Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 2, 2013

စစ်ကိုင်းသုခါဝဟ ပေါ်တော်မူဘုရားတွင် ရှေးဟောင်းပစ္စည်းပြတိုက် တည်မည်


မန္တလေး၊ စက်တင်ဘာ ၁

စစ်ကိုင်းမြို့ ရွှေမင်းဝံ ရပ်ကွက်အတွင်းရှိ သုခါဝဟပေါ်တော်မူ ဘုရားဝင်းအတွင်းရှိ ရှေးဟောင်း ပစ္စည်းများကို ပြတိုက်တစ်ခု တည်မည် ဖြစ်ကြောင်း အဆိုပါ ပေါ်တော်မူဘုရား ဂေါပကရုံး တာဝန်ရှိသူထံမှ သိရသည်။

“အခုလောလောဆယ်တော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ပေါ်တော်မူဘုရား အတွင်းက တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေရယ်၊ အခြားဒေသတွေက ရရှိထားတဲ့ ရှေးဟောင်း ပစ္စည်းတွေရယ်ကို စုဆောင်းပြီး ပြတိုက်တစ်ခုလုပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ပေါ်တော်မူဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင့်အောင်က ဆိုသည်။

ပြတိုက်တွင် ပြသမည့် ရှေးဟောင်းပစ္စည်းများထဲတွင် ပေါ်တော်မူဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သောနှစ် ၂၀ ကျော်က တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းများအပြင် အနယ်နယ် အရပ်ရပ်မှ ပေါ်တော်မူဘုရားသို့ လှူဒါန်းထားသော ရှေးဟောင်းပစ္စည်းများ ပါဝင်ပြီး ညောင်းရမ်းခေတ် ကြက်သွန်ခင်း ဆရာတော်၏ အသုံးအဆောင်ဟု ယူဆရသော အချင်း ၁၄ လက်မရှိ ရွှေပိန်းချ သပိတ်တော်၊ သံကညစ်တံ၊ ရေကရား၊ ရေတကောင်း၊ ထွေးခံနှင့် ကြက်သွန်ခင်း ဆရာတော်အား ဆက်ကပ်လှူဒါန်းထားသော သဒ္ဓမ္မအနန္တဓဇ၊ မဟာရာဇဂုရု မဟာဝန၀ါသီ စာတန်းပါ တံဆိပ်တုံးတော်များနှင့် အရဟံ သိမ်တော်ကြီးပုံစံငယ်၊ ကျောက်ဖြူသား ဗုဒ္ဓရုပ်ပွားတော်များနှင့် အုတ်ခွက်ဘုရားများ ပြသမည် ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရှေးဟောင်းပစ္စည်းများကို ဂေါပက အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းလာပြီး ယင်းပစ္စည်းများသည် သမိုင်းကို ဖော်ပြပေးမည့် ပစ္စည်းများဖြစ်သဖြင့် အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် လက်ရှိဂေါပက လက်ထက်တွင် သမိုင်းပြတိုက် ပြုလုပ်ထားမည် ဖြစ်ကြောင်း အဆိုပါ ဂေါပကရုံးအဖွဲ့မှ ထပ်မံသိရသည်။

No comments:

Post a Comment