Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 16, 2013

ကြောင်ပန်းရွက်နှင့် ဝမ်းဖောဝမ်းရောင် ရောဂါ


ယခုလို မိုးဦးကာလတွင်  ဝမ်းရောဂါ၊  ဝမ်းဖောဝမ်းရောင် ရောဂါများ ဖြစ်လေ့ဖြစ်ထ ရှိပါသည်။ အကြောင်းမှာ သရက်သီး၊ ဖရဲသီး၊ ကနစိုးသီးနှင့် ပိန္နဲသီးစသည့် သစ်သီးဝလံများ ပေါချိန်ကာ
လ ဖြစ်၍လည်းကောင်း၊ ငါးချဉ်၊ ပုစွန်ချဉ်စသည့် လက်လုပ်ချဉ်များကို စားမိ၍ လည်းကောင်း ဝမ်းရောဂါအမျိုးမျိုး ဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့် ယင်နားစာများ၊ အမှည့်လွန် သစ်သီးများ စားမိပါက အများဆုံး ဖြစ်တတ်ပါ၏။ ဟင်းသီး၊ ဟင်းရွက် များမှာလည်း သဘာဝအရ စိုက်ပျိုးထုတ်လုပ်သော ပစ္စည်းများ မဟုတ်သဖြင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အသီးအပွင့်အမြန် ကြီးထွားရန် အသုံးပြုသော ဆေးများနှင့် ဆိုးဆေးများ သုံးစွဲမှုကြောင့် ရောဂါမျိုးစုံ ဖြစ်ပွားနိုင်သလို အမြဲတမ်း သတိပြု ဆင်ခြင်နိုင်မှ တော်ရာ ကျပေမည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင် သုံးစွဲခဲ့ဖူးသော ကိုယ်တွေ့ ဆေးနည်းတစ်ခုကို တင်ပြ လိုက်ပါသည်။
စာရေးသူငယ်စဉ် ကလေးဘဝကတည်းက ဆေးမကြောက်တတ်ပါ။ မည်သည့် ဆေးဝါးကိုမဆို အလွယ်တကူ သောက်သုံးခဲ့ပါ၏။ သို့သော်လည်း ကြောင်ပန်းရွက်ပါသော ဆေးဆိုလျှင် လွန်စွာ ကြောက်ပါသည်။ ယင်းအနံ့ကို မခံနိုင်ပါ။ ကြောင်ပန်းပင် ရှိသည့်အရပ်သို့ မသွား၊ တစ်ဦးဦးက ခါးပိုက်ထဲ၌သော် လည်းကောင်း၊ လွယ်အိတ်ထဲ၌သော် လည်းကောင်း ထည့်ယူလာလျှင် ထိုအနံ့ကို သိပါသည်။ သို့သော်လည်း ဝမ်းရောဂါနှင့် ပတ်သက်ပြန်သော အခါ တကယ့်ကိုစွမ်းသော ဆေးတစ်ပါးဖြစ်ပါ၏။ စာရေးသူ ဝမ်းဖောဝမ်းရောင် မကြာခဏ ဖြစ်တတ်ပါသည်။ အနည်းဆုံးတစ်နှစ်ကို နှစ်ကြိမ်တော့ဖြစ်သည်။ ဖြစ်တိုင်းလည်း အနည်းဆုံး နှစ်ပတ်၊ သုံးပတ်လောက် ခံစားရသည်။ အလူးအလဲ ခံရသည်။ ဝမ်းဗိုက်ထဲကလည်း ဂွီဂွီအော် ၏။ အထူးသဖြင့် အအေးမိပြီး မိုးဦးကာလတွေမှာ အစားမှားလျှင်ဖျားပြီး ယင်းကဲ့သို့ ဖြစ်လာတတ်ပါသည်။ ဆေးခန်းပြ၊ ဆေးတွေသောက်သော်လည်း ခေတ္တမျှသာ သက်သာပြီး အနေအထိုင်၊ အစားအသောက်မှားလျှင် ထိုရောဂါပြန်ဖြစ်ပါသည်။ လူမှာလည်း  မျက်နှာတွေ ချိုင့်၊ နားတွေလေးပြီး မအိပ်နိုင်၊ မစားနိုင်ဘဲ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပါ။ အစာစားပြန်လျှင် လည်း စားထားသည့် အစာအတိုင်း ဝမ်းထဲမှာ ဒလဟောပါသွား ပါသည်။ ဟိုဟာစားလည်း မတည့်၊ သည်ဟာစားလည်း မတည့်၊ ရှောင်ရလွန်းတော့လည်း အင်အားတွေချိနဲ့ လာပါသည်။ ထိုအချိန်တွင် တောကဦးလေး တစ်ယောက် မိမိအိမ်သို့ ရောက်ရှိလာ၏။ ဘုရားဖူးလာခြင်း ဖြစ်သည်။ မိမိအဖြစ်ကိုမြင်၍သူက ''ဒီမှာငါ့တူ လွယ်လွယ်လေးကွ၊ မင်းမိန်းမကို ကြောင်ပန်း ရွက်ရအောင် ရှာခိုင်း၊ ပြီးတော့ လက်တစ်ဆုပ် စာလောက်ကို ရေစင်စင်ဆေး၊ ရေနဲ့ သုံးခွက်တစ်ခွက် ရအောင်ကျို၊ တစ်နေ့ကို သုံးကြိမ် သောက်ကွာ၊ သုံးရက်သောက်ရင် မင်းရောဂါပျောက်ပြီကွ ငါ့တူ'' မှန်ပါသည်။ အဝင်ဆိုး လှသော ကြောင်ပန်းရွက်၊ အနံ့ပင်မခံနိုင်သော ကြောင်ပန်းရွက်၊ နောက်ဆုံးတော့ ဦးလေးပေးသည့် ဆေးနည်း အတိုင်း သောက်လိုက်သော အခါ တကယ်ပင် ဝမ်းဖောဝမ်းရောင် ရောဂါ ပျောက်သွားခဲ့ပါသည်။ ယနေ့နှစ်ပေါင်း နှစ်ဆယ်ကျော်သည့်တိုင်  ထိုရောဂါ မဖြစ်တော့ပါ။ တချို့က အဖျားကိုနိုင်သည်ဆိုကာ ကြောင်ပန်းရွက်ကို ဆီချက်၊  ပုစွန်ခြောက်၊ ပဲမှုန့်တို့ဖြင့် သုတ်စားကြသည်။ ကလေးမွေးပြီး စမီးနေသည်များ အနာကျက်မြန်၊ နို့ထွက်ကောင်းအောင် ဟင်းခါးချက်သောက် ကြ၏။ ကြောင်ပန်းရွက်ကို ပါဠိစကား၊ ဆေးပညာ အခေါ် အရ ''နိဂ္ဂုဏ္ဍိ'' ဟု လည်းကောင်း၊''သိန္ဓရဝါရ'' ဟူ၍လည်းကောင်း ခေါ်ဆိုကြောင်း သိရပါ သည်။ ကြောင်ပန်းရွက်သည် ခါး၏၊ ဖန်၏၊ ပူ၏၊ စပ်၏၊ ဝမ်းမီး ကို တောက်စေ၏၊ နူနာ၊ အနာပေါက်တို့ကို ပျောက်စေ၏၊ သလိပ်ကို ထုတ်ဆောင်တတ်၏၊ အဖျားနှင့် ပိုးကိုနိုင်စေ၏။ မီးယပ်ကို မှန်စေ၏၊ အဆိပ်ကိုနိုင်၏၊ လေနာ၊ သလိပ်နာတို့ကို နိုင်၏၊ ဆံပင်ကိုသန်စေ၏၊ သွားကိုက်ခဲခြင်းကို ပျောက်စေ၏။ (ဥတုဘောဇန ကျမ်းက ဆိုပါသည်။)
နားပြည်ယိုခြင်း၊ နားကိုက်ခြင်းတို့ကို ကြောင်ပန်းရွက် သတ္တုရည်နှင့် နှမ်းဆီ၊ ပျားရည်စစ်စစ် အနည်းငယ်ထည့်၍ နားကျပ်ပေးသော် ပျောက်သည်ဟု ဆိုပါသည်။
သို့သော်လည်း ကြောင်ပန်းရွက်သည် ဆေးအဖြစ်သာ သုံးသင့်၏၊ များများစားလျှင် မကောင်းပါ။ တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း ဆေးညွှန်းအတိုင်းသာ သုံးစွဲသင့်ပါသည်။
သို့ပါ၍ မြို့ကြီးများတွင် ဆေးခန်း၊ ဆေးရုံများပေါသဖြင့် ရောဂါဖြစ်ပွားသောအခါ အချိန်မီ ပြသကုသနိုင်သော်လည်း ဝေးလံခေါင်းပါးသော အရပ်ဒေသ၊ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများ၌ အမှန်တကယ် လိုအပ်မည် ဖြစ်ပါ၍ ဝမ်းဖောဝမ်းရောင် ရောဂါနှင့် ပတ်သက်သော မိမိကိုယ်တွေ့ဖြစ်သည့် အစွမ်းထက်လှသော ဆေးတစ်ပါးကို လိုအပ်သလိုသုံးစွဲနိုင်ပါရန် ရေးသားလိုက်ရပါသည်။
Myawaddy

No comments:

Post a Comment