Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 30, 2013

ရွှေကျောင်း ပြုပြင်ရေး အမေရိကန်အစိုးရ အောက်တိုဘာလဆန်း လုပ်ငန်း စတင်မည်

မန္တလေး၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ ရွှေကျောင်းတော် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း စတင်ဆောင်ရွက်ရန် အမေရိကန် အစိုးရက အောက်တိုဘာလ ၂ ရက်နေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
“ဘယ်အစိတ်အပိုင်းတွေ ပြုပြင်သင့်တယ်၊ ဘယ်အစိတ်အပိုင်းတွေကို ပြုပြင်ဖို့ မလိုဘူးဆိုတာ စစ်ဆေးပြီး ဆွေးနွေးကြမယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပြုပြင်ထိန်းသိမ်းရေးအတွက် စတင်လုပ်ဆောင်ချိန်၌ ရှေးဟောင်းဌာန (မန္တလေး) တာဝန်ရှိသူများအပြင် မန္တလေးမြို့ဒေသခံ မြန်မာမှု ပညာရှင်များလည်း ပါဝင်ကြမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်း ရှိသော မန္တလေးတောင်ခြေရှိ ရွှေနန်းတော်ကျောင်း ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ၂ နှစ်ခန့် ကာလအတွင်း အမေရိကန်ပြည်ထောင်စု Ambassador Fund for the CulturalPreservation က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သုံးစွဲသွားရန် လျာထားကြောင်း အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က အဆိုပါ ရွှေကျောင်း၌ ပြုလုပ်သော အဆိုပါ ကိစ္စရပ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“တခြား ရှေးဟောင်း အဆောက်အအုံတွေ ရှိရဲ့သားနဲ့ ရွှေကျောင်းမှ ဘာလို့ ရွေးတာလဲလို့ ကျွန်တော်ကိုယ်တိုင် သူတို့ကို (အမေရိကန်သံရုံး) မေးခွန်းထုတ်ခဲ့ဖူးတယ်။ မြို့ကြီးမှာ ရှိပြီး သွားလာရေး လွယ်ကူပြီး မြင်သာတာကြောင့်လို့ ပြောတယ်” ဟု ဇူလိုင်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့ ရွှေကျောင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ရွှေနန်းတော် ကျောင်းကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ဘေးရန် အပျက်အစီးမှ ကင်းလွတ်ခဲ့သော မူလလက်ရာ နန်းတော်ဆောင် သာသနိက အဆောက်အအုံတစ်ခု ဖြစ်သည်။

မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးနောက် ထီးနန်းဆက်ခံခဲ့သော သီပေါမင်းသည် မင်းတရားကြီး နတ်ရွာစံခဲ့သည့် နန်းဆောင်နှင့် စနုဆောင်ကို ၁၈၇၈ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဖြုတ်သိမ်းခဲ့သည်။ ယခုနေရာတွင် ဘုန်းကြီးကျောင်းအဖြစ် ပြောင်းရွှေ့ တည်ဆောက်ခဲ့ရာ ၁၈၈၃ ခု အောက်တိုဘာလ ၃၀ ရက်နေ့တွင် တည်ဆောက် ပြီးစီးခဲ့ပြီး ယင်းခေတ်ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ်ခန့် ကုန်ကျခဲ့သည်။

No comments:

Post a Comment