Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

ဒီမိုကရေစီ လှုပ်ရှားမှု အထိမ်းအမှတ် သမိုင်းပြတိုက် တည်ထောင်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၄

အာဏာရှင် လက်အောက်သို့ ကျရောက်ခဲ့သည့် ၁၉၆၂ ခုနှစ် မတ်လမှ စတင်ကာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှု မှတ်တမ်းများ အားလုံးအတွက် သမိုင်းပြတိုက်တစ်ခု တည်ထောင်မည် ဖြစ်ကြောင်း ပြတိုက် ဖြစ်မြောက်ရေး ကော်မတီဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

အဆိုပါ အထိမ်းအမှတ် ပြတိုက်အတွက် ရန်ပုံငွေ ကျပ်သိန်းနှစ်ရာကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကျင်းပရေး ကော်မတီက မတည်ထားကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အထိမ်းအမှတ် ပြတိုက်တွင် ၁၉၆၂ ခုနှစ် မတ်လမှ ယနေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့မှု သမိုင်းပုံရိပ်များကို စုစည်းပြသမည် ဖြစ်ပြီး ယင်းအတွက် အချက်အလက် မှတ်တမ်းများကို ပေးပို့စေ လိုကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်က ပြောဆိုသည်။
“Monument တစ်ခု၊ အထိမ်းအမှတ် အဆောက်အအုံကြီး တစ်ခုထိဖြစ်အောင် ကျွန်တော်တို့ စဉ်းစားထားတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာတွင် တိုင်းပြည်တစ်ခုလုံး၏ အပြောင်းအလဲများကို မှတ်တမ်းတင်သည့် ဂျာမနီရှိ ဘာလင်တံတိုင်း ပြိုသည့် အထိမ်းအမှတ်ပြတိုက်၊ ဂျပန်နိုင်ငံရှိ အဏုမြူဒဏ် ခံခဲ့ရသည့် အထိမ်းအမှတ် ပြတိုက်များကဲ့သို့ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ဖြစ်လာရန် အတုယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ရှင်းပြသည်။

ဂျာမနီနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုကို အောက်မေ့ဖွယ် ဖွင့်လှစ်ထားသည့်
Holocaust အထိမ်းအမှတ် ပြတိုက်မျိုး ဖွင့်လှစ်နိုင်အောင်၊ အတိတ်ဖြစ်ရပ်များကို မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ၈၈ အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမိုးသီးဇွန်က မှတ်ချက်ပြုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ကျင်းပခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားတွင် သမိုင်းမှတ်တမ်း ပြခန်းတစ်ခု ဖွင့်လှစ်ပြသခဲ့သည်။

No comments:

Post a Comment