CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 21, 2013
ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို
ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရသဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။
သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြစ်မှုကို စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက နေပြည်တော် လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“ဘာအထောက်အထားမှတော့ မရသေးပါဘူး။ လက်ရှိက စုံစမ်းဆဲပါ။ တစ်ခုခုကို သိတယ်ဆိုရင် ဖော်ထုတ်လိုက်တာ ကြာပြီပေါ့။ ဒီဟာတွေက စုံစမ်းဆဲမို့ လောလောဆယ် ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ အမှုသည် ပျောက်ပျက်သွားမည့် အမှုမဟုတ်ကြောင်း၊ ရရှိသည့် အထောက်အထားများပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးနေပြီး အမှုမှန် ပေါ်ပေါက်မှု ရှိမရှိကို စုံစမ်းဆဲကာလတွင် ပြောကြား မရနိုင်သေးကြောင်း ၎င်းကဆိုသည်။
ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အမှု များစွာကျန်ရှိနေသေးကြောင်း၊ ယင်းသို့ မဖော်ထုတ်နိုင်ခြင်းမှာ မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံတွင်ပါ ကြုံတွေ့နေရကြောင်း ဒုတိယဝန်ကြီးက ပြောဆိုသည်။
ငွေကိုလေလိုသုံးသူဟု စာရေးဆရာ သော်တာဆွေက တင်စားရေးသား ရလောက်အောင် ချမ်းသာခဲ့သည့် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သမီးဖြစ်သူ အပါအဝင် သမက်၊ မြေးနှစ်ဦးနှင့် အိမ်ဖော်တို့ကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိနေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုအဖြစ် လူသိများခဲ့ပြီး အမှုစတင်ဖြစ်ပွားသည့် ၂၀၀၈ ခုနှစ်မှ ယနေ့အထိ ငါးနှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သော်လည်း တစ်စုံတစ်ရာ စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
The Voice Weekly
http://bigbbrown.blogspot.com/2009_07_12_archive.html
ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment