Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 25, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်မဟုတ်ဟု ဦးရွှေမန်းဆို


နေပြည်တော်၊ အောက်တိုဘာ ၂၄

တပ်မတော်အစိုးရက ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ကာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတကာ မီဒီယာများကို ပြောကြားခဲ့သည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
“ဒီစကားဟာ လူကြီးလူကောင်း တစ်ယောက် ပြောတဲ့စကား ဖြစ်တဲ့အတွက် အင်မတန်မှ တည်ကြည်ပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၎င်း၏ ဗြိတိန် ခရီးစဉ်အတွင်း နိုင်ငံတကာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြော ကြားထားသည်။
“ဒါကတော့ သမ္မတကြီးရဲ့ သဘောထားပါ။ ဘီဘီစီနဲ့ အင်တာဗျူးမှာလည်း ဖြေထားပြီးပါပြီ၊ ကျွန်တော် ဘာမှမှတ်ချက်ပေးလို့ မရပါဘူး” ဟု နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကိစ္စသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်ရိုက် ပြောကြားခြင်း မဟုတ်သည့်အတွက် အတည်ဟု ယူဆ၍ မရနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခံလိုကြောင်း ၎င်း၏ အမေရိကန်ခရီးစဉ် အတွင်း ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် အမည်စာရင်း တင်သွင်းပြီး သမ္မတအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

No comments:

Post a Comment