Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

လိုင်ဇာညီလာခံကြီး ပြီးသောအခါ

လိုင်ဇာညီလာခံကြီး ပြီးသောအခါတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ပထမဆုံး ညီလာခံ ဖြစ်သော လိုင်ဇာ ညီလာခံ ပြီးစီးခဲ့ပြီ ဖြစ်သည်။ ယင်းညီလာခံကို ပြည်တွင်းမှ သာမကဘဲ နိုင်ငံတကာကပါ စောင့်ကြည့် နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ကချင်ပြည်နယ် အပါအ၀င် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများရှိ ဒေသခံ တိုင်းရင်းသား များက မျှော်လင့်ချက် များစွာဖြင့် စောင့်မျှော်ကြည့် နေကြခြင်း ဖြစ်သည်။
ထို့အပြင် စစ်ဘေး ဒုက္ခသည်များ၊ ဒေသခံပြည်သူများသာမက ခံစားချက်ကိုယ်စီဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင် နေရသော နှစ်ဖက်စစ်သည်များကလည်း လိုင်ဇာညီလာခံမှတစ်ဆင့် မဝေးလှသောအချိန်တွင် စစ်မှန်သောငြိမ်းချမ်းရေးရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွက် လာလိမ့်မည်ဟု မျှော်လင့် နေကြသည်။
“သိပ်တော့ မသိပါဘူး။ လိုင်ဇာမှာ ဆွေးနွေးကြမယ် ကြားတယ်။ အဆင်ပြေချင် ပါတယ်။ ငြိမ်းချမ်းချင်ပြီ။ အိမ်ပြန်ချင်ပြီ”ဟု တိုက်ပွဲများကြောင့် ဂျေယန်းစစ်ဘေးရှောင် စခန်းတွင် သုံးနှစ်နီးပါး ခိုလှုံနေရသော အသက်(၆၉)နှစ်အရွယ် ဦးရစ်လွန်းက ဆိုသည်။
စစ်ဘေး ဒုက္ခသည် ဦးရစ်လွန်းကဲ့သို့ပင် ဂျေယန်းစစ်ရှောင်စခန်း တာဝန်ခံဦးဘရန်ရှောင်တစ်ယောက် တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်သည့် လိုင်ဇာညီလာခံ ရလဒ်များအပေါ် စိတ်ဝင် တစားနားစွင့်လျက် ရှိသည်။ လွန်ခဲ့သည့်ကာလများတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြီး၍ စစ်ဘေး ဒုက္ခသည်များမှာ နေရပ်ဇာတိများသို့ ပြန်နိုင်ကြတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ဒုက္ခသည် ဦးရေမှာ တစ်နေ့တခြား တိုးပွားနေသည်ဟု သူက ဆိုပါသည်။
ယင်းညီလာခံတွင် နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြမြေပုံရေးဆွဲခြင်း၊ မတရားအသင်းများ ပယ်ဖျက်ပေးရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရာတွင် အဓိက ပါဝင်ရမည့် အချက်များ အပါအ၀င် ဘုံသဘောတူညီချက် ၁၁ ချက်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အတည်ပြုလက်မှတ်ရေးထိုး ခဲ့ကြသည်။
ယင်းဘုံသဘောတူညီချက်များကို အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ညှိနှိုင်းရေးအဖွဲ့က အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရုံသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြန်လည်ရှင်းလင်းပြခြင်း၊ လိုင်ဇာညီလာခံသို့ တက်ရောက်ခြင်းမရှိသော အဖွဲ့များကိုပါ သွားရောက်ရှင်းလင်းညှိနှိုင်းခြင်းတို့ကိုပါ ဆောင်ရွက်သွားမည်ဖြစ်သည်။
“လိုင်ဇာမှာ တစ်သံတည်းဖြစ်သွားရင်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဆင်ပြေမယ်ထင်တယ်။ ဒုက္ခသည်တွေအတွက်လည်း ကောင်းသွားမယ်”ဟု အဝေးတစ်နေရာမှ ထင်းခွေရင်းပြန်လာသော စစ်ဘေးဒုက္ခသည်အမျိုးသမီးကို ငေးရင်းက ဦးဘရန်ရှောင်ကပြောသည်။
အစိုးရနှင့် အဓိကဆွေးနွေး နေရသည့် အချက်ဖြစ်သော အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်ရန် မည်သည်ကို အရင်ပြုလုပ်ရမည်ဆိုသည်မှာ ညှိနှိုင်း၍ရသည်။ ယင်းအတွက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်နိုင်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်များက ဆိုပါသည်။
သို့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် အစိုးရမှရည်မှန်းထားသည့် နိုဝင်ဘာလအတွင်းတွင် မဖြစ်နိုင်သေးဘဲ နှစ်ဖက်ကွဲလွဲချက်များကို ညှိနှိုင်းရန် အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော်လည်း လိုင်ဇာညီလာခံသည် တိုင်းရင်းသားများ၏ ညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး အကျိုးရလဒ်ကောင်းမွန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များက တညီတညွတ်တည်း ပြောခဲ့ကြသည်။
နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံအနေဖြင့် အဘက်ဘက်မှ နိမ့်ကျခဲ့ရသည်။ ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင် သာမက နိုင်ငံတစ်ဝန်းမှ အပြစ်မဲ့တိုင်းရင်းသားပြည်သူများစွာ အတိဒုက္ခရောက်ခဲ့ကြသည်။ ယခုအချိန်ထိလည်း တိုက်ပွဲများကြားမြေစာပင် ဖြစ်နေဆဲဖြစ်သည်။
သမိုင်းဝင်လိုင်ဇာညီလာခံ မြစ်ကြီးနားဆွေးနွေးပွဲမှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းနိုင်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု အားလုံးက မျှော်လင့်လျက်ရှိသည်။ သာမန်ပြည်သူများသာမက နှစ်ဖက်ရှေ့တန်းစစ်သည်များကပါ လိုင်ဇာညီလာခံရလဒ်များကို စိတ်ဝင်တစားဖြင့် သတင်းထောက်များအား စုံစမ်းမေးမြန်းခဲ့ကြသည်။ “အဆင်ပြေတယ်ဆို ၀မ်းသာတယ်။ မဟုတ်ရင် နေ့ရောညပါ စိုးရိမ်နေရတာ”ဟု မြစ်ကြီးနားနှင့် လိုင်ဇာကြားရှိ ရှေ့တန်းဂိတ်တစ်ခုမှ လက်မောင်းတွင် တပ်မ ၃၃ တံဆိပ် တပ်ဆင်ထားသော အစိုးရတပ်မတော်သားတစ်ဦးက သူ့အတွေ့အကြုံကိုဆိုသည်။ လိုင်ဇာမြို့ထဲတွင် လုံခြုံရေးယူထားသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ အသက် (၂၀)နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့အနေဖြင့် စစ်သားလုပ်ရသည်ကို ပျော်သော်လည်း ငြိမ်းချမ်းရေးရရှိပါက ပြည်သူများအတွက် ပို၍ကောင်းမည်ဟု ရှေ့တန်းတိုက်ပွဲတစ်ခုတွင် ရရှိခဲ့သော နဖူးစောင်းမှဒဏ်ရာကို ညွှန်ပြရင်းက ပြောပြသည်။ အားလုံးစိတ်ဝင်စားနေကြသော လိုင်ဇာညီလာခံမှာ နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြီးစီးခဲ့သည်။ တိုင်းရင်းသားအဖွဲ့များ၏ ဘုံသဘောထားတူညီချက်များကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အစိုးရနှင့် ဆက်လက်ညှိနှိုင်းကြမည်ဖြစ်သည်။
“လိုင်ဇာသဘောတူညီချက်ကို ထောက်ခံပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များ ကျန်းမာပါစေ” လိုင်ဇာညီလာခံမှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို ဒေသခံပြည်သူသောင်းနှင့်ချီကာ တိုင်းရင်းသားအလံများ ဝှေ့ယမ်း၍ ကြိုဆိုနေကြသည့်မြင်ကွင်း ဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များနှင့် ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ မြစ်ကြီးနား မဂျွယ်ခန်းမတွင် သမိုင်းဝင်တွေ့ဆုံကြခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့တို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြသည့် မှတ်တိုင်တစ်ခုလည်းဖြစ်သည်။
နိုဝင်ဘာ ၄ ရက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲ ပထမနေ့ အပြီးတွင် တိုးတက်မှုများ ရှိပြီး ရလဒ်ကောင်းကို မျှော်လင့်ထားကြ သည်ဟု နှစ်ဖက်ခေါင်းဆောင်များ ကဆိုသည်။ သို့သော် အပစ်အခတ်ရပ်စဲရေး အတွက် လိုင်ဇာသဘောတူညီချက်နှင့် အစိုးရမူဘောင် တို့ကိုမူ ဆက်လက်ညှိနှိုင်း သွားကြရမည်ဟုလည်း ပြောရေးဆိုခွင့်ရှိ သူများက ဆိုသည်။ သမိုင်းမှတ်တိုင် များဖြစ်သော လိုင်ဇာညီလာခံ၊ နိုဝင်ဘာ မြစ်ကြီးနား ဆွေးနွေးပွဲများအပြီးတွင် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် ညှိနှိုင်းအဖြေရှာနိုင်ကြလိမ့်မည်ဟုလည်း ဒေသခံပြည် သူများက မျှော်လင့်နေကြသည်။
လက်နက်ကိုင်ပဋိပက္ခများကြားတွင် မြေစာပင်ဖြစ်ခဲ့ကြရသော ပြည်သူများအတွက် တစ်ဖက်နှင့်တစ်ဖက် အလျှော့ပေးသင့်သည်များကို လျှော့ပေးကာ စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ကြရန်လိုသည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။ “ဆွေးနွေးတယ်ဆိုတာ ညှိနှိုင်းဖို့ပဲ။ ကိုယ့်ဘက်က ဖြစ်ချင်တာချည်းပဲ မရဘူး။ ပြည်သူတွေအတွက် အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ဒီဘက်က နည်းနည်းလျှော့၊ ဟိုဘက်က နည်းနည်းတိုး ဒီလိုညှိနှိုင်းသွားရင် အောင်မြင်လိမ့်မယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကဆိုပါသည်။
မြစ်ကြီးနားဆွေးနွေးပွဲ အပြီး ရလဒ်များကို ဆွေးနွေးဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကရင် အမျိုးသား အစည်းအရုံး(KNU) နယ်မြေ အတွင်း သီးသန့်ညီလာခံ တစ်ခုကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ လိုင်ဇာ ညီလာခံတွင် ပါဝင်ခြင်းမရှိခဲ့သော “၀”အမျိုးသားသွေးစည်း ညီညွတ်ရေးတပ်မတော် (WWSA)၊ မိုင်းလားအဖွဲ့ (NDAA)တို့ကိုလည်း ယင်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြား သွားမည်ဖြစ်သည်။ ။

No comments:

Post a Comment