Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ဘုရားသခင်၏ အမှုတော်ကို တိုက်ကွမ်ဒို ပညာဖြင့် ထမ်းဆောင်သူ


Thursday, October 17, 2013

ခရစ်ယာန် သီလရှင် တစ်ဦးဖြစ်သည့် စစ်စတာ လင်ဒါဆင်မ်သည် သီလရှင်ကျောင်း၌ ဘဝကို မြှုပ်နှံရန် ဆုံးဖြတ်လိုက်ချိန်တွင် သူမ၏ ဖြူလွသော တိုက်ကွမ်ဒို ဝတ်စုံနှင့် ခါးပတ်နက်တို့ကို အပြီးတိုင် သိမ်းဆည်းဖြစ်ခဲ့

ဘုရားသခင်၏ အမှုတော်ကို တိုက်ကွမ်ဒို ပညာဖြင့် ထမ်းဆောင်သူ
သူမသည် ဘုရားသခင်၏ အလိုတော်အရ တိုက်ကွမ်ဒိုကို စွန့်လွှတ်ခဲ့သည်။ ထို့နောက် ဘုရားသခင်၏ အလိုတော်အရပင် တိုက်ကွမ်ဒိုကို ပြန်လည် လက်ကမ်းခဲ့သူ ဖြစ်သည်။ ခရစ်ယာန် သီလရှင် တစ်ဦးဖြစ်သည့် စစ်စတာ လင်ဒါဆင်မ်သည် သီလရှင်ကျောင်း၌ ဘဝကို မြှုပ်နှံရန် ဆုံးဖြတ်လိုက်ချိန်တွင် သူမ၏ ဖြူလွသော တိုက်ကွမ်ဒို ဝတ်စုံနှင့် ခါးပတ်နက်တို့ကို အပြီးတိုင် သိမ်းဆည်းဖြစ်ခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ကင်ဆာရောဂါမှ သက်သာပျောက်ကင်းလာသည့် ကလေးငယ်များကို စိတ်ဓာတ် မြှင့်တင်ပေးရန် တိုက်ကွမ်ဒို အားကစားကို အားမာန်ပြင်းပြင်း သင်ပြပေးရင်း ပျော်ရွှင်လျှက် ရှိသည်။ "ဘုရားသခင်ရဲ့ မေတ္တာတရားဆိုတာ ကျမ်းစာတွေထဲက အကိုးအကာတွေ မပါဘဲနဲ့လည်း သက်ရောက်နိုင်တယ် ဆိုတာကို ကျွန်မ မျက်မြင် တွေ့ရှိနိုင်ခဲ့တာပေါ့လေ"ဟု လင်ဒါက မှတ်ချက်ပြုခဲ့သည်။

သူမသည် ငယ်စဉ်က သေးသေးညှက်ညှက် မိန်းကလေး တစ်ယောက်ဖြစ် ခဲ့ဖူးသည်။ စင်္ကာပူ စစ်တပ်တွင် ပါဝင်အမှုထမ်းလိုသော်လည်း လူကောင်သေးလွန်းသဖြင့် ငြင်းပယ်ခံခဲ့ရသည်။ "နောက်တော့ ကျွန်မ ရဲမေတစ်ယောက် ဖြစ်လာချင်တယ်။ လူတွေကို ကာကွယ်ချင်တယ်လေ"ဟု လင်ဒါက အမှတ်တရ ဆိုသည်။ သို့သော်လည်း ကိုယ်အလေးချိန် မပြည့်သဖြင့် ရဲတပ်ဖွဲ့တွင် အမှုထမ်းခွင့် မရခဲ့ချေ။ (၁၉၇၁)ခုနှစ်တွင်မူ လင်ဒါသည် သူမဘဝ၏ အကောင်းဆုံး အရာတစ်ခုကို တွေ့ရှိခဲ့သည်။ ယင်းမှာ ကိုရီးယားရိုးရား ကိုယ်ခံပညာဖြစ်သည့် တိုက်ကွမ်ဒို အားကစားပင် ဖြစ်သည်။ "တကယ်လို့ ကျွန်မက ခါးပတ်နက် အဆင့်မှာ ရှိနေပြီဆိုရင် တစ်ယောက်ယောက်ကိုတော့ အကာအကွယ် ပေးနိုင်မှာပဲ မဟုတ်လား"ဟု လင်ဒါက မေးခွန်းထုတ်သည်။ တကယ်လည်း သူမသည် ခါးပတ်နက်အဆင့် တိုက်ခိုက်ရေး ပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း လင်ဒါအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်မှာ သူမ၏ တတ်ကျွမ်းမှုကို လက်တွေ့ အသုံးချရမည့် အခြေအနေ မတွေ့ခဲ့ခြင်းပင်။ တိုက်ကွမ်ဒိုသည် လင်ဒါကို ခိုင်မာလေးနက်သော စိတ်ဓာတ်မျိုး ပိုင်ဆိုင်လာအောင် သွန်သင်ပေးခဲ့သည်။ သို့သော်လည်း လက်တွေ့ဘဝကိုမူ ဖန်တီးမပေးနိုင်ခဲ့ချေ။ ထို့နောက်တွင်မူ လင်ဒါသည် Franciscan Missionaries of the Divine Motherhood အဖွဲ့နှင့် ဆုံစည်းခွင့် ရခဲ့သည်။ ယင်းနောက်တွင်မူ လင်ဒါသည် မိဘများ၏ ဆန္ဒကို တွန်းလှန်ကာ ကက်သလစ် ခရစ်ယာန် သီလရှင် ဘဝကို ခံယူခဲ့သည်။ "ကျွန်မက တစ်ဦးတည်းသော သမီးလေ။ မိဘတွေကတော့ ကျွန်မကို အိမ်ထောင်ပြုပြီး မြေးလေးတွေ မွေးပေးစေချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဘဝကို ဘုရားသခင်အတွက် ပေးအပ်ဖို့ပဲ ရွေးဖြစ်ခဲ့ပါတယ်"ဟု လင်ဒါက ဆိုသည်။ သူမသည် သီလရှင်အဖြစ် ခံယူခဲ့သည့်နောက် တိုက်ကွမ်ဒို အားကစားကိုပါ စွန့်လွှတ်ထားလိုက်သည်။

လင်ဒါသည် သာသနာပြု အဖွဲ့ကြီး ရုံးစိုက်ရာ ဗြိတိန်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ သည်။ "အင်္ဂလန်မှာ ကျွန်မ (၁၇)နှစ် နေခဲ့တယ်။ အာဖရိကမှာ (၃)နှစ်ကြာတယ်။ ဇင်ဘာဘွေက ဆေးရုံတစ်ရုံကို ကျွန်မ ဦးဆောင် ခဲ့တုန်းကပါ"ဟု လင်ဒါက ရှင်းပြခဲ့သည်။ ထို့နောက်တွင်မူ သူမ၏မိခင် အယ်လ်ဇိုင်းမားရောဂါ ခံစားနေရကြောင်း သတင်းကြားရသည့်အတွက် (၂၀၀၄)ခုနှစ်တွင် စင်္ကာပူသို့ လင်ဒါတစ်ယောက် ပြန်လည် ရောက်ရှိလာ ခဲ့သည်။ မိခင်ကို ပြုစုပေးရန် ဆုံးဖြတ်ခဲ့သည့် လင်ဒါတစ်ယောက် သူမကိုယ်တိုင် ဆယ်စုနှစ် သုံးခုကျော်မျှ ဝေးကွာနေသည့် တိုက်ကွမ်ဒို အားကစားကို မည်သည့်နေရာတွင် အသုံးချသင့်ကြောင်း အဖြေရှာတွေ့သွားခဲ့သည်။ မောင့်အယ်လ်ဗာနီးယား ဆေးရုံသည် စင်္ကာပူ တိုက်ကွမ်ဒို အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ အစီအစဉ်တစ်ရပ် လုပ်ဆောင်လျှက် ရှိသည်။

"ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကလေးတွေဟာ လှေခါးနဲ့မြွေ ကစားနည်းမျိုးနဲ့တင် ပိတ်မိနေတယ်။ ဆေးရုံက ဝန်ထမ်း တစ်ယောက်က အားကစားသင်တန်း တစ်ခုခု ပို့ချနိုင်ရင် ကလေးတွေအတွက် အကျိုးရှိမယ်လို့ အကြံပေးခဲ့ပါတယ်။ နောက်ဆုံး ကျွန်မတို့က အကူအညီပေးဖို့ သဘောတူညီခဲ့တယ်လေ"ဟု တိုက်ကွမ်ဒို အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး မင်ဝမ်က ပြောကြားခဲ့သည်။ လင်ဒါသည် မိခင်၏ ကျန်းမာရေးအတွက် ဆေးရုံသို့ ဝင်ထွက်သွားလာရင်း အဆိုပါ သင်တန်းလေးအကြောင်း သိရှိသွားခဲ့သည်။ ထို့အတူ သူမ၏ ပင်ကိုယ်ပါရမီကို မည်သည့်နေရာတွင် အသုံးချရမည်ကို ချက်ချင်း သဘောပေါက်သွားသည်။

ယခုအခါ လင်ဒါသည် ဆေးရုံမှ လူငယ်လေးများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့် တိုက်ကွမ်ဒို သင်တန်းဆရာမ တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိသည်။ "စစ်စတာ တစ်ယောက် အနေနဲ့ ကျွန်မချန်ထားခဲ့တဲ့ ဘဝနဲ့ ပြန်ဆုံဆည်းဖို့ အကြောင်းဖန်လာပြီလေ"ဟု လင်ဒါက ပြောကြားခဲ့သည်။ လင်ဒါ၏ အပတ်စဉ် သင်တန်းတွင် သင်တန်းသား (၂၀)မျှ ရှိသည်။ အားလုံးမှာ ငယ်ငယ်ရွယ်ရွယ် ကလေးများဖြစ်ပြီး ကလေးဘဝက ဦးနှောက်တွင် အကြိတ်ဖြစ်ပေါ်မှု၊ သွေးကင်ဆာ ရောဂါတို့ကဲ့သို့ ဆိုးရွားသော ပြဿနာများ ကြုံခဲ့ဖူးသူများချည်း ဖြစ်ကြသည်။ သင်တန်းသား အားလုံးတို့သည် ၎င်းတို့ ချစ်ခင်လေးစားသည့် ဆရာမ၏ သင်ပြမှုအောက်တွင် စိတ်အားထက်သန်စွာ လေ့ကျင့်လျှက် ရှိသည်။

လင်ဒါ၏ လက်ဦးတပည့် တစ်ဦးဖြစ်သည့် နော်ဝေဟော်သည် အသက်(၁၂)နှစ် အရွယ်တွင် ဦးနှောက်တွင်း အကြိတ်တွေ့ရှိခဲ့သည်။ ဆရာဝန်များက ၎င်းသည် (၆)လထက် အသက်မရှင်နိုင်တော့ဟု ကောက်ချက်ချခဲ့သည်။ "သူ့ကိုကျွန်မ စတွေ့တုန်းက ကောင်လေးက ဘီးတပ် ကုလားထိုင်ပေါ်မှာလေ။ သူ့အသက် (၂၁)နှစ် ရောက်လာတော့ ထောက်ခုံလေးနဲ့ လမ်းလျှောက်နေတယ်။ အသက်(၂၃)နှစ်မှာ တုတ်တစ်ချောင်းနဲ့ လမ်းလျှောက်နေတယ်။ ခုဆိုရင် သူက ဘာအကူအညီမှ မလိုဘဲ ကိုယ့်ဖာသာ ရပ်တည်နိုင်ခဲ့ပြီ"ဟု လင်ဒါက ဝံ့ကြွားစွာ ပြောဆိုသည်။ ရောဂါကြောင့် အတန်ငယ် နားထိုင်းပြီး မျက်စိမှုန်နေသည့်တိုင် လင်ဒါ၏ သင်ပြမှုဖြင့် ဝေဟော်သည် ယမန်နှစ်က တိုက်ကွမ်ဒို ခါးပတ်နက်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

လင်ဒါက "သူတို့ နာမကျန်း ဖြစ်နေကြတယ် ဆိုပေမယ့် ကလေးတွေက အကောင်းဆုံးဖြစ်အောင် ကြိုးစားလေ့ ရှိကြတယ်။ ဒါဟာ သူတို့ဘဝမှာ အပြည့်ဝဆုံး အဓိပ္ပါယ် တစ်ခုလို့ တွေးတောကြလို့ ဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာဖြစ်ဖြစ် တိုက်ကွမ်ဒိုသင်ဖို့ သူတို့ အမြဲတမ်း တက်ကြွနေတတ်တယ်"ဟုလည်း ပြောကြားခဲ့သည်။ တိုက်ကွမ်ဒို အဖွဲ့ချုပ်သည်လည်း ဆေးရုံတွင် သင်တန်းပေးခြင်းထက် ကျော်လွန် ကာ နေအိမ်များရှိ နာမကျန်း ကလေးငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒို သင်တန်း ဖွင့်လှစ်ပေးခြင်းမျိုးကို တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ အသက်(၅၇)နှစ် ရှိပြီဖြစ်သော လင်ဒါက သီလရှင် တစ်ပါးအနေဖြင့် တိုက်ကွမ်ဒို ဆရာမအဖြစ် ခံယူချက် ထားရှိခြင်းကို လိပ်ပြာမသန့်ခြင်းမျိုး လုံးဝမရှိဟု ဆိုသည်။

Planet Myanmar Network

No comments:

Post a Comment