Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 27, 2013

"ငယ်ရာက ကြီးလာတဲ့ မိုင်လီဆိုင်းရပ် နဲ့ ကိုက်ခဲခြင်း"

လူတိုင်း ငယ်ရာက ကြီးလာတာပါ
ခေါင်းကိုက်ရောဂါဟာလည်း
တဒိန်းဒိန်းနဲ့ ငယ်ရာက ကြီးလာတာပဲ
ဟန်နာမွန်တားနား လည်း ဒီလိုပေါ့
ငယ်ရာက မိုင်လီဆိုင်းရပ် ဖြစ်လာတာပေါ့
မင့်လက်ထဲက သွားရည်တမြားမြားနဲ့ တူကြီးရော
တဒိန်းဒိန်းနဲ့ ငယ်ရာကကြီးလာတာလား

ငါ့ခေါင်းကတော့လေ
ဘင်သံကောင်းရင် ကကွက်ပြောင်းဖို့ တစောင်းစောင်းနဲ့
ခေါင်းပေါင်းနဲ့ ဦးထုပ်နဲ့ ဂတုံးနဲ့ ဆံပင်နဲ့ ဘာတွေနဲ့ ဘယ်လိုနဲ့နဲ့
အမြဲတမ်း တဒိန်းဒိန်းနဲ့ တစ်စိတ်စာတစ်ဝက်စာ ကိုက်ခဲတတ်တယ်

ပြဌာန်းချက်မြေကြီးတွေပေါ် ထောက်မိ
ဖြူဖွေးအောင်လျှော်ဖွတ်ထားတဲ့ အမည်းစစ်စစ် ဆံပင်တွေနဲ့
နဖူးရေနဲ့ ဒူးရေနဲ့ မျက်ရည်နဲ့ ပျက်ရယ်နဲ့ ဘာတွေနဲ့ ဘယ်လိုနဲ့နဲ့
အမြဲတမ်း တဒိန်းဒိန်းနဲ့ ရသလောက်စွဲ ကိုက်ခဲတတ်တယ်

ရယ်လိုက်ရင် ရဲကနဲ တွေ့ဦးမယ်
မီးခိုးတွေ တအူအူထွက်နေသေးတဲ့ သွားစွယ်တွေနဲ့
စိုက်သွားနဲ့ နဲ့သွားနဲ့ ပဲ့သွားနဲ့ နှုတ်ခမ်းနာနဲ့ ဘာတွေနဲ့ ဘယ်လိုနဲ့နဲ့
အမြဲတမ်း တဒိန်းဒိန်းနဲ့ ပုန်းလျှိုးကွယ်လျှိုးလည်း ကိုက်ခဲတတ်တယ်

ဘာမှ ဝတ်မထားတဲ့ မင့်တင်ပါးလို ပါးကြီးနှစ်ဖက် တပြောင်ပြောင်နဲ့
အညှီနံ့ကို မိုင်တစ်ထောင်က သိတတ်တဲ့ ငါးမန်းနှာခေါင်း တယမ်းယမ်းနဲ့
အမှောင်ထဲ နေသားတကျ မြင်တတ်တဲ့ ကြောင်မျက်လုံး တဝင်းဝင်းနဲ့
မြိုချဖို့ ပိုရဖို့ဆို ဆတ်ကနဲထောင်တတ်တဲ့ ယုန်နားရွက်ကြီး တကားကားနဲ့
နေရာထားစရာမရှိ နေရာမှားနေမိတဲ့ ခေါင်းကြီးတစ်လုံးပါကွာ
အမြဲထုပ်ပိုးထားတဲ့ ဂုတ်ပိုးသားထူထူပေါ်မှာ ဘာတွေနဲ့ ဘယ်လိုနဲ့နဲ့
အမြဲတမ်း တဒိန်းဒိန်းနဲ့ တာဝန်အရလည်း ကိုက်ခဲတတ်တယ်

ကိုက်တဲ့ ရောဂါ ဖြစ်တဲ့ ခေါင်း
ခေါင်း ဖြစ်လို့ ကိုက်တဲ့ ရောဂါ
ရောဂါ ဖြစ်လို့ ကိုက်တဲ့ ခေါင်း
တူတူနဲ့ တူတူချည်းပါပဲ မိုင်လီ ရယ် ..
တူကြီး ကိုင်ထားမှတော့ ထုသာထုပါ
ငါးချက်လား .. အချက် ငါးသိန်းလား .. အချက် သိန်းငါးရာလား

တို့တွေလည်း တဒိန်းဒိန်းနဲ့ ငယ်ရာက ကြီးလာကြတာပဲ
တဒိန်းဒိန်းနဲ့ ထုသာ ထုပါ မိုင်လီ
တဒိန်းဒိန်းနဲ့ အကိုက်အခဲကို ထုပါ
တဒိန်းဒိန်းနဲ့ ရောဂါကို ထုပါ
တဒိန်းဒိန်းနဲ့ ငါ့ရဲ့ခေါင်းကို ထုပါ
သွားရည် တမြားမြား မင့် တူကြီးနဲ့ ထုသာ ထုပါ မိုင်လီ ။ ။


သိန်းခေါင်ငြိမ်းသစ်
20130910, 20130911

No comments:

Post a Comment