Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

“နှုတ်ခမ်းဖျားက ရေတံခွန်သံစဉ် နားဆင်ပါ မွန်´



(၁)
ဖွင့်လွယ်/ပိတ်လွယ်
ထိကရုံးပင်လို့အချစ်
ကိုယ် မမွေးခဲ့ပါဘူး မွန်
လျှာဖျားပေါ်တင်လို့
သိပ်ချိုတဲ့သကြားလုံး အတူတူ စားသုံးချင်မိတာ...
အခါးဓာတ်ရဖို့မှ မဟုတ်ဘဲ
“ယုံလိုက်ပါ... မွန်”
မိုးစက်တွေကြောင့် သစ်ပင်တွေ စိမ်းလန်းရသလို
ကိုယ့်အချစ်ကြောင့် မင်းလည်း
ပျှော်ရွှင်စေရမယ်။

(၂)
အင်ပြည့်အားပြည့်
ချစ်ခြင်းမေတ္တာ ယိုဖိတ်လို့
ကိုယ့်နှစ်ခမ်းနှစ်လွှာကြား ကမ်းပါးပြိုကျသံ
နားခါးတယ်ဆိုပြီး
မမုန်းလိုက်ပါနဲ့ မွန်
ချစ်သူ တစ်ချက်မဲ့ရင်တောင်
ဒီကောင် ကမ္ဘာအကျယ်မှာ နေစရာမရှိဘူး။

(၃)
မွန်က
လယ်ကွင်းဆို ကိုယ်ဟာ စာခြောက်ရုပ်
မွန်က
ဆံနွယ်ဆို ကိုယ်ဟာ ဘီး
မွန်က
ခဲတံဆို ကိုယ်ဟာ စာအုပ်
အရာရာအတွက်
ပါရမီဖြည့်ဘက် လိုတရလွယ်အိတ်လေးဟာ
ကိုယ့်နာမည်။

(၄)
အချစ်စစ်ဆိုတာ...
ဝင်ပေါက်တစ်တစ်ပေါက်တည်းထိုးတဲ့
အပ်ချည်ကြိုးမျှင်တစ်ချောင်း
ကိုယ့်နှလုံးသား “မင်းမှမင်းပဲ” မွန်
တင်းပြည့်ကျပ်ပြည့်
အစိုင်အခဲ၊ အစုအဝေး၊ ပုံဆောင်ခဲ
ပိရင်း သေနေတဲ့ကောင်ပေါ့။
မကျွတ်လွတ်နိုင်တဲ့နေရာမှ
ဒီတစ္ဆေကို လွတ်မြောက်ခွင့်ပေးပါတော့...။

(၅)
မွန်
တရားဝင်
ကိုယ်ထိလက်ရောက် ပြန်ချစ်လှဲ့ပါ။
ခြေတစ်ဖက်ပြတ် အိမ်မက်နဲ့တော့...
ဒီကောင် မပြိုလဲချင်ဘူး။

(၆)
နေရောင်အောက်
ကိုယ်ဟာ အရိပ်
လရောင်အောက်
ကိုယ်ဟာ သံစဉ်ချို
အေးအတူ၊ ပူအမျှ စည်းဝိုင်းထဲ
လှမ်းခဲ့ဖို့ နောက်တွန့် မနေပါနဲ့ မွန်။

(၇)
မှိုပွင့်ကို မြေမြိုရိုးထုံးစံမရှိဘူး မွန်
ခေါက်ကြည့်လိုက်...
ကိုယ့်အချစ် အဆံချောင်တဲ့ခေါင်းလောင်း မဟုတ်ဘူး။
ကြိုက်သလိုစစ်ပါ မွန်
အမြူတေအမှန်မို့
သေနတ်/ဓားလည်း မကြောက်တတ်။

(၈)
နိဂုံး
အဆွေးသစ်သားလို ကြေမွမသွားချင်ဘူး။
မွန်
ပန်းသီးမြစ်ပေါ်က နှလုံးသားယဉ်ကျေးမှုပြတိုက်
အတူတူသွားကြရအောင်...
ကျန်ခဲ့မှာလား... လိုက်ခဲ့မှာလား...
မွန့်သဘော
ဒီလှေက အပိတ်မရှိ
ခေတ်သစ်အာဒမ်တစ်ယောက်
နံရိုးတစ်ချောင်းရဲ့ အဖြေကို ဆာလောင်နေခဲ့... ။ ။

စေပိုင်ထွဋ်(ပုသိမ်)

No comments:

Post a Comment