Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 14, 2013

မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား



Monday, 15 July 2013

  နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့် ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်


မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူး

NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေကိုလည်း အများကြီးမဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုးကန့် သတ်မှုတွေရှိနေတာမျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါးအနေနဲ့ ရှုမြင်ဖို့ နန်းနန်းနည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်းနန်းဘုရားကိုကြောက်ပါသေးတယ်ရှင့်။


မေး။ Miss International ဖြစ်တဲ့ နန်းခင်ဇေယျာအနေနဲ့ လည်း ၉၆၉ကို လက်မခံဘူးလို့ ပြောခဲ့တယ်နော်။ ဒါနဲ့ ပတ်သတ်ပြီးရော?

NTM။ ဟုတ်ကဲ့။ မမနန်းခင်က နန်းနန်းလေးစားရတဲ့ လူတစ်ယောက်ပါ။ သူ့ ရဲ့ လုပ်ရပ်မှန်ကန်လိမ့်မယ်လို့ နန်းနန်းအကြွင်းမဲ့ယုံကြည်ပါတယ်။ သူ့ ကိုလည်း ၉၆၉မှာအသုံးချဖို့ ချဉ်းကပ်ခဲ့တယ်လို့ လဲ ထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။ နန်းကိုလည်း အခုလာပြောတဲ့လူတွေရှိပါတယ်။ ၉၆၉ကဘယ်လိုကောင်းပါတယ်ဆိုပြီး ပရိုမိုရှင်းလာလုပ်တဲ့လူတွေရှိတယ်။ ၉၆၉ က အကြမ်းမဖက်ဘူးလို့ လဲပြောသေးတယ်၊ အတင်းအဓမ္မ အကြမ်းဖက်ပြီးလက်ခံခိုင်းနေတယ်။ နန်းနန်းတို့ ကပွင့်လင်းသူတွေပါ။ ကိုယ်ကြိုက်တဲ့လမ်းကိုလျှောက်မှာပဲ။ အတင်းလာပြောလို့ လဲလက်ခံလိုက်မယ့် လူစားမျိုးထဲမှာ နန်းနန်းမပါဘူး။


မေး။ အခုလို မျိုးစောင့်ဥပဒေထဲမှာ လက်ထပ်ဖို့ အတွက် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့် သတ်ထားတာနဲ့ ရောဘာပြောလိုပါသလဲ

NTM။ နန်းနန်းတို့ ကဟောလီးဝုဒ်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ထားတာ။ ဒီလို အတွေးခေါင်လို့ မရဘူး၊ ခရစ်ယာန်နဲ့လည်းဆက်ဆံရမယ်၊ အစ္စလာမ်နဲ့ လည်း ဆက်ဆံရမယ်၊ လူဖြူလူမည်းအကုန်လုံးနဲ့ ဆက်ဆံရမှာပါ။
နိုင်ငံတကာက ဖက်ရှင်မင်းသားတွေလာရင်လည်း ကူးလူးဆက်ဆံရတာတွေရှိလာမယ်။ လက်ထပ်ဖို့ ဆိုတာကတော့ နောက်ထားပါ။ ဥပဒေရဲ့  ရည်ရွယ်ချက်ကိုက မရိုးသားဘူးလို့ နန်းနန်းပွင့်ပွင့်လင်းလင်းပြောပါရစေ။ နန်းနိုင်ငံရေး အရမ်းမသိပေမယ့် ဒီလောက်ကတော့သဘောပေါက်ပါတယ်ရှင့်။
နန်းနန်းလေးစားရတဲ့ ဦးကျော်သူ၊ မမနန်းခင်ဇေယျာ၊ ကိုနေတိုးတို့ ကလည်း ပြတ်ပြတ်သားသားပြောပြီးသားမို့ နန်းနန်းလည်း သူတို့ နဲ့ ထပ်တူပါပဲ။ နန်းနန်းအဲ့ဒီအမျိုးစောင့်ဥပဒေကြီးကို စိတ်မ၀င်စားသလို လက်လည်းမခံနိုင်ပါဘူး၊ နန်းနန်းလျှောက်တဲ့ အနုပညာလမ်းကို နိုင်ငံရေးလုပ်ကြံသူတွေအနေနဲ့ မပိတ်ဆို့ စေချင်ပါဘူး။


မေး။ ဟုတ်ပြီ၊ ညီမလေးရေ။နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးရှိရင်ရော
ပြောပါဦး၊ ပရိသတ်ကိုရော ဘာများပြောချင်သေးလည်း?

NTM။ နိုင်ငံရေးသမားတွေအနေနဲ့ လည်း အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး လက်ရှိအနုပညာလောကကို ခေတ်နောက်ပြန်ဆွဲဖို့ မကျိုးစားပါနဲ့ လို့ ။
နန်းနန်းကိုချစ်တဲ့ပရိသတ်ကိုလည်း နန်းနန်းကအရမ်းချစ်ပါတယ်လို့ ၊ နန်းနန်းရဲ့ ပရိသတ်ကြီး ကျန်းမာကိုယ်စိတ်မြဲပါစေလို့ ၊ လူမျိုးရေး ဘာသာရေး အရောင်တွေ မစွန်းထင်းကြပါစေနဲ့ လို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။


မေး။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

NTM။ ဟုတ်ကဲ့။ နန်းနန်းကလည်း အကိုတို့ ဂျာနယ်ကို အထူးကျေးဇူးတင်ပါတယ်။

မာဂျေ
ရွှေနိုင်ငံသစ် နေ့ စဉ်သတင်းစာ

-------------------------------------------------------------------------------------------
နန်းသီရိမောင် နှင့် မာဂျေ - ချုံခိုတိုက်ခိုက်ခံရခြင်း
ချုံခို တိုက်ခိုက်ခြင်းဆိုတာ စစ်တပ်ကသုံးတဲ့ စကားဖြစ်တယ်။ ရန်သူကို အသာစီးရယူပြီး ချေမှုန်းဖို့အတွက် ပုန်းကွယ်ပြီး စောင့်နေတဲ့ နေရာ။ အဲဒီနေရာကနေ ရန်သူက ဘယ်နေရာကနေ ကိုယ့်ကို ဘယ်သူပစ်နေတယ်ဆိုတာတောင် မသိလိုက်ဘဲ လုံးဝ ပြုတ်ပြုတ်ပြုန်းအောင် လုပ်နိုင်တယ်။

အခုလည်းအင်တာနက်ပေါ်က သတင်းဝက်ဘ်ဆိုက်တွေမှာ၊ လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ မမှန်သတင်းတွေ၊ မမှန် ရုပ်ပုံတွေတင်ပြီး တစ်ဖက်သားကို အသေဆော်နေကြတယ်။ ရံဖန်ရံခါမှာ မာဂျေတို့လည်း အဲဒီသတ်ကွင်းမှာ အဆော်ခံရလေ့ရှိတယ်။

ဘယ်သူတွေကို အဲဒီနေရာကနေ ချုံခိုတိုက်လေ့ ရှိသလဲဆိုတော့ ထင်ရှားကျော်ကြားသူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ နာမည်ကြီး စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ စသဖြင့်ပေါ့။

အင်တာနက်ဆိုတာ လက်သီးပုန်း အလွန်ထိုးလို့ကောင်းတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်လည်း ဆိတ်ဖွားဆိုတဲ့ကလောင်နဲ့ လွှတ်တော်အပါအဝင် အဖွဲ့အစည်းများစွာကို၊ ပုဂ္ဂလိကတွေကို တိုက်ခိုက်နေတဲ့ ကလောင်ကို ဖော်ထုတ် မရခဲ့ဘူး။ လွှတ်တော်လို အဖွဲ့အစည်းကတောင် မဖော်ထုတ်နိုင်မှတော့ ကျန်သူတွေက သူတို့ကိုဘယ်သူဘယ်ဝါက တိုက်ခိုက်အပုပ်ချပါတယ်ဆိုတာ ဘယ်လိုရှာနိုင်တော့မလဲ။

မနေ့က တနင်္ဂနွေနေ့မှာ ဆရာစံပလာဇာ ငါးထပ်မှာလုပ်နေတဲ့ ဆိုရှယ် မီဒီယာနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု သွားတက်နေတယ်။ အဲဒီအချိန်မှာ ရွှေနိုင်ငံသစ်က ဖုန်းဝင်လာတယ်။ ကိုင်လိုက်တော့ ဆရာနဲ့ နန်းသီရိမောင်တို့ မျိုးစောင့်ဥပဒေ ဆန့်ကျင်ရေး အင်တာဗျူးလုပ်ပြီး ရွှေနိုင်ငံသစ်သတင်းစာမှာ ဖော်ပြထားတယ်ဆိုပြီး အင်တာနက်မှာ တက်နေတယ်။ ဆရာ တကယ် အင်တာဗျူး လုပ်ထားသလားတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အမေရိကန်က ပါမောက္ခတစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာ ဆွေးနွေးပွဲတက်နေချိန်မှာ ဒီဖုန်းကဝင်လာတယ်။

နေစမ်းပါဦး။ နန်းသီရိမောင်ဆိုတာလည်း ငါမသိဘူး။ မင်းတို့ဆီကို နေ့စဉ် ငါပို့နေတဲ့ဆောင်းပါးတွေက တိုင်းပြည်ရဲ့ စနစ်ကို ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးတွေလေ။
ငါဘယ်သူနဲ့အင်တာဗျူးတာ မင်းတို့ဆီ ပို့ဖူးလို့လဲဆိုပြီး ပြောလိုက်မှ ဒါဆိုရင် ကျွန်တော်တို့ အင်တာနက်ပေါ်တက်ပြီး ဆရာနဲ့မပတ်သက်ကြောင်း ရှင်းလိုက်ဦးမယ်တဲ့။

နေ့လယ်မှာ စကိုင်းနက်ရုပ်သံက ကိုအောင်ဖြိုးဝင်း ဖုန်းဆက်လာတယ်။ သူလည်း ဒီကိစ္စမေးတာပဲ။ သူက ဘာဆက်ပြောလဲဆိုတော့ နန်းသီရိမောင်ကပြောတယ်။ ရွှေနိုင်ငံသစ်သတင်းစာကို သူတရားစွဲလို့ ရ၊ မရတဲ့။

ဒီတော့ ပြန်ပြောလိုက်ရတယ်။ ဟ...ရွှေနိုင်ငံသစ် သတင်းစာမှာ အဲဒီအကြောင်းမှ ဖော်ပြမထားပဲ။ ဒါသက်သက်မဲ့ နန်းသီရိမောင်ကိုရော၊ ငါ့ကိုရော ချတာလို့ ဖြေလိုက်ရတယ်။

ခဏနေပြန်တော့ နန်းသီရိမောင် ဆီကဖုန်းလာတယ်။ ကလေးမလေးက တော်တော်တုန်လှုပ်နေပြီး ဆရာရယ် ဆရာနဲ့သမီးသိလည်း မသိ၊ ဘာအင်တာဗျူးမှလည်း မလုပ်ဖူးပဲနဲ့ သမီးဖေ့စ်ဘွတ်ပေါ်မှာ အဲဒီလိုပြောရမလားဆိုပြီး ဝိုင်းဆဲထားကြတယ်တဲ့။

ဒီတော့မာဂျေက သမီးရေအဲဒါ လက်သီးပုန်းထိုးတာ၊ ကိုယ်ပြောတာမှ မဟုတ်ပဲ။ သိပ်လည်း ထိတ်လန့်တုန်လှုပ်မနေနဲ့။ ဒါ သမီးကိုရော၊ ဆရာ့ကိုရော တစ်ပြိုင်တည်း တိုက်ခိုက်တာဖြစ်တယ်။ ဆရာ အဲဒီစာကို ဖတ်ပြီးပြန်ရေးပေးမယ်လို့ ပြောလိုက်ရတယ်။

ပြီးခဲ့တဲ့လကလည်းနာမည်ကြီး မီဒီယာတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်က အသက်မပြည့်တဲ့ ကောင်မလေးနဲ့ လိင်ဆက်ဆံတဲ့သတင်းကို The Voice ဂျာနယ်မှာ ဖော်ပြဆိုပြီး အင်တာနက်ပေါ်မှာ လုပ်ကြံဖူးတယ်။ အဲဒါလည်း လုံးဝမဟုတ်တဲ့ ကိစ္စ။

အခုလည်း အင်တာနက်ဆိုတာကို တယ်လီဖုန်းပေါ်ကနေ သုံးလို့လည်းရပြန်၊ လူတိုင်းလည်း တယ်လီဖုန်း သုံးနိုင်ပြန်ဆိုတော့ ဒီမဟုတ်တဲ့ သတင်းကြီးက ချက်ချင်းပြန့်သွားတာပေါ့။

အဲဒီလူတွေကို ဘုရားသာ သက်တော်ထင်ရှားရှိသေးရင် မကြံအပ်မစည်အပ်တဲ့ အရာကိုကြံတတ်တဲ့ ဧတဒင်္ဂဘွဲ့ပေးမှာ သေချာတယ်။ ဒီစာရေးနေတုန်း လျှပ်တစ်ပြက်ဂျာနယ်က တာဝန်ခံအယ်ဒီတာ ဝဏ္ဏ(အွန်လိုင်း) က ဖုန်းဆက်လာပြန်တယ်။ ကျွန်တော်တို့နဲ့လည်း အင်တာဗျူးလေး ဘာလေး လုပ်ဦးလေတဲ့။ သူကတော့ စတာပါ။ ဒါပေသိ စိတ်ကအတော် နောက်လာပြီ။ မင်းတို့ကလည်း မဟုတ်မှန်း သိနေတာပဲ။ ပြန်ပြီးရှင်းပေးကြဦးလို့ ပြောလိုက်ရတယ်။

ဘယ်မှာ အဲဒီသတင်းတွေ့လဲ ဆိုတော့ myanmardailynews.org ရဲ့ ဖေ့စ်ဘွတ်မှာ မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင် ပြောကြားဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာ။

တခြား အင်တာနက်သတင်း ဝက်ဆိုက်တွေမှာလည်း ပွနေတာပဲ တင်ထားကြတာ။ သူတို့ရေးမှ မာဂျေတောင် သတင်းထောက် ဖြစ်သွားတယ်။

လိုရင်းကို ရေးရရင် ဦးဝီရသူကို သံဃာတစ်ပါးအဖြစ် ရှုမြင်ဖို့ တွေဝေမိတယ်တို့၊ နန်းခင်ဇေယျာတို့၊ ကျော်သူတို့၊ နေတိုးတို့ ကလည်း မျိုးစောင့်ဥပဒေကို လက်မခံလို့ နန်းသီရိမောင်ကလည်း သူတို့နဲ့ ထပ်တူပါပဲတို့၊

နိုင်ငံရေးသမားတွေအနေနဲ့လည်း အနုပညာရှင်တွေကို အသုံးချပြီးခေတ်နောက်ပြန်ဆွဲဖို့ မကြိုးစားသင့်ကြောင်းတို့ စသဖြင့် အင်တာဗျူးမှာ ဖြေထားတာ။ ပြောရရင်ဖြင့် သံဃာထုနဲ့ နန်းသီရိမောင်ကို ထိပ်တိုက်တွေ့ခိုင်းလိုက်တာပဲ။

ဖတ်လိုက်တာနဲ့ သိပါတယ်။ ဒါသက်သက် လုပ်ကြံထားတဲ့စာ ဆိုတာကို။ ရွှေနိုင်ငံသစ်သတင်းစာကို နေ့စဉ်ဖတ်နေတဲ့ သူတွေကလည်း မဟုတ်ဘူးဆိုတာ သိမှာပဲ။

ခက်တာက အင်တာနက်ပဲသုံးတဲ့ အများစုက ဒီကလေးမ တကယ် ဒီလိုဖြေထားတယ် ပဲထင်ကြမှာလေ။ နန်းသီရိမောင်ကို မေးကြည့်တယ်။ ဆရာ မဟုတ်တောင် တစ်ယောက်ယောက်ကို အဲဒီလိုများ ပြောခဲ့သလားလို့။ နန်းသီရိမောင်က ဆရာရယ် ဘယ်သူ့ကမှ သမီးကို အဲဒီလိုလာမမေးသလို၊ သမီးကလည်း အဲဒီလိုမဖြေခဲ့ရပါဘူးတဲ့။

ဒီတော့ ဒီအင်တာဗျူးနဲ့ပတ်သက်ပြီး မေးတယ်ဆိုတဲ့ မာဂျေကလည်း မမေးခဲ့ဘူး၊ ဖြေတယ်ဆိုတဲ့ နန်းသီရိမောင်ကလည်း မဖြေခဲ့ပါဘူးဆိုရင်တော့ ပြည်သူအများ ရှင်းလောက်ပါပြီနော်။

ငယ်ရွယ်ပြီး အနုပညာလောကထဲကို ဝင်ခါစ မြန်မာတိုင်းရင်းသူလေးတစ်ယောက်ကို ဒီလိုလက်သီးပုန်းထိုးပြီး အညွှန့်ချိုးတာကတော့ လက်မခံနိုင်စရာ ဖြစ်ပါတယ်။

ဒီလိုကိစ္စကို အရေးမယူဘဲ လျစ်လျူရှုထားမယ်ဆိုရင် တစ်နေ့တခြား အင်တာနက်ပေါ်မှာ မဟုတ်တဲ့သတင်းတွေ နေရာယူပြီး ကြီးကြီးကျယ်ကျယ် ပြောရရင် အာရပ်နိုင်ငံတွေ ပြိုကွဲသလို တိုင်းပြည်ပါ ဒုက္ခရောက်သွားနိုင်ပါတယ်။ သက်ဆိုင်ရာအနေနဲ့ ဘယ်သူတွေ ဘယ်လိုဝေဖန်ဝေဖန် အင်တာနက်ပေါ်က ရာဇဝတ်မှုတွေကို တားဆီးပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။

စာပေလောက လွတ်လပ်ပြီး ရေးချင်တာရေးလို့ရနေတဲ့ အချိန်မှာ ဒီလိုပုဂ္ဂိုလ်ရေးအရ အပုပ်ချတိုက်ခိုက်လက်သီးပုန်းထိုးတဲ့ စာတွေကိုလည်း ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ ဒီနေရာကနေ နှိုးဆော်လိုက်ရပါတယ်ဗျာ။

မာဂျေ
ဇူလိုင် ၁၅ ရက် (တနင်္လာနေ့)ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၀၀၁)

No comments:

Post a Comment