Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

သိန်းတစ်ထောင်ကျော်ဖိုး ဖောက်ထွင်းသူ လူငယ်သုံးဦးကို ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်မြို့လယ် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်း၊ အမှတ် (၇) ရပ်ကွက်တွင် နိုဝင်ဘာလ ၅ ရက် နံနက် ၃ နာရီခန့်က အငြိမ်းစား ဗိုလ်မှူးတစ်ဦး၏ အိမ်၌ လက်ဝတ်ရတနာများနှင့် ငွေများ အပါအဝင် ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ခိုးယူသူ လူငယ်သုံးဦးကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

တပ်မတော်သား (အငြိမ်းစား) အသက် ၇၅ နှစ်ရှိ ဦးမောင်ကျော်က အဆိုပါနေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အိပ်ရာမှ နိုးလာစဉ် အိမ်နောက်ဖေးတံခါး ပွင့်နေပြီး အိမ်ထဲ၌ ပစ္စည်းများ ပြန့်ကျဲ နေသောကြောင့် အိမ်တွင် လိုက်လံစစ်ဆေးရာ အိပ်ခန်းထဲရှိ သံသေတ္တာဖြင့် သိမ်းဆည်းထားသော ကျပ်သိန်း ၁၀၀ နှင့်အတူ စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲနှင့် ရွှေထည် လက်ဝတ်ရတနာပစ္စည်း ၂၉ မျိုးနှင့် ဆင်းမ်ကတ်ပါ လက်ကိုင် ဟန်းဖုန်းတစ်လုံး ပျောက်ဆုံးနေသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ၎င်းကပြောကြားသည်။

ယင်းနေ့ နံနက် ၇ နာရီခန့်တွင် အမှတ် (၂) ရပ်ကွက် အနော်ရထာလမ်းရှိ Ocean မှတ်တိုင်၌ မသင်္ကာဖွယ် လူငယ်သုံးဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်သိ ပြည်သူတစ်ဦးက ရဲစခန်းသို့ သတင်းပေးမှုကြောင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ရှာဖွေစစ်ဆေးခဲ့ရာမှ ခိုးယူမှု ပေါ်ခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှူး ဒုရဲအုပ်မောင်မျိုးက ရှင်းလင်းပြောကြားသည်။
“ကောင်လေး သုံးယောက်လုံးက ငယ်ငယ်လေးတွေ။ စစ်ဆေးလိုက်တော့ လက်ဝတ်ရတနာက ၂၄ မျိုးနဲ့ ငွေက ၃၇ သိန်းပဲ ပြန်ရတယ်။ ကျန်တဲ့ပစ္စည်းတွေက ဘယ်ရောက်သွားလဲ ဆိုတာကိုတော့ စခန်းမှာ စစ်ဆေးဆဲ ရှိသေးတယ်” ဟု အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ဆိုသည်။

သိန်း ၁၀၀၀ ကျော်ပစ္စည်းများ ဖောက်ထွင်းခံရမှုကို နာရီပိုင်းအတွင်း ဖမ်းမိနိုင်ခြင်းမှာ ပြည်သူနှင့်ရဲ လက်တွဲကာ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း မြို့နယ်တိုင်းတွင် ရပ်ကွက်တွင်း မှုခင်းကျဆင်းရေး ဟောပြောပွဲများ ပြုလုပ်ခြင်းကြောင့် ပြည်သူများ တာဝန်သိလာရာမှ သတင်းပေးကာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိလာသည်ကို ဂုဏ်ယူမိကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ရဲမှူးသိန်းရှိန်က ဆိုသည်။

အဆိုပါ ခိုးယူသူများဖြစ်သော သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် ထိန်လင်း၊ ဒေါပုံမြို့နယ် ကျည်စု ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် ကျော်စန်းဦး (ခ) ထိန်လင်းနှင့် ပဲခူးတိုင်း ဇောင်းတူမြို့နယ်ခွဲ တိုက်ကြီး ကျေးရွာတွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် စိုးမင်းထွေးတို့ သုံးဦးကို ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းက (ပ) ၂၄၀/၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လူငယ်သုံးဦးမှာ ၂၀၁၂ ခုနှစ်တွင်းက ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးအနီး ဖောက်ထွင်း ခိုးယူမှုဖြင့် ပြစ်ဒဏ် ကျခဲ့ပြီး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည်မှာ လပိုင်းတွင်းသာ ရှိကြောင်း အဆိုပါ ရပ်ကွက်တွင်းထံမှ သိရှိရသည်။

No comments:

Post a Comment