Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

ကစားစရာ သေနတ်ဖြင့် ရုပ်ရှင်ဆန်ဆန် ခြောက်လှန့်

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ တပင်ရွှေထီး လမ်းရှိ အလှပြုပြင်ရေးဆိုင် တစ်ဆိုင်တွင် သြဂုတ်လ ၂၅ရက် နံနက် ၈ နာရီ ၄၅ မိနစ်က အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ဗီဒီယို အက်ရှင် ဇာတ်ကား များကဲ့သို့ ကစားစရာ အသံထွက် သေနတ်ဖြင့် ခြောက် လှန့်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါဆိုင်ရှင် ဒေါ်မြင့်မြင့်ခိုင်က The Voice သို့ ပြောကြားသည်။ အသက် ၁၈ နှစ်အရွယ် လူငယ်သည် တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ စတီးလမ်းတွင် နေထိုင်သူ ဖြစ်ပြီး ပါဂျဲရိုး အမည်းရောင် မော်တော်ယာဉ်ဖြင့် ရုတ်တရက် ရောက်ရှိလာကာ ဆိုင်ရှင်ကို ကြိမ်းမောင်းကာ ဆိုင်ရှေ့ ပြတင်း တံခါး တရုတ်ကတ်မှန် အပြင်မှ ကစားစရာ သေနတ်နှင့် ထိတ်လန့် အောင် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ကျွန်မ ဆိုင်ခင်းဖွင့်ဖို့ တံမြက်စည်း လှည်းနေချိန်မှာ ကားနဲ့ ဝင်လာပြီး မကျေနပ်ဘူး ပြောပြီး ဒိုင်းခနဲ မြည်အောင် ပစ်လိုက်တာ။ နောက်ထပ်ပစ်ဖို့ လုပ်နေချိန်မှာ ကျွန်မလည်း ဆိုင် မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်ထဲ တကယ် သေနတ်နဲ့ ပစ်တယ်ထင်ပြီး အမြန် ပြေးရတယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ လူငယ်သည် လွန်ခဲ့သော ငါးလခန့်က ယင်းဗြူးတီးဆလွန်းမှာ အသက် ၁၉ နှစ်အရွယ် ဆိုင်ဝန်ထမ်း အမျိုးသမီး တစ်ဦးနှင့် လူငယ် သဘာဝ ရင်းနှီးကာ ဆိုင်တွင် မကြာခဏ တွေ့ဆုံလေ့ ရှိကြောင်း အဆိုပါဆိုင်ထံမှ သိရှိရသည်။
ဇွန်လတွင် ယင်းဆိုင်ဝန်ထမ်း အမျိုးသမီး အလုပ်ထွက်ခဲ့ပြီး သြဂုတ်လ ပထမပတ်တွင် ပြန်လည် ရောက်ရှိခဲ့သည်ကို ဆိုင်ရှင်က ဆိုင်တွင် လက်မခံသော်လည်း အမျိုးသမီးငယ်၏ မိဘများက ခဏတာ စောင့်ရှောက်ပေးရန် အကူအညီ တောင်းခံသည့် အတွက် စောင့်ရှောက်ပေးခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနား သို့ ပြန်လည် ပို့ဆောင်ခြင်းကို လူငယ်က မကျေနပ်၍ ယင်းကဲ့သို့ ပြုမူ ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုင်ရှင် အမျိုးသား တစ်ဦးက သုံးသပ်သည်။
လူငယ်သည် သြဂုတ်လ ပထမပတ်နှင့် ဒုတိယပတ်တွင် ဆိုင်သို့ လာကာ နှစ်ကြိမ်တိုင်တိုင် ပြောဆို ကြိမ်းမောင်း ခဲ့သော်လည်း လူမှုရေး ထောက်ညှာသော အနေဖြင့် မတိုင်ကြားခဲ့ကြောင်း၊ ယခု ပစ်ခတ်မှု သည် အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိ လုပ်ဆောင်မှုကြောင့် တောင်ငူမြို့ အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ယင်းဆိုင်ရှင်က ပြောကြားသည်။ ယင်းပြဿနာသည် ရဲအရေးပိုင်ခြင်း မရှိဘဲ ကာယကံရှင်က မကျေနပ်ပါက တရားရုံးသို့ ဦးတိုက် လျှောက်ထားနိုင်ပြီး၊ ပစ်ခတ်သော သေနတ်သည် ကစားစရာ သေနတ် တစ်လက် ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် ကျေအေး ပြီး ဖြစ်ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဦးဇော်မင်းက The Voice သို့ ပြောကြားသည်။

No comments:

Post a Comment