Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လိုင်ဇာတွင် တွေ့ဆုံမည်

မြစ်ကြီးနား၊ အောက်တိုဘာ ၁၂

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ မတိုင်မီ ကေအိုင်အိုနှင့် ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံး တရားဝင် တွေ့ဆုံပွဲကို ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ၌ အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင်များထံမှ သိရှိရသည်။

မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ကေအိုင်အိုဘက်မှ ယင်းကဲ့သို့ တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ကေအိုင်အို အလုပ်အဖွဲ့ရုံး၌ ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ဆွေးနွေးပွဲကို လိုင်ဇာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးပွဲ မတိုင်မီ ကေအိုင်အိုနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံကာ ကြိုတင် ညှိနှိုင်းကြခြင်း ဖြစ်ပြီး တိုင်းရင်းသားများဘက်မှ ဖိတ်ကြားပါက တက်ရောက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တစုတဝေးတည်း တရားဝင် တွေ့ဆုံခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ ကိုယ်စားလှယ် စိုင်းဘောင်ခေးက ပြောသည်။
“အခုလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တွေ့ဆုံဖို့ ကေအိုင်အိုက တင်ပြတာကို ထောက်ခံတယ်။ အပစ်ရပ်ဖို့အတွက် အားလုံးဝိုင်းပြီးတော့ ကြိုးစားရမှာပဲ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

လိုင်ဇာတွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့စီမှ ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ရန် လျာထားကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်က ပြောကြားသည်။

ကေအိုင်အိုအနေနှင့် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးပြီးပါက မကြာမီ အချိန်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့်ထပ်မံ တွေ့ဆုံသွားရန် အစီအစဉ် ရှိကြောင်း ကေအိုင်အိုထံမှ သိရှိရသည်။

No comments:

Post a Comment