Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူခရီး

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူခရီးလွန်ခဲ့သော ၂ နှစ် သုံးနှစ်လောက် အထိ အိမ်တွင်းတွင်သာ နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ပြုပြင်ပြောင်းလဲရေး ကာလတွင် ခရီး အတော်သွား ထားသဖြင့် ယခုတစ်ခေါက် ပြည်ပခရီးမှာ ရုတ်တရက် ကြည့်လျှင် “သတင်းဖြစ်သော်လည်း သတင်းမဖြစ်သည့် သတင်း” ဟု ယူဆရသည်။ သို့သော်သည် တစ်ကြိမ်ထွက်ခြင်း သည်လည်း သတင်း ဖြစ်ပြန်ပါသည်။
အဘယ်ကြောင့်နည်း ဆိုသော် ယခုတစ်ခေါက် သွားသည့်နိုင်ငံက မြန်မာနိုင်ငံနှင့် အနီးကလေး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် နီးလျက်နှင့် ဝေးသည့်နိုင်ငံ။ စင်ကာပူသည် အာဆီယံနိုင်ငံ ဖြစ်သည်။ အာဆီယံသည် အဖွဲ့ဝင် အခြားနိုင်ငံ များ၏ ပြည်တွင်းရေးကို လူသိရှင်ကြား ဝေဖန်လေ့မရှိကြ။ စင်ကာပူသည် အစိုးရများကို ဆန့်ကျင်သည့် အထင်ကရ ပုဂ္ဂိုလ်များ Opposition Figures များကို အလွယ်တကူ ပွဲထုတ်လေ့မရှိ။ နိုင်ငံတွင်း တွင်လည်း အတိုက်အခံ အားပျော့ပြီး လွတ်လပ်ရေး ရအပြီး တစ်ပါတီတည်းက ရွေးကောက်ပွဲ အဆက်ဆက် အနိုင်ရပြီး နိုင်ငံကို အုပ်စိုးခဲ့သည်။ ဆန္ဒပြခြင်းတို့ ရှားသည်။
ထို့ကြောင့် ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေး အတိုက်အခံ World’s Most Famous Political Dissident ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ ခမ်းခမ်းနားနားဖြင့် ရောက်ရှိခြင်း ကိုယ်တိုင်က မြန်မာပြည်တွင်းတွင်ရော စင်ကာပူတွင်ပါ “တံတားအောက်တွင် ရေများစီးဆင်းခဲ့ပြီ” အခြေအနေများ ပြောင်းလဲခဲ့ခြင်းကို ပြသသည်။
စင်ကာပူသည် နိုင်ငံသေး (ရန်ကုန်လောက်သာရှိသည့် ကျွန်းနိုင်ငံ ငယ်လေး) သဖြင့် ရှင်သန်ရပ်တည်ရန် အလွန်လက်တွေ့ကျသော ဝါဒကို ကျင့်သုံးကြသူများဟု ယူဆနိုင်သည်။ နိုင်ငံသေးသဖြင့် လူတိုင်းနှင့် တည့်အောင် ပေါင်းရသည့် နိုင်ငံ၊ ပြည်တွင်းဈေးကွက် သေးလွန်းသဖြင့် ပြည်ပဈေးကွက် ကိုသာ မှန်းရသည့် နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတ မရှိ၊ သောက်ရန်ရေပင် မရှိသည့်ဘဝမှ လက်ဖဝါး ခြေဖဝါးဖြင့် တည်ထောင်ပြီး နှစ် ၂၀ အတွင်း ကြီးပွားလာသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း အလွန်ဂုဏ်ယူကြသူများ ဖြစ်သည်။ အာဆီယံဝင် ဆယ်နိုင်ငံ ရှိသည့်အနက် ကျန်နိုင်ငံအားလုံးသည် ဖွံ့ဖြိုးဆဲ တတိယကမ္ဘာနိုင်ငံများ ဖြစ်ပြီး စင်ကာပူ တစ်နိုင်ငံသာ ဖွံ့ဖြိုးပြီး ပထမကမ္ဘာနိုင်ငံ ဖြစ်သည် မှာလည်း စင်ကာပူသားတို့ ဝင့်ဝါမည်ဆို ဝင့်ဝါလောက်သည့် အခြေအနေ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့တောင်အာရှ ဒေသတွင် ရှားရှားပါးပါး ကမ္ဘာ့ထိပ်တန်းအဆင့် ရှိသူ ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံသည် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းစွာ အသုံးမချနိုင်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ မိတ်ဆွေ ထိပ်တန်းအရာရှိကြီးက တဖျစ်တောက်တောက် ပြောခဲ့ဖူးသည်။ အသီးသီး အသကပြုစုကြသည့် ကမ္ဘာ့သြဇာကြီး ပုဂ္ဂိုလ်များစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ် ထိပ်တန်းမှ ပါနေသည်။
စင်ကာပူတို့သည် အာရှသားဆိုလျှင် တော်ရုံ လှည့်ကြည့်လေ့မရှိ။ ဂျပန်လောက်၊ ကိုရီးယားလောက်မှ အထင်ကြီးသည်။ စင်ကာပူသည် မိမိ၏ပုံရိပ်ကို တည်ဆောက်ခြင်း Public Relations အရာတွင် ကျွမ်းကျင် လိမ္မာလှသည်။ အရည်အသွေးချင်း တူလျှင် စင်ကာပူထုတ် ပစ္စည်းက ပိုသာသည်ဟု ထင်အောင် ထုပ်တတ်ပိုးတတ် ပြောတတ်ဆိုတတ် ကြသည်။ ထိုသို့သော စင်ကာပူက ယခု ဒေါ်အောင်ဆန်းစုကြည်ကို အထူးဧည့်သည်တော် Guest of Honour အဖြစ် ဖိတ်ကြားသည် ဆိုသည်မှာ စင်ကာပူ၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေမည့်ပုဂ္ဂိုလ်ဟု အလေးထားမှန်း သိသာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူကို တည်ထောင်သူ ခေါင်းဆောင်ကြီး လီကွမ်ယု တည်ထောင်သည့် Lee Kuan Yew School of Public Policy လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းနှင့် စင်ကာပူနိုင်ငံတွင် ကျင်းပနေ သည့် Formula One Grand Prix ကားပြိုင်ပွဲသို့ သွားရောက်ခဲ့သည်။
လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ပြေးနေသဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်လိုသူ နိုင်ငံခြားသား တို့သည် သူတို့နှင့် နောင်တွင် ကြုံရမည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအယူအဆ တို့ကို အကဲခတ်လိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးဘက်သာ အာရုံစိုက်ပြီး စီးပွားရေးဘက်သို့ သိပ်မလှည့်ဟု အချို့သောစီးပွားရေး လုပ်ငန်းရှင်ကြီး များက ထင်မြင်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သာ တက်လာလျှင် သူတို့၏ စီးပွားရေးများအပေါ် မည်သို့ရိုက်ခတ်မည်ကို သိလိုကြသည်။ ထို့ကြောင့် ထိပ်တန်း စီးပွားရေးသမားများ တက်ရောက်သော Singapore Summit သည် ဒေါ်အောင်ဆန်းစုကြည် အတွက် “တိုင်းပြီးရက်သည် ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်” ဖြစ်နေသည်။
အာရှသား အချင်းချင်း အထင်မကြီးလှသော ပထမကမ္ဘာ စင်ကာပူသားတို့ တအံ့တသြ ဖြစ်သွားနိုင်သည်မှာ တတိယကမ္ဘာမှ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတွင် စင်ကာပူတို့ကို ပေးအပ်နိုင်သည့် အရာများ ရှိသည်ဟု ဆိုလိုက်ခြင်းပင်။ မြန်မာတွင် သက်သောင့်သက်သာ စိတ်အေးလက်အေး ဘဝမျိုး ရှိသည်၊ မိသားစုဝင် အချင်းချင်း ပိုနီးကပ်ကြသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ထိုသို့ ခေါင်းဆောင်တစ်ဦးက စင်ကာပူ မြေပေါ်တွင် ထိုသို့နှိုင်းယှဉ်ကာ ပေါ်ပေါ်တင်တင် ဝေဖန်မှုမျိုး ယခင်က သူတို့ ကြားဖူးမည်ဟု ကျွန်တော် မသေချာ။ “စင်ကာပူသည် အောင်မြင်သည်၊ သို့သော် မြန်မာတို့သည် စင်ကာပူလောက်နှင့် အားမရ” ဆိုသည့်သဘော ပြောချလိုက်ရာ ပုံရိပ်ကောင်း လိုချင်သည့် အိမ်ရှင်စင်ကာပူ ခေါင်းဆောင်တို့ အောင့်သက်သက် ခံလိုက်ရမည်။
စင်ကာပူသား တို့သည် အလုပ်ကြိုးစားကြသော်လည်း တစ်ဖက်တွင် ရုပ်ဝတ္ထု အသားပေးလွန်းသည်။ စီးပွားရေးဆန် သည်ဟု အဝေဖန် ခံကြရသည်။ စည်းမျဉ်းစည်းကမ်း တင်းကျပ် များပြားလွန်းသဖြင့် Nanny State ဟုလည်း အချို့ကသရော်ကြသည်။ စင်ကာပူသည် အရာရာ အဆင်ပြေ ချောမွေ့အောင်သာ စီစဉ်ထားနိုင်ပြီး တောင်ကိုရီးယား၊ ဂျပန်တို့ကဲ့သို့ နောက်တစ်ဆင့်ခုန်၊ တီထွင်ဖန်တီးနိုင်မည် မဟုတ်ဘဲ ယခုနေရာတွင်သာ တန့်နေမည် ဟုလည်း ဆိုသူတို့ ရှိကြသည်။
တတိယကမ္ဘာ ဖွံ့ဖြိုးဆဲနိုင်ငံမှ မြန်မာငါးထောင်လောက် မြန်မာအမျိုးသားဝတ်စုံများ ဝတ်ဆင်ပြီး ကြွားကြွားဝင့်ဝင့်ဖြင့် ပထမကမ္ဘာ ဖွံ့ဖြိုးပြီးနိုင်ငံ စင်ကာပူတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် လာကြခြင်းမှာ ကြည်နူးဖွယ်ဖြစ်သည်။ စည်းကမ်းတင်းကျပ်ပြီး လူစုလူဝေးကို စိုးရိမ်လှသော စင်ကာပူက မြန်မာတို့ များများစားစား စုစည်းခွင့် ပေးခဲ့ခြင်းမှာလည်း ထူးခြားသည်။ စင်ကာပူသည် မြန်မာပညာတတ်တို့ တစုတစည်းတည်း များများစားစား စုစည်းနေထိုင်ရာဖြစ်ပြီး “အနီးကပ် နိုင်ငံခြား” Near Abroad ဟုဆိုရမည် ဖြစ်သည်။ နိုင်ငံရေး စိတ်ဝင်စားကောင်း ဝင်စားမည် ဖြစ်သော်လည်း နိုင်ငံရေးကြောင့် လာရောက်ခိုလှုံနေသူ ရှားပြီး အလုပ်အတွက်သာ ရောက်လာသည့် Professional ပညာသည်များ များပြားသည်။ စင်ကာပူရှိ မြန်မာများသည် လူလတ်တန်းစား များသည်။ ပညာတတ်များသည်၊ စဉ်းစားနိုင်သည်၊ အကဲဖြတ်နိုင်သည်။ စင်ကာပူရောက် မြန်မာများ၏ ထောက်ခံမှုကို ရလျှင် လူလတ်တန်းစား ပညာတတ် စဉ်းစားနိုင်သူ တို့၏မဲကို ရနိုင်သည်။ ထို့ကြောင့် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံပွဲသည် ဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၅ တွင် အရေးပါလာ နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အခြေအနေကောင်းများ ဖြစ်ထွန်းလာသည်အထိ စောင့်မနေဘဲ ကိုယ်တိုင်ပြန်လာပြီး အခြေအနေကောင်း များကို တည်ဆောက်ကြပါဟု စင်ကာပူရောက် မြန်မာတို့ကို တပ်လှန့်ခဲ့သည်။ စင်ကာပူရောက် မြန်မာတို့သည် ပြန်လာရန် လွယ်သည်ဟု ဆိုနိုင်သလို ပြန်လာရန် ခက်သည်ဟုလည်း ဆိုနိုင်သည်။ ပြန်လာရခက်သည် ဆိုခြင်းမှာ စင်ကာပူတွင် နေရခြင်းသည် လူနေမှု အဆင့်အတန်း ပိုမြင့်သော မြန်မာနိုင်ငံတွင် နေရသလိုပင်။ မနက်အိပ်ရာထ၊ အနီးဆိုင်တွင် မနက်စာ သွားစားလိုလျှင်ပင် ဘောင်းဘီလဲစရာ မလို၊ ပုဆိုးနှင့် ထသွားနိုင်သည်။ ရာသီဥတု ကလည်း သိပ်မကွာ။ မြန်မာသူငယ်ချင်း အပေါင်းအသင်း တို့နှင့်လည်း နီးသည်။ ရထားစီးရင်းပင် မြန်မာစကားသံတို့ ကြားနိုင်သည်။ မြန်မာ အစားအသောက်၊ သတင်းစာ စသည်တို့ မှအစ အလွယ်တကူ ရနိုင်သည်။ မိသားစုလည်း လွယ်လင့်တကူ လာလည်နိုင်သည်။ ထို့ကြောင့် စင်ကာပူတွင် မြန်မာပြည် လွမ်းဖျားလွမ်းနာ သိပ်မကျနိုင်။
ပြန်လာရလွယ်သည် ဆိုခြင်းမှာ နီးသောကြောင့် ဖြစ်သည်။ စင်ကာပူ ကုမ္ပဏီ၊ စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ မြန်မာပြည်သွားလျှင် စင်ကာပူရောက် မြန်မာတို့ထဲမှ ဦးစားပေး ခေါ်နိုင်သည်။ မြန်မာနိုင်ငံသို့ ပြန်မည့်သူ တို့သည် မပြန်မီ တစ်လတစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါဖြစ်ဖြစ် သွားရောက် လေ့လာ လုပ်ငန်းတို့ ပျိုးထားနိုင်သည်။ လူတွေ့ အလုပ်အင်တာဗျူး လာဖြေရန်လည်း အပန်းမကြီးလှ။ ကနေဒါ၊ အမေရိကန်တို့တွင် နေသည့် မြန်မာတို့ ထိုသို့ တစ်လတစ်ခေါက် ပြန်ရန် မလွယ်ရေးချ မလွယ်ပင်။ နိုင်ငံသေးသဖြင့် လူသားအရင်းအမြစ် မလုံလောက်သောကြောင့် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတို့၊ ပညာရှင်တို့ တစ်တပ်တစ်အားဖြင့် Singapore Story ကို ထုဆစ်ခဲ့သော်လည်း ယခုအချိန်တွင် ထိုနိုင်ငံခြားသား တို့ကြောင့် စင်ကာပူသားတို့ အနေကျုံ့သည်၊ အိမ်ဈေးတက်သည်၊ ထို နိုင်ငံခြားသားတို့က စင်ကာပူသားတို့ စားမည့် ထမင်းလုပ်ကို လုယူကြသည်ဟု စင်ကာပူသားတို့ မြင်လာကြသည်။
၂၀၁၁ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူ အာဏာရ ပါတီ PAP ၏ မဲဝေစုသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း အနိမ့်ဆုံးသို့ ကျရောက်ခဲ့ခြင်းမှာ နိုင်ငံခြားသား လုပ်သားများကို ဆွဲဆောင် ခေါ်ယူသည့် မူဝါဒကြောင့်ဟု သုံးသပ်ကြသည်။ စင်ကာပူအစိုးရသည် ထိုဖိအားဒဏ်ကို ခံရသည့်အတွက် နိုင်ငံခြားသား၊ အမြဲတမ်းနေထိုင်ခွင့် ရသူနှင့် စင်ကာပူနိုင်ငံသား တို့အကြား အခွင့်အရေးများကို ကွာသည်ထက် ကွာအောင် တစ်ရစ်ထက် တစ်ရစ် ခွာလာကြသည်။ နောက်သုံးလအကြာ ၂၀၁၄ နှစ်စတွင် ကျွမ်းကျင်လုပ်သား နေရာများ အတွက် နိုင်ငံခြားသားများ ခန့်အပ်ခြင်းကို တင်းကျပ်မည့် အစီအစဉ်များ ချမှတ်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် စင်ကာပူတွင် ရှိနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ တွင်ပင် စင်ကာပူ အစိုးရက ကြေညာလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေး ကာလတွင်ပင် ထူးခြားသော ခရီးစဉ်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များသာမက ဒေသတွင်းနိုင်ငံ များက မြန်မာနိုင်ငံအပေါ် သဘောထား၊ အခြားနိုင်ငံများ၏ လုပ်တတ်ကိုင်တတ်ပုံ တို့ကိုလည်း ထိုခရီးစဉ်က ဖော်ပြနေသည်။
ဇေယျသူ

No comments:

Post a Comment