Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

ပုဂံတွင် ဂျာမနီနိုင်ငံသူနှစ်ဦး လုယက်ခံရ

ပုဂံမြို့၏ ခရီးသွားရာသီအစဖြစ်သော အောက်တိုဘာလတွင် လာရောက်လည်ပတ်သည့် ဂျာမနီနိုင်ငံသူနှစ်ဦး၏ပစ္စည်းများ လုယူခံရပြီး ယခုနှစ်တွင် ပုဂံညောင်ဦးသို့လာရောက်သော ခရီးသွားများထံမှ ပစ္စည်းလုယူမှု ရှစ်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အောက်တိုဘာ  ၁၃ ရက် ည ၇ နာရီက  ရှုခင်းများကြည့်ပြီး ဟိုတယ်သို့ စက်ဘီးစီးပြန်လာသော ဂျာမနီနိုင်ငံသူနှစ်ဦးထံမှ စိမ်းညက်ညီအစ်မဘုရားအနီး၌  ဆိုင်ကယ်စီးသမားတစ်ဦးက ပစ္စည်းများ   လုယူသွားကြောင်း သတင်းရရှိသည်။ ပစ္စည်းလုယူမှုကြောင့် ကင်မရာနှစ်လုံး၊ ဒေါ်လာတစ်ရာ၊ မြန်မာငွေနှစ်သောင်း၊ ဈေးဝယ်ကတ် တစ်ကတ် ပါသွားကြောင်း သတင်းရရှိသည်။ 

အောက်တိုဘာလသည်    ပုဂံမြို့၏   ခရီးသွားရာသီအစလဖြစ်ကြောင်း   ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန (ပုဂံ)မှ တာဝန်ခံဦးတင့်ဝေက   ပြောကြားသည်။
““ပစ္စည်းလုယူခံရတာဟုတ်ပါတယ်။ တရားခံကို အမြန်ဆုံး ရှာနေပါတယ်။ ဂျာမနီနိုင်ငံသူနှစ်ဦးပါ။ သူတို့ကအမှုတော့ မဖွင့်သေးပါဘူး””ဟု ပုဂံမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီအတွင်း စက်ဘီးဖြင့်လှည့်လည်နေသော ကမ္ဘာလှည့်ခရီးသွားများထံမှ ပစ္စည်းလုယူမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မတ်လတွင် တစ်ကြိမ်နှင့်   မေလတွင် တစ်ကြိမ်၊ ဇူလိုင်လတွင်  တစ်ကြိမ်၊ သြဂုတ်လတွင်တစ်ကြိမ်  ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ဇူလိုင် ၁၆ ရက်တွင် ပုဂံညောင်ဦးမြို့ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
““ဟိုတယ်လုပ်ငန်းရှင်တွေက စီးပွားရေးကျလာလုပ်ပြီး လမ်းမီးတွေလင်းအောင်တော့ ဘာမှလုပ်မပေးဘူး။ ခုဖြစ်တဲ့နေရာလည်း လမ်းမီးမရှိပါဘူး””ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ၊ ပုဂံဒေသတွင်း ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ဝေဖန်ပြောကြားသည်။

သြဂုတ် ၃ ရက်က ပုဂံ ညောင်ဦးမြို့ ဆူးလေကုန်းအုပ်စု ဘုရားများအနီး၌ ပြင်သစ်နိုင်ငံသူတစ်ဦးကို တုတ်ဖြင့်ရိုက်၍ ပစ္စည်းများလုယူသွားသောတရားခံကို ဖမ်းဆီးခဲ့ပြီး လုယက်မှုရှစ်ကြိမ် ဖြစ်ပွားရာတွင် သုံးမှုတွင်သာ တရားခံဖမ်းဆီးထားမိကြောင်း ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့(ပုဂံ)မှ သတင်းရရှိသည်။

ပုဂံညောင်ဦးဒေသ၏ ခရီးသွားရာသီကို အောက်တိုဘာလမှ မတ်လထိ သတ်မှတ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီး ဌာန(ပုဂံ)မှ တာဝန်ခံဦးတင့်ဝေကပြောသည်။ ပြီးခဲ့သည့်မိုးရာသီလများတွင်    ပုဂံညောင်ဦးဒေသသို့ ကမ္ဘာလှည့်ခရီးသွား   ၂၀၀ ၀န်းကျင်သာ လာရောက်သော်လည်း ယခုအောက်တိုဘာလဆန်းပိုင်း၌ ပုဂံဒေသသို့ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွား ၅၀၀ ၀န်းကျင် လာရောက်နေကြောင်း သတင်းရရှိသည်။ ပုဂံညောင်ဦးသို့ ယခင်နှစ်များက ကမ္ဘာလှည့်ခရီးသွား ရှစ်သောင်းဝန်းကျင်သာ လာရောက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ပုဂံညောင်ဦးဒေသသို့ ကမ္ဘာလှည့်ခရီးသွား ၁၆၂၉၀၃ ဦး လာရောက်ခဲ့သည်။

ယခုနှစ် ပုဂံညောင်ဦးဒေသသို့ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်နိုင်သောကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ပုဂံညောင်ဦးမြို့တွင် မတ်လအတွင်းက ခရီးသွားစောင့်ရှောက်ရေးရဲတပ်ဖွဲ့ ၃၂ ဦး ချထားပေးခဲ့ရာ ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကြောင့် ဇူလိုင် ၁၀ ရက် က ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ၂၂ ဦး တိုးမြှင့်ချထားပေးခဲ့သည်။ လက်ရှိ ပုဂံညောင်ဦးဒေသတွင် စုစုပေါင်း ရဲတပ်ဖွဲ့အင်အား ၆၄ ဦး ရှိနေသည်။ အဆိုပါခရီး သွားစောင့်ရှောက်ရေးရဲတပ်ဖွဲ့ တွင် အမျိုးသမီးရဲမေ ၃၂ ဦး ပါဝင်သည်။

7Day Daily

No comments:

Post a Comment