်လည်း စစ်ဆေးပြုပြင်မှု မရှိသေး
Reviewed by VC
on
December 24, 2013
Rating: 5
Reviewed by VC
on
December 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment