Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက်Y

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက်Y

အခုတလော မယ်စင်္ကြ၀ဠာအလှမယ်မိုးစက်ဝိုင် နဲ့ ပတ်သက်ပြီး အင်တာနက်အွန်လိုင်းတွေမှာ ဗွက်ထနေအောင် ကိုယ့်အမြင် သူ့အမြင်အလုအယက်ဝေဖန်နေကြတာတွေ့တော့ ကျနော်လည်း ကိုယ့်အယူအဆလေး ပြောချင်လာတာကို သီးခံပေးပါ။တကယ်တော့ မိုးစက်Yရဲ့ အလှအပနဲ့တိုင်းပြည်ဂုဏ်ဆောင်မဲ့ လုပ်ရပ်ကိုအငြင်းပွားစရာမရှိပါ။ ပြောစရာတွေက မရှင်းမရှင်း နိုင်ငံရေးနဲ့ ရပ်တည်မှုကိစ္စ၊  အကျိုးစီးပွားကိစ္စ၊ လူမျိုး ဘာသာခွဲခြားမှုကိစ္စ နဲ့အမျိုးသားရေးကိစ္စ နဲ့ သွယ်ဝိုက်လို့ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပတ်သက်နေတာပဲဖြစ်တယ်။


        မြန်မာပြည်ဟာ  တိုင်းရင်းသားအစုံ လူမျိုးစုံနေထိုင်ရာ တိုင်းပြည်တခုလည်းဖြစ်တယ်။ အသားအရောင်၊ အမျိုးဘာသာ အစုံမို့ ယဉ်ကျေးမှုစုံ ဖွံ့ဖြိုးရာ နေရာပဲ၊လူမျိုး ဇာတိ ဘယ်လိုကွဲကွဲ  ကိုယ့်နိုင်ငံသားတိုင်းတစိတ်တ၀ှမ်းတည်း ဖြစ်ရမဲ့ အယူအဆကိုလည်း ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတိုင်းနဲ့ ဥရောပတိုင်းတွေကပါလက်ခံကျင့်သုံးနေတာပဲ။နော်ဝေးမှာဆို လူမျိုးစုံ၊ နိုင်ငံစုံ၊ အသားအရောင် ယဉ်ကျေးမှုအစုံကို လက်ခံထားသလို ဒါကိုကဂုဏ်ယူစရာတခုဖြစ်တယ်။ တခုတော့ရှိတယ်၊ ဒီနိုင်ငံမှာနေထိုင်ရင်၊ ဒီနိုင်ငံသားဆိုရင် ဒီနိုင်ငံရဲ့ဘာသာစကားနဲ့ စာပေကို သာ အသုံးပြုရမယ်၊ တတ်ကြွမ်းရမယ်၊သက်ဆိုင်ရာ  မိခင်ဘာသာစကားတွေ သင်ကြားခွင့် သီးသန့်ရှိတယ်၊ တပါးနိုင်ငံကပြောင်းလာတာဆိုပြီးခွဲခြားမဆက်ဆံဘူး၊ဒါပေမဲ့ ဒီက နော်ဝေးစကားနဲ့ နော်ဝေးစာ မတတ်ရင်ဒီနိုင်ငံမှာ  ပညာသင်ခွင့်မရှိ၊ အလုပ်လုပ်ခွင့်မရ၊ လူမှုဆက်ဆံရေးမှာအဆင်မပြေဖြစ်မယ်။ ဥရောပ နိုင်ငံတိုင်း အဲလိုချည်းပဲ။ ဒါက နိုင်ငံအတွင်းမှီတင်းနေထိုင်သူတွေကိုထိမ်းချုပ်ထားတဲ့ အနှစ်သာရပါပဲ။ အရောင်ကွဲ၊ ဘာသာကွဲ၊ စကားကွဲ၊ ယဉ်ကျေးမှု အကွဲကွဲအပြားပြားတွေကို  ဒီနိုင်ငံသားဖြစ်ခွင့်နဲ့ ဒီနိုင်ငံမှာ နေထိုင်ရတဲ့သူ့စကား၊သူ့စာတွေက တပြေးညီညှိလိုက်တာဖြစ်တယ်။ ဒီနိုင်ငံသား ဒီစကား၊ ဒီစာတတ်သူတွေ နိုင်ငံရေးခေါင်းဆောင်လုပ်နေကြတယ်။အဖြူမဟုတ်လို့၊ မွတ်စလင်မို့လို့ဆိုပြီး လွှတ်တော်ထဲထိုင်ခွင့်မရတာမဟုတ်။ လူသားမျိုးနွယ်အားလုံးအတူတူပဲဘာမှ ခွဲခြားစရာမလိုဘူး။ ကျနော်တို့အားလုံး ဒီအတွေးအခေါ်ကို နှစ်ခြိုက်တယ်၊ လက်ခံတယ်။ကိုယ့်နိုင်ငံမှာလည်း အဲလို ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံက လူမျိုးစုံ၊ ဘာသာစုံ၊ အရောင်စုံဆိုတော့ ဂုဏ်ယူဖို့တောင်ကောင်းသေးတယ်၊ နဂိုရှိပြီးသားယဉ်ကျေးမှုအစုံအလင်နဲ့ အလှတရားဖြစ်တယ်။ပန်းအရောင်တမျိုးထဲ ထက်၊ ပန်းရောင်စုံအားလုံး တညီတညာတည်း စီထားရင်း ကြည့်လို့ လှနေတဲ့သဘောပဲ။ ဒါက လူမျိုးစုံဝါဒအပေါ်ထားရှိတဲ့ ကျနော်တို့ ၈၈မျိုးဆက် ပြည်ပရောက် တွေရဲ့ ခံယူချက်လို့ပြောရင် မမှားနိုင်ဘူး။


      အခု..တရုတ်လူမျိုးလို့ တိတိကျကျစွတ်စွဲခံနေရတဲ့ မိုးစက်Y ကိစ္စက အဲလို နိုင်ငံတခုထဲမှာ  လူမျိုးစုံ ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်တဲ့အတွေးအခေါ်အပေါ်ထိပါးတဲ့ အရာနဲ့ မသက်ဆိုင်ဘူး၊ အဲဒီ အစ်ရှုး မဟုတ်ဖူး။ မိုးစက်Y အစ်ရှုးကခရိုနီ ရေပေါ်ဆီတွေနဲ့ တချိန်က တိုင်းပြည်ခေါင်းဆောင်တွေ မရှင်းမရှင်း စီးပွားရေးကနေအခြေခံနေတာဖြစ်တယ်။ လူမျိုးရေး ဘက်ကကြည့်ရင် ခေတ်ကာလကိုက ကုလားတွေရဲ့ စီးပွားရေးနဲ့ ဘာသာရေး၊ လူမျိုးရေးကို တဖက်သပ် ချိုးနှိမ်နေတဲ့အချိန် ပေါ်လာတဲ့ အစ်ရှုးဖြစ်တယ်။ တနည်းပြောရရင် ဘက်မမျှဘူး။ လူမျိုးကွဲတာခြင်းအတူ၊ကုလားကို ဖိမယ်၊ တရုတ်ကို မြှောက်မယ်ဆိုတဲ့ မညီမျှတဲ့ လူသားမဆန်တဲ့ အလေ့အထတွေ ခေါင်းထောင်နေတဲ့အချိန်ဖြစ်တယ်။တရုတ်မယ်လေး လို့ သတ်မှတ်ခံနေရတဲ့ မိုးစက်Yရဲ့ အလှအပ၊ အချိုးအဆက်၊ အပြေအပြစ် နဲ့ ဥာဏ်ရည်တွေပေါ် ဆုရွေးချယ်ရေးအဖွဲ့က ကွက်ကွက်ကြည့်ပြီး ရွေးချယ်တာကို အပြစ် မြင်စရာလို့ မထင်ရပေမဲ့သူ့ရဲ့ နောက်ခံအခြေအနေနဲ့ သူနဲ့ ယှဉ်ပြိုင်ဘက် နောက်ခံတွေ အပြင်၊ နိင်ငံရေး အခြေအနေကိုမတွက်ဆ လိုက်တာက အများဝေဖန်စရာဖြစ်နေတာပါ။ မိုးစက်Yဟာ  မိဘ၂ပါးလုံးတရုတ် လူမျိုးတွေဆိုပေမဲ့ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာပညာသင် ကြီးပြင်းသူတယောက်ဖြစ်တယ်။သူဟာ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တယ်။ နှင်းနှင်းခိုင် ကုမ္မဏီ ရဲ့ ဗီဗီအချိုရည် ပိုင်ရှင်တွေဆိုတော့ကြွယ်ဝတဲ့ လုပ်ငန်းရှင်တွေဖြစ်သလို စစ်တပ်ကြောရိုး ခရိုနီတွေ၊ အသိုင်းအ၀ိုင်းတွေနဲ့တနည်းမဟုတ် တနည်း ဆက်စပ်နေတဲ့ အကျိုးစီးပွားတော့ ရှိနေပါတယ်။



  ဒီကနေ့ မိုးစက်ဝိုင်ရဲ့ အစ်ရှုးက စစ်အာဏာရှင်ကြီးရဲ့မြေး လူရှေ့ထွက် မင်္ဂလာယူတဲ့ ပွဲကနေ အရှိန်ကြီးသွားတာပါ။ အကျိုးစီးပွားနဲ့ ဘက်ရွေးချယ်မှုပေါ်အခြေခံပြီး အများပြည်သူမကြေနပ်မှုတွေ အရှိန်ကြီးသွားတာပါ။ မိမိတို့ အတ္တအကျိုးစီးပွားသာကြည့်ပြီးပြည်သူတွေနဲ့ တိုင်းပြည်ကြီးတခုလုံးကို ကျွန်စုတ်တဲ့ သရက်စေ့ လို့ စုတ်ခြာမွဲတေ သွားအောင်လုပ်ခဲ့သလို ၂၁ ရာစုအတွင်း မြန်မာနိုင်ငံရဲ့ အမျိုးသားဇာတိမာန်နဲ့ ဂုဏ်သိက္ခာတွေပါ ကျဆင်းသွားအောင်လုပ်ခဲ့တဲ့ တချိန်က စစ်ခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေ မိသားစုအသိုင်းအ၀ိုင်းတွေကို ပြည်သူတွေက ဒီနေ့ထိ မျက်စိစပါးမွှေးစူးနေတုန်းပါ။ ပြီးတော့ ပြည်သူတွေကမွဲတေနေပေမဲ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်သယံဇာတတွေကို ဘနဖူးသိုက်တူးခဲံသူ( သိုက်တူးဖို့ ဆက်လက်ကြံရွယ်ဆဲ)ခရိုနီတွေတွေကိုလည်း ပြည်သူတွေက သူတို့ ဥစ္စာမတရား လုယက်ခိုးဝှက်သူတွေလို့ မကြေမနပ်ဖြစ်နေတာပါ။ဒီလို ပြည်သူအများစုရဲ့ စိတပိုင်းဆိုင်ရာ ခံစားမှုတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေး ရပ်တည်ချက်အမြင်တွေကို ထည့်မတွက်မိလို့ မိုးစက်Y တယောက်သတင်းစာရှင်းပွဲ လုပ်ရတဲ့အထိ ဖြစ်သွားတာပါ။
သတိထားကြည့်စရာတခုက မိုးစက်Y ကို ၀န်းရံနေတဲ့ အသိုင်းအ၀ိုင်း အင်အားစုတွေပါ။ ရေပေါ်ဆီလို့ အများက ခေါ်ဝေါ်ကြတဲ့တိုင်းပြည်မွဲပြီးသူဌေးဖြစ်နေတဲ့ ဂုဏ်သိက္ခာပဲ့ရွဲ့နေသူတွေက အဲဒီအလှမယ်ကို ချီးမြှောက်နေတာစဉ်းစားကြည့်ဖို့လိုတယ်။ ဒီအလှမယ်ကို ဘန်းပြပြီး သူတို့ရဲ့ စီးပွားရေးအတွက် မဲဆွယ်မဲ့လူမှုရေးအယောင်ပြ လှုပ်ရှားမှုတွေမှာ အသုံးချဖို့ သက်သက်ဖြစ်ပါတယ်။ တကယ်လို့ မိုးစက်မဟုတ်ပဲတခြားသူတို့ အသိုင်းအ၀ိုင်းက ဆွယ်လို့ရနိုင်တဲ့ တခြားအလှမယ်တယောက်ဆိုရင်လဲ သူတို့ဘက်ပါအောင်ဆွဲမှာပါဘဲ။ အလှမယ်တွေနဲ့ စီးပွားရေး ကင်ပိန်းလုပ်တာ နိုင်ငံတကာ စီးပွားရေးကုမ္မဏီတွေ၊လုပ်ငန်းရှင်ကြီးတွေ၊ နာမည်ကြီးချင်သူတွေရဲ့ လုပ်ထုံးလုပ်နည်းတွေပဲလေ..။ ကိုကျော်သူလိုလူမှုဝန်ထမ်းထူးချွန်သူတယောက်တောင် နန်းခင်ဇေယျာ ကို လူမှုရေးနယ်ပယ်ထဲပါလာအောင် အားထုတ်သေးတာပဲ။စစ်ခရိုနီအသိုင်းအ၀ိုင်းတွေက သူတို့ရဲ့ ပဲ့ရွဲ့ နေတဲ့ ဂုဏ်သိက္ခာတွေ ကို ပြန်ဆက်ပေးမဲ့သူဟာ မိုးစက်Y ဖြစ်လာလိမ့်မယ်လို့ တွက်ချက်ခဲ့ကြတယ်၊ ဒါကြောင့် ဖုံတက်နေတဲ့သူတို့ ဂုဏ်သိက္ခာကို ပြောင်စင်အောင် ပေါ်လစ်တိုက်ပေးဖို့ သူတို့ အသိုင်းအ၀ိုင်းထဲက မိုးစက်Y ကို အပြန်အလှန်အနေနဲ့  သိဒ္ဓိတင်ပေးကြတာဖြစ်တယ်။တကယ်တော့ မိုးစက်Yဟာ ခရိုနီတွေရဲ့ စီးပွားရေး တည်ကြက်ဆိုတာကိုလည်းသတိပြုမိဖို့လိုပါတယ်။


  နောက်တချက်က တိုင်းပြည်ရဲ့ သယံဇာတတွေကို ယခင် အာဏာရှင်တွေကောင်းစားစဉ်က သူခိုးဈေးနဲ့ ခတ်ပေါပေါရတုန်း နှစ်ရှည် စာချုပ်တွေချုပ်ပြီး ပေါချောင်ကောင်းအမြတ်ထုတ်နေတဲ့ အိမ်နီးချင်း တရုတ်ကို ပြည်သူတွေ စက်ဆုတ်ရွံရှာမုန်းတီးနေတဲ့ ပြဿနာပါ။အာဏာရှင်ဟောင်းတွေရဲ့ အမွေခံ ကြံ့ဖွတ်အစိုးရက ကျေးဇူးရှင်တွေလို အကာအကွယ်လုပ်ထားတာကလည်းလူထုဒေါသကို တမြေ့မြေ့ဖြစ်စေပါတယ်။ မြန်မာပြည်စီးပွားရေးတခုလုံးကို မောင်ပိုင်စီးထားသလို၊ကျင့်ဝတ်တွေပျက်ပြားပြီး စီးပွားရေး၊ နိုင်ငံရေး၊ အမြတ်ထုတ်နေတဲ့ တရုတ်နိုင်ငံကို အကြောင်းပြုပြီးပြည်တွင်းက တရုတ်အရင်းရှင်တွေကိုပါ မကြေနပ်စိတ်တွေရှိနေတာကို ကျနော်တို့ သတိပြုမိဖို့လိုပါတယ်။ အဲဒါ ပြည်သူတွေ ရင်ထဲ တမြေ့မြေ့လောင်နေတဲ့ မီးပွားကြီးတခုပါ။ အဲဒီမီးကိုတို့မိရှို့မိရင် ရခိုင်ပြည်က ရိုဟင်ဂျာလူမျိုးဆိုတဲ့ ပဋိပက္ခထက် ဆိုးတဲ့ စစ်မီးကြီး တောက်နိုင်တယ်။ တိုင်းပြည်ကိုအထက်အောက် ၂ခြမ်းခွဲ ဓားလယ်ခုတ်ထားသလို ဂက်စ်ပိုက်လိုင်းတွေနဲ့ ကတုတ်ကျင်းလုပ်ထားတဲ့တရုတ်တပ်တွေ သူတို့ အကျိုးစီးပွားနဲ့ ချည်းကပ်ဖို့ ကြံ့ဖွတ်အစိုးရက တံခါးဖွင့်ထားပြီးဖြစ်တယ်။အရင် အစိုးရ ဆင်ခြင်တွေးခေါ်မှုနဲ့၊ ဥာဏ်အမျော်အမြင်နည်းစွာ ငါးစာဟတ်မိခဲ့လို့ တိုင်းပြည်တခုလုံးတရုတ်ကျွန်ဖြစ်တော့မဲ့ ကိန်းကို ပြည်သူတွေက ရှင်းရှင်းကြီး မြင်သွားကြပါပြီ။ ဒါကိုမကြေနပ်ကြဘူး။ မိုးစက်Yကို မကြေနပ်တာထက် တရုတ်တွေ အရာရာ ကြီးစိုးနေတာကိုမနှစ်မြို့တာ၊ တရုတ်က ရေရှည်ရည်မှန်းချက်ထားပြီး ကျွန်ပြုစီမံကိန်းလုပ်နေတာ ကို မကြေနပ်လို့မယ်စကြာဝဠာလည်း တရုတ်မဖြစ်သင့်လို့ အော်ကြတာကို သဘောပေါက်အောင် ကြည့်သင့်တယ်။ တရုတ်လူမျိုးမုန်းတီးမှုဆိုတာထက် တရုတ် အစိုးရ၊ တရုတ်နိုင်ငံက မြန်မာပြည်သူတွေအပေါ် မတရားစီးပွားရေး၊နိုင်ံရေး အမြတ်ထုတ်မှုကို မကြေနပ်တာဖြစ်တယ်။ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီ ရရှိရေးလမ်းကြောင့်မှာအနှောက်အယှက်ကြီးကြီးတွေပေးခဲ့တယ်။ ဟိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအပါအ၀င်တကမ္ဘာလုံးက ကုလသမဂ္ဂ ကနေ စစ်အစိုးရကို အရေးယူဖို့ အားကျိုးမာန်တက် ဆောင်ရွက်နေစဉ်မှာတရုတ်အစိုးရက အထွေထွေညီလာခံမှာ ဗီတိုအာဏာသုံးပြီး အကြိမ်များစွာ ပယ်ချခဲ့တယ်။ မြန်မာ့နိုင်ငံရေးကိုစစ်အစိုးရကျောရိုးအဖြစ် ဗြောင်ကျကျစွက်ဖက်ခဲ့တယ်။ သူ့ရဲ့ အကျိုးစီးပွားသက်သက်သာကြည့်ပြီးမြန်မာပြည်သူတွေ စီးပွားချို့တဲ့၊ ပညာချို့တဲ့၊ ဒီမိုကရေစီကင်းမဲ့မှုတွေ မြင်ပေမဲ့ ဂရုမစိုက်တဲ့အထိလူသားကျင့်ဝတ်ရော၊ အစိုးရ ကျင့်ဝတ်ပါ ပျက်ခဲ့တယ်။ အနှစ်၂၀ကျော် မြန်မာပြည်ကို ရေစုန်မျော်နေတာကြည့်ပြီးအမြတ်တွေထုတ်ခဲ့တယ်။ ဒီနေ့ထိ တောင်တွေဖြို၊ တောတွေရှင်း၊ မျိုးရိုးစဉ်ဆက်ထိ သေရာပါဒါဏ်ရာဒါဏ်ချက်တွေရအောင် ကျနော်တို့ အိမ်နီးချင်း တရုတ်နိုင်ငံက ပါးပါးလှီးခဲ့တယ်။ဒီကနေ့ မိုးစက်Yတရုတ်မ ဖြစ်လို့ ဆန့်ကျင်တာထက် တရုတ်လူမျိုးတွေနဲ့တရုတ်ပြည်က မြန်မာပေါ် မတရားခဲ့တဲ့ အနာဟောင်းတွေ ပြန်ပေါ်တာဖြစ်တယ်။ အနာပေါ် ဒုတ်ကျသွားတာဖြစ်တယ်။ဒါဟာ.. နိုင်ငံရေးကမြစ်ဖျားခံတဲ့ စီးပွားရေး၊ လူမှုရေး လက်ဝါးကြီးအုပ်မှု ကို ပေါက်ကွဲပြနေတာလို့ရှင်းရှင်းလင်းလင်း မြင်ကြဖို့လိုတယ်။


ကျနော်တို့တတွေက မြန်မာပြည်ဘွားတရုပ်မချောချောလေးတယောက်မြန်မာဂုဏ်ဆောင်ပြီး စင်္ကြာဝဠာမယ်ပြိုင်ပွဲနွဲမှာကို လက်ခုတ်တီးပါတယ်။ ကြေနပ်ရမှာပါ။ဒါပေမဲ့ရာစုနှစ်ဝက်ကျော်လောက်အကြာ ပထမဆုံးပေါ်လာတဲ့ မြန်မာ့မယ်စင်္ကြာဝဠာဟာ တရုတ်လူမျိုးစစ်စစ်ဖြစ်တယ်လို့တရုတ်နိုင်ငံကပါ ကြွားလုံးထုတ်နေတာကိုမြန်မာပြည်သူတွေက ခံပျင်းပါတယ်။ တချို့ကဒီနေရာမှာ  မြန်မာတိုင်းရင်းသူတယောက် ဖြစ်ရင် ပိုကောင်းမယ်လို့အယူအဆရှိကြပါတယ်။ မြန်မာမယ်ဟာ တရုတ်လူမျိုးဖြစ်နေတာက တရုတ်ကိုလိုနီနယ်ချဲ့မှုကို သက်သေပြနေသလိုပါပဲ..လို့ဝေဖန်ကြတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာကို ပြသနေတာလို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ်ပြည်သူတွေအကျိုးစီးပွားအပေါ်မျက်နှာမူသူတွေ အနေနဲ့ ပြည်သူတွေခံစားမှုကို နားလည်စာနာပေးရပါ့မယ်။


  ဒီတော့ မိုးစက်Y ဘယ်ဘက်ကို ရွေးပြီး ဘယ်လမ်းကို လျှောက်အုံးမလဲဆိုတာပဲစောင့်ကြည့်ရအုံးမှာပါ။ ပြည်သူတွေကတော့ သူတို့သဘောဆန္ဒတွေကို ရှင်းရှင်းလင်းလင်းပြနေပါပြီ။သေချာတာက လူပေါင်းမှားနေလို့ အားပေးထောက်ခံမှု လျှော့ကျနေတာပါပဲ။ ဖြူချင်ဖြူ၊ မဖြူချင်မဲဆိုတဲ့  ပြည်သူ့ဘက်နဲ့ ငွေရှင် ဓနရှင်တွေဘက်ဆိုပြီးလွန်ဆွဲနေဆဲ ဖြစ်တဲ့ ဒီကနေ့ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်မှာ အလှမယ်လေး လှလှပပ လျှောက်တတ်ဖို့လိုပါတယ်။လောဘသားတွေရဲ့ ဒေါက်ဖိနပ်စီးပြီး ကက်ဝပ်ခ် လျှောက်မလား၊ ပြည်သူ့မေတ္တာ ဒေါက်မြင့်စီးပြီးပဲကြွကြွရွရွလေးလျှောက်မလားဆိုတာတော့  မိမိရွေးချယ်ခွင့်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ဘယ်ဖိနပ်စီးရင် သင့်တော်မယ်၊ လျှော်လဲမကျနိုင်ဘူး ဆိုတာကိုယ့်ဖာသာပဲ ရွေးချယ်ဆုံးဖြတ်ပါ။ ကျနော်တို့တတွေကတော့ မိုးစက်Y တယောက် မြန်မာပြည်သူတွေရဲ့နှလုံးသားစင်မြင့်ပေါ်မှာ ဒလိမ့်ခေါင်ကွေး ချော်မလဲစေပဲ ကက်ဝပ်ခ် လှလှလေးလျှောက်ရင်း  ပြည်သူ့မေတ္တာအလှသရဖူကို ဆွတ်ခူးနိုင်ဖို့သာ မျော်လင့်နေကြတာပါ..။

ကိုညို( အော်စလို)
(၁၀ အောက်တိုဘာ၂၀၁၃)

No comments:

Post a Comment