Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 2, 2013

မန္တလေးမြို့မိမြို့ဖများကျွန်မတို့ မိန်းမလျာတွေကို ဆုံးမသွန်သင်ပေးပါ " (အယ်ဒီတာထံ ပေးစာ)



Friday, Augest 02, 2013

ကျွန်မ အပုန်းဘဝကနေ အပွင့်ဘဝကို စပြီးရောက်တော့ တွေးမိတာတစ်ခုရှိပါ တယ်။ မန္တလေးမှာ မိန်းမလျာဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိတယ်။ မန္တလေး မြို့မိမြို့ဖ တွေက မိန်းမလျာတွေကို အရမ်းချစ်ကြတယ်။ တွေ့တဲ့နေရာမှာ လည်း သိတဲ့သူဆို ရင် ခေါ်ဖို့ပြောဖို့ ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်သား သမီးတွေလိုပဲ ဆုံးမတတ်ကြပါ တယ်။နောက်မန္တလေးမြို့သူမြို့သားအစ် ကိုတွေ အစ်မတွေကလည်း ခွဲခြားဆက်ဆံ ခြင်းဆိုတာ မရှိပါဘူး။ ကိုယ့်ညီမလေးတွေ လို သဘောထားတဲ့ အစ်ကိုတွေ အစ်မတွေ ရှိတဲ့မြို့ပါ။ ဒီမြို့လေးမှာ မွေးဖွားပြီး လူဖြစ် ခွင့်ရတာကို ကျွန်မ တွေးတွေးပြီး ပျော်မိပါ တယ်။ မင်္ဂလာဆောင်တွေမှာလည်း မပါ မဖြစ်သလို၊ အလှူအတန်း ဝန်းခင်းတွေမှာ ဆိုရင်လည်း တခမ်းတနားနဲ့ ပွဲထုတ်တဲ့ မြို့ကလေးပါ။ ဘယ်နေရာပဲသွားသွား ဘာကိုပဲစားစား မတူသလို မတန်သလိုလို ကြည့်တာ၊ တစ်နေရာတည်း ထိုင်မိလို့ ထ သွားတာလည်း မရှိပါဘူး။

ကျွန်မတို့ မိန်းမလျာတွေကလည်း မန္တလေးမြို့က မြို့မိမြို့ဖတွေကို ကိုယ့် မိဘသဖွယ် ရိုသေကိုင်းရှိုင်းကြပါတယ်။ မိမိကိုယ်တိုင်က အမျိုးသမီးစိတ် ခံယူထား တော့ မန္တလေးမြို့သူမြို့သားကိုကိုတွေက ပိုးပန်းတာရှိတော့လည်း စိတ်ရဲ့ ဖိုမ သဘာဝအရ ချစ်ခဲ့ကြပါတယ်။ အချိန်တန် တော့လည်း သူတို့တွေရဲ့ ခွဲခွာခြင်းတွေ ကနေ မျက်ရည်များနဲ့ ကျန်ခဲ့ရပါတယ်။ ဘဝကို ခံစားချက်များစွာနဲ့ ကျော်ဖြတ်ရင်း၊ ပျော်စရာ စိတ်ထွက်ပေါက်ပေးစ ရာရှာရင်း၊ ဆီဒိုးနားထောင့်မှာ သူငယ်ချင်းတွေနဲ့ စုစု ပြီး ရင်ဖွင့်ကြရင်း စကားပြောမိပါတယ်။

အချိန်ကြာလာတဲ့နဲ့အမျှ ဒီနေရာလေးက စုရပ်လေးဖြစ်လာတာပေါ့။ မိမိဘဝအကြောင်း တိုင်ပင်ကြ၊ မိမိတို့ အချစ်ရေး၊ စီးပွား ရေး၊ အိမ်တွင်းရေး၊ မိသားစုရေး တိုင်ပင်ရင်း ငါတို့တွေ ဘယ်လိုနေထိုင်သွားရင်း ဘယ် လိုပြုပြင်ပြောင်းလဲနေထိုင်ရင်းနဲ့ တစ်နေ့ မှာတော့ ငါတို့ကို ပတ်ဝန်းကျင်က လက်ခံ လာမှာပဲဆိုပြီး မိန်းမလျာအသိုင်း အဝိုင်းက မျှော်လင့်တောင့် တကြတယ်။

သူတို့လေး တွေကိုလည်း ပြုပြင်ပြောင်းလဲနေထိုင်ခွင့် အတွက် သင်တန်းတွေတက်ဖို့ သင်တန်း စည်းရုံးဖြစ်ပါတယ်။ (လိင်တူချစ်သူများ အ ခွင့်အရေးသင်တန်း တစ်ပတ်သင်တန်းပေါ့) သင်ခန်းစာထဲမှာပါတာက လိင်တူချစ်သူ များ ပတ်ဝန်းကျင်မှာ သရုပ်ပျက်မနေဖို့ကို အဓိကထား သင်ပါတယ်။ အခုလို အချိန် တွေကို အကျိုးရှိရှိနေတဲ့အချိန်မှာရဲတွေဖမ်းပါတယ်။

ခေါင်းစဉ်တပ်လိုက်တာက ကျွန်မတို့ ချစ်လှစွာသော လေးစားရပါသော မြို့မိမြို့ဖများကို အနှောင့်အယှက် ဖြစ်စေမှု တဲ့။ ကျွန်မအမြင်ကတော့ ဒါဟာ ကျွန်မတို့ နဲ့ မြို့မိမြို့ဖတွေကြားမှာ သွေးခွဲတယ်လို့ပဲ တွေးမိပါတယ်။ အခုအချိန်မှာ ကျွန်မတို့ တွေ မိန်းမလျာအချင်းချင်း စုမိရင် မိန်းမ သဘာဝအရလက်ချင်းရိုက်တာ၊ ဗန်းစကား ပြောတာတွေကတော့ ရှိမှာပါ။ တတ်နိုင်သ လောက် ပြုပြင်နေပါတယ်။ အနေအထိုင် အပြောအဆို အရင်ကထက်စာရင်တော့ အများကြီး တော်သွားကြပါပြီ။ သူတို့ပြော တဲ့မျက်စိနောက်စေတယ်ဆိုတာက စံသတ် မှတ်ချက်တစ်ခု ရှိရပါမယ်။

ဘယ်လိုနေတာ ထိုင်တာကအမြင်ကပ်စေတာလဲပေါ့။ သမီး တို့ကို ပြောပြမှ သိရမယ်မဟုတ်လား။ အဲဒီ တော့ သမီးတို့ကို သားသမီးလို ချစ်တဲ့ မြို့မိမြို့ဖတွေက သမီးတို့ကို သွန်သင် ပေးပါ။ ဆုံးမပေးပါ။ သမီးတို့ကို ချစ်တဲ့ မိဘတွေက သွန်သင်ဆုံးမရင် သမီးတို့က လည်း ပြုပြင်မှာပေါ့။ သမီးတို့ချစ်တဲ့ မြို့မိ မြို့ဖများရဲ့ဆုံးမစကားကို စောင့်စားလျက်။

ချစ်သမီးများ
Popular Myanmar News Journal

No comments:

Post a Comment