Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

ရပ်တော်မူ ရုပ်ပွားတော်ရှိသည့် သာသနာ့မြေကို မြို့သာစီမံကိန်းအတွင်း မထည့်ဟုဆို


မန္တလေး၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်နေသော မြို့သာစက်မှု ဥယျာဉ် စီမံကိန်း ဧရိယာနယ်မြေနှင့် ဆက်စပ် တည်ရှိသော ရာဇဝင် တောရ သာသနာ့မြေပေါ်ရှိ ရပ်တော်မူ ရုပ်ပွားတော် ဖျက်သိမ်းခိုင်းသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသာသနာ့မြေကိုလည်း စီမံကိန်းတွင် ထည့်သွင်းမည် မဟုတ်ကြောင်း Royal Hi-Tech Company Group ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

အဆိုပါ ငါန်းဇွန်မြို့နယ် ရာဇဝင် တောရကျောင်းတိုက် ဆရာတော် ဦးဝိလာသနှင့် Royal Hi-Tech Company Group ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်တို့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တွေ့ဆုံစဉ် မီဒီယာသမားများရှေ့တွင် ၎င်းက အထက်ပါအတိုင်း ကတိပေး ပြောကြားခြင်း ဖြစ်သည်။
“ဘုန်းကြီးအနေနဲ့ ပြောစရာမရှိပါဘူး။ ကုမ္ပဏီဘက်က သာသနာ့မြေနဲ့ ပတ်သက်လို့ သတ်သတ်မှတ်မှတ် ဆောင်ရွက်ပေးမယ်ဆိုတော့ အဆင်ပြေပါတယ်” ဟု ရာဇဝင်တောရ ကျောင်းတိုက် ဆရာတော် ဦးဝိလာသက မိန့်ဆိုသည်။

ယင်းရာဇဝင် တောရသာသနာ့မြေမှာ ဧက ၅၀ ရှိပြီး ၂၂ ဧကမှာ သာသနာ့မြေ အမည်ပေါက်ကာ ကျန်ရှိသောမြေများ အမည်ပေါက် ရရှိရေးအတွက် ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။

အဆိုပါ မြို့သာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော စက်ယန္တရားများ ရာဇဝင် တောရသာသနာ့ မြေပေါ်တွင် စက်တင်ဘာ လကုန်ပိုင်းခန့်က လာရောက် ရပ်နားခြင်းများကြောင့် ဒေသခံအချို့က ကန့်ကွက် တားမြစ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် နဝရတ်ကျေးရွာနှင့် ကျွဲဇိမ်ကျေးရွာ အကြားရှိ ရာဇဝင်တောရကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းဆရာတော် ဦးဝိလာသသည် ဉာဏ်တော်အမြင့် အတောင် ၁၀၀ ရှိ ရပ်တော်မူ ရုပ်ပွားတော်ကို ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်းက တည်ထားလျက်ရှိရာ ယခုအခါ မျက်နှာတော် အချောကိုင်သည့်အဆင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့အထိ အုတ်အလုံးရေ ၁၀ သိန်းခန့် ကုန်ကျပြီး ဖြစ်သကဲ့သို့ ရုပ်ပွားတော် တည်ထားရာတွင် ဒေသခံများ၊ လုပ်အား အလှူရှင်များ၏ လုပ်အားဒါနဖြင့် ဆောင်ရွက်နေပြီး နေ့စဉ် လုပ်အားအလှူရှင် ၅၀ ဦးမှ ၁၀၀ ဦးကျော် ရှိကြောင်း ရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင်ထံမှ သိရှိရသည်။

ယင်းရပ်တော်မူ ရုပ်ပွားတော် တည်ဆောက်ရေးတွင်လည်း ကုမ္ပဏီက အလှူငွေများ ထည့်ဝင်ရန် ရှိကြောင်း ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

No comments:

Post a Comment