Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး

တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။

အခုဆိုင်ပေါ်မှာ ယှဉ်ရောင်းတော့ တကယ့်ငှက်ပျော အရင့်စစ်စစ်ကို သဘာဝအတိုင်း မှည့်ထားတဲ့ ငှက်ပျောသီးတွေလို ဇောင်းလေးတွေက ချော၊ အလယ်သားလေးတွေက မို့မို့ဖောင်းဖောင်း အစ်အစ်ကလေးမနေဘဲ ဇောင်းတွေကကြမ်း၊ အသားကလည်း သိပ်မပြည့် ချင်နဲ့ ဖြူဖြူဖွေးဖွေးရေဆေး ငါးနဲ့ မီးယပ်ပိန် မီးယပ်ခြောက်လို အသွင်အပြင်က ကွာချင်တိုင်း ကွာနေ တော့တာပေါ့ဗျာ။ ဒီကြားထဲ သူတို့က တစ်လုံးချင်း၊ နှစ်လုံးချင်းတဖြည်းဖြည်း မှည့်တော့ မိသားစုသိပ်မများတဲ့ အိမ်တွေဆို ငှက်ပျောတစ်ဖီးဝယ်ထားပြီး မှန်မှန်လေးစားသွားရင် အတော်ပဲ။ ကျုပ်တို့ကတော့ အားလုံးတစ်ပြိုင်တည်း မှည့်လိုက်တာ ဖီးကြမ်းဆိုတဲ့ နာမည်ကို ဖျောက်ပြီး တစ်ခိုင်လုံးရွှေ လို့တောင် နာမည်ပြောင်းဖို့ကောင်းသေး။

ခင်ဗျားတို့က ဆေးနဲ့မှည့်တဲ့ ငှက်ပျောသီးဆိုပြီး ကျုပ်တို့ကိုနှိမ်နေလို့ ပြောပြရဦးမယ်။ ကမ္ဘာမှာ နာမည်ကြီးပေ့ဆိုတဲ့ ငှက်ပျောသီးထုတ်လုပ်သူ တွေလည်း ဆေးအမျိုးမျိုးကို လိုသလိုသုံးကြတာပါပဲ။ တစ်နှစ်ကို ငှက်ပျောသီးတန်ချိန် နှစ်သန်းနီးပါးတင်ပို့တဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးကနေ ကမ္ဘာအရပ် ရပ်ကို အလွန်အမှည့်မြန်တဲ့ ကျုပ်တို့လို ငှက်ပျောသီးတွေကို မှည့်ခါနီးမှ ခူးပြီး တင်ပို့လို့ ဘယ်ရမလဲဗျ။ တချို့ အင်တာနက် စာမျက်နှာတွေမှာ ရေးထားတာ ကတော့ အပင်ကနေ အစိမ်းရောင်ရှိတုန်းမှာ ခူး၊ ဆေးကြောသန့်စင်၊ ပိုးသတ်။ နောက်ပြီး မြန်မြန်မမှည့်အောင် အညှာကို ကျောက်ချဉ်ပွတ်ပြီး ခပ်အေးအေးဖြစ်အောင် ထိန်းထားတဲ့ ကွန်တိန်နာတွေနဲ့ နိုင်ငံတကာကို တင်ပို့ကြသတဲ့။ တင်သွင်းတဲ့နိုင်ငံကို ရောက်မှ လေလုံအောင် ပြင်ဆင်ထားတဲ့ အခန်းတွေထဲမှာ ငှက်ပျောသီးတွေကိုထည့် အီသိုင်လင်း (Ethylene) ဆိုတဲ့ ဓာတ်ငွေ့လွှတ်ပြီး မှည့်အောင် လုပ်ကြသတဲ့။ မှန်ကန်တဲ့ ဓာတုပစ္စည်းသုံးပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ ငှက်ပျောသီးမှည့်အောင် လုပ်တာက ပြဿနာအရင်းအမြစ် မဟုတ်ဘူးဆိုတာကို ပြောချင်တာပါဗျာ။

ဒါဖြင့် ပြဿနာအရင်းအမြစ်က ဘာလဲဆိုရင် ကျုပ်က ကျုပ်ကိုဘယ်လို ဘယ်ပုံ ဆေးနဲ့မှည့်အောင် လုပ်ခဲ့သလဲဆိုတာကိုတော့ ပြောပြမှဖြစ်မယ်။ ကျုပ်တို့ကို အဖီးလိုက် ဆစ်ပိုင်းပြီး ပလတ်စတစ်ရေပုံးထဲကို စွတ်ခနဲနေအောင် နှစ်လိုက်တာပဲ။ ခဏလေးမှ ခဏလေးပါဗျာ။ အဲဒီရေနှစ်သဘင် ဆင်ယင်ပြီးတာနဲ့ ဒီအတိုင်း ချိတ်ဆွဲထားလိုက်။ တစ်ရက် နှစ်ရက်အတွင်း မှည့်တာပဲ။ ရေပုံးထဲမှာလား။ ဆေးပါတာပေါ့ဗျာ။ ဘာဆေးလဲဟုတ်လား။ ဘယ်သိမလဲဗျ ကျုပ်ကတရုတ်စာမှ မဖတ်တတ်တာ။ ရော့ဒီမှာ တံဆိပ်။ တွေ့လား အားလုံးက တရုတ်စာချည်းပဲ။ တိုက်ကြီးဈေးထဲက စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်တွေကို သွားပြီး ငှက်ပျောသီးမှည့်ဆေး လို့သာမေးလိုက်။ ခင်ဗျားက တို့ဆေး လိုချင်တာလား၊ စိမ်ဆေး လိုချင်တာလား ပြောလိုက်။ ဆိုင်ရှင်က ပေးလိမ့်မယ်။ ခင်ဗျားမကုန်မှာစိုးလို့ ဘူးလိုက် မဝယ်ချင်ရင် တစ်ရာဖိုး၊ နှစ်ရာဖိုး ဝယ်လည်း ရတယ်။ ရေထဲကို ဘယ်လောက်ထည့်ရမလဲ ဟုတ်လား။ မှန်းထည့်လိုက်ပေါ့ဗျာ။ တံဆိပ်ပေါ်မှာတော့ တရုတ်လို ရေးထားမှာပေါ့။ ဒါပေမဲ့ ကိုဖိုးသာတို့ လင်မယားလည်း တရုတ်လိုမှ မဖတ်တတ်တာ။ ကျုပ်တွေ့လိုက်တာကတော့ မခင်ညို ဆေးဘူးအဖုံးနဲ့ နှစ်ဖုံးစာ ရေပုံးထဲကို လောင်းထည့်လိုက်တာ တွေ့တာပဲ။

ဟိုတစ်လောကတော့ မနေနိုင်တဲ့ သူတစ်ယောက်က တရုတ်စာဖတ် တတ်တဲ့သူတွေကို အကူအညီ တောင်းပြီး အင်တာနက်ပေါ်မှာ ရှာလိုက်ဖွေလိုက်တော့ ဓာတုပစ္စည်းက 2-chloroethyl phosphoric acid လို့ခေါ်သတဲ့။ သူလည်း တရုတ်စာလုံးချင်းတိုက်ကြည့်ပြီးတော့ ယုံလိုက်တာပေါ့ဗျာ။ အပွင့် တွေအသီးတွေကို ကြီးထွားစေတဲ့ဆေး။ ဒီဆေးကို အဓိကအသုံးပြုတာက ဝါဆွတ်တဲ့အခါ လွယ်အောင်လို့တဲ့။ ချည်ဖြစ်လာမယ့် ဝါဖြူဖြူထွေးထွေး တွေက ဝါသီးတွေ အာလာတော့မှ အသီးထဲက ထွက်လာတာမဟုတ်လား။ သဘာဝအရ ဝါသီးအာအောင်စောင့်ပြီး ဝါဆွတ်ရင် အခင်းထဲကို ခဏခဏ သွားရတယ်။ အချိန်ကုန်တယ်။ လူပန်းတယ်။ အဲဒီတော့ ဝါသီးတွေ အများကြီး တစ်ချိန်တည်းအာအောင် ဒီဆေးကို အများဆုံးသုံးကြပါသတဲ့။ ဒီဆေးက အသီးပေါ်ဖျန်းပြီး ခဏနေတာနဲ့ အီသိုင်လင်း ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ မို့ ဆိုးဆိုးရွားရွား အန္တရာယ်တော့ သိပ်မဖြစ်ဘူးဆိုပဲ။ ဒါပေမဲ့ အတိုင်းအဆ မရှိ ဆေးပမာဏနဲ့ ရေထဲကိုရောချင်သလို ရောနေတာက မှားနေတယ်။ ဘူးထဲကဓာတုပစ္စည်းရဲ့ သန့်စင်မှုနှုန်း တို့ဘာတို့ မသိတာကလည်း အန္တရာယ်ကင်း မကင်း မသေချာမရေရာစေတဲ့ အချက်တွေပဲ။

ကျုပ်ပြောချင်တဲ့ ပြဿနာ အရင်းအမြစ်ဆိုတာက အဲဒါဗျ။ ဘယ်သူမှ မဖတ်တတ်တဲ့ တံဆိပ်နဲ့ ဒီဆေးတွေကို တရားဝင် ရောင်းဝယ်ဖောက်ကား နေတာကို ကျုပ်ကတော့ နားမလည်ဘူး။ ဆိုင်ပေါ်မှာရောင်းတဲ့ ပစ္စည်းတိုင်းဟာ အဲဒီဈေးကွက်ကို ကြီးကြပ်ကွပ်ကဲတဲ့ အာဏာပိုင် များဆီမှာ မှတ်ပုံတင် ထားတဲ့ မှတ်ပုံတင်နံပါတ် ပါရမယ် မဟုတ်ဘူးလားဗျ။ မှတ်ပုံတင်နံပါတ် တောင်မပါဘူး ဆိုတော့ အထဲကဓာတုပစ္စည်းက မှန်ကန်မှုရှိ မရှိ၊ သန့်စင်မှု ရှိ မရှိ ဘယ်လိုလုပ်ပြီး အာမခံနိုင်မလဲ။ နောက်ပြီး သုံးစွဲဖို့ အညွှန်းကရော ဘယ်လိုလုပ်ပြီး သိရမှာလဲ။ ဆေးကိုရေနဲ့ရောပြီး ဖျန်းတာက လယ်ကွင်းထဲက ဝါပင်တွေကိုလုပ်တာ။ အပင်ကခုတ်ထားတဲ့ ငှက်ပျောသီး ကျတော့
ရေထဲရောပြီး ဆေးဖျန်းတာက မှန်တာလား၊ ဒီဆေးထဲက အီသိုင်လင်းအငွေ့ ထွက်အောင် တစ်နည်းနည်းနဲ့ လုပ်ပြီး ငှက်ပျောသီးကို အငွေ့ပေးပြီး မှည့်အောင်လုပ်ရမှာလား။
အကြောင်းတစ်ခုခုကြောင့် ငှက်ပျောသီးအသားထဲ ဆေးတွေ စိမ့်ဝင်သွားခဲ့ရင် စားတဲ့သူကို ဥပါဒ်ဖြစ်စေမှာလား။ အဲဒါတွေကရော ဘယ်သူတွေက ညွှန်ကြားမှာတုန်း။
မပြောကောင်းမဆိုကောင်းဗျာ။ ငှက်ပျောသီးစားပြီး ဗိုက်နာလို့ ဆေးရုံရောက်တယ် ဆိုပါတော့။ ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိတာလဲ။ ဆေးစိမ်တဲ့ ကိုဖိုးသာနဲ့ မခင်ညိုလား။ ဒီဆေးကို ရောင်းလိုက်တဲ့ တိုက်ကြီး ဈေးထဲက စိုက်ပျိုးရေးပစ္စည်းဆိုင်ရှင်လား။ အဲဒီဆေးတွေကို လက်ကားဖြန့်တဲ့ သူလား။ ဒီဆေးတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကုန်သည်လား။ ဒီလို ပြဿနာအတွဲလိုက် မဖြစ်အောင် တာဝန်ယူ ထိန်းသိမ်းဖို့အတွက် အာဏာပိုင် အဖွဲ့အစည်းဆိုတာ ရှိရတာ မဟုတ်ဘူးလား။

ကျုပ်က ဒီလိုပြောတော့ အခုချက်ချင်း ဈေးထဲက မှတ်ပုံတင်နံပါတ် မပါတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ သွားသိမ်းပစ်မယ် လို့များ မလုပ်လေနဲ့နော်။ ဒီနည်းက အလုပ်မဖြစ်ဘူးဗျ။ ဒီလို ကောက်သင်းကောက်တဲ့ အလုပ်တွေက ရေရှည်မခိုင်မြဲဘူး။ ဒီတံဆိပ်ကို ဖမ်းရင် နောက်တံဆိပ်ကို တင်ရောင်းမှာပဲ။ ခေါင်ကနေ စပြင်ရမှာဗျ။ စနစ်ကို ခိုင်မာအောင် တည်ဆောက်ရမှာ။ ပြည်တွင်းထုတ်တဲ့ စိုက်ပျိုးရေးသုံးပစ္စည်း ဆိုရင် မှတ်ပုံတင်ဖို့၊ ပြည်ပက တင်သွင်းတာ ဆိုလည်း တင်သွင်းခွင့်ပြုတဲ့ နံပါတ်ပါအောင် စနစ်တကျလုပ် ပေးဖို့၊ နောက်တစ်ဆင့်က မှတ်ပုံတင်နံပါတ် သို့မဟုတ် တင်သွင်းကုန်နံပါတ် စတာတွေမပါဘဲနဲ့ ဈေးကွက်ထဲမှာ မရောင်းအောင် ကြပ်မတ်ဖို့ ဘက်ပေါင်းစုံက လုပ်မှ ကြာရှည်ခံတဲ့ စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင် မှာပေါ့။

ငှက်ပျောသီးက လူစကားပြောတယ်လို့ ပြောလည်း ခံရမှာပဲဗျာ။ ငှက်ပျောသီးက ငှက်ပျောသီးလို လှလှပပ တင့်တင့်တယ်တယ် စားတော်ပွဲထဲ မရောက်ရဘဲ၊ ဝါရာက ညိုလာတဲ့အထိ ဝယ်သူမရှိလို့ ဆန်မှုန့်နဲ့လူး၊ ဆီပူထဲ ထည့်ကြော်ခံရတဲ့ ငှက်ပျောသီးကြော်ဘဝ ရောက်ဖို့ရာ မြင်နေတော့ စိတ်တိုတိုနဲ့ ပြောမိတာပေါ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ရဲ့နောင်လာနောက်သား တွေတော့ သဘာဝအတိုင်း မှည့်ခွင့်ပေးကြပါဗျာ။

(မစိမ့်)
 

No comments:

Post a Comment