Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 22, 2013

ကျင်ငယ်ရည်ဖြင့် အားဖြည့်သွင်းရသည့် မိုဘိုင်းလ်ဖုန်း တီထွင်

ဗြိတိန်နိုင်ငံမှ သုတေသီများသည် ကျင်ငယ်ရည်မှတစ်ဆင့် စွမ်းအင်ထုတ်နုတ် အသုံးပြုနိုင်မည့် မိုဘိုင်းလ်ဖုန်း တစ်မျိုးကို တီထွင် ဖန်တီးလိုက်သည်။ ဘရစ္စတို စက်ရုပ် သုတေသန စင်တာနှင့် UWEမှ ပညာရှင်များသည် ကျင်ငယ်ရည်ကို လောင်စာအဖြစ် အသုံးပြုကာ စွမ်းအင်ထုတ်ပေးသည့် Microbial Fuel Cellလေးများ ပါရှိသည့် မိုဘိုင်းလ်ဖုန်း တစ်လုံးကို ပြုလုပ်ပြခဲ့ကြောင်း ကြေညာသွားသည်။ ယခုတီထွင်မှုသည် ကျင်ငယ်ရည်ကို အသုံးပြုကာ မိုဘိုင်းလ်ဖုန်း တစ်လုံးကို ပထမဆုံးအကြိမ် အားသွင်းနိုင်သည့် မှတ်တိုင်သစ်ဟုလည်း ဆိုသည်။ အနာဂတ်ကာလ စွမ်းအင် ခြွေတာမှု ရည်မှန်းချက်တွင် မိမိတို့၏ နည်းပညာသစ်သည် မိုဘိုင်းလ်ဖုန်း အတွက်တင်သာ မကဘဲ ရေချိုးခန်းထဲတွင် လျှပ်စစ် မုတ်ဆိတ်ရိတ်စက်များ၊ ရေချိုးရေပန်းများ အတွက်ပါ အသုံးဝင်လာမည်ဟု ပညာရှင်များက ယူဆထားသည်။



လက်ရှိ နည်းပညာကို မွမ်းမံ မြှင့်တင်မှုများ ပြုလုပ်ပြီးပါက မကြာမီ အချိန်အတွင်းတွင်ပင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ဆက်သွယ်ရေး ကိရိယာကို ကျင်ငယ်ရည်ဖြင့် အားဖြည့်နိုင်တော့မည် ဖြစ်သည်။ MFCဟု အတိုကောက် ခေါ်ဝေါ်သည့် Micro Fuel Cellလေးများသည် စက်ဆုပ်စရာဟု ယူဆသည့် စွန့်ပစ်ပစ္စည်းကို စွမ်းအင်ရင်းမြစ် ဖြစ်လာစေမည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါ နည်းပညာကို Pysical Chemistry Chemical Physics ပညာရင်ဆိုင်ရာ ဂျာနယ်ဖြစ်သော Royal Society of Chemistryတွင် ဖော်ပြခဲ့သည်။



ယခုဖန်တီးမှုတွင် ဦးဆောင် ပါဝင်သူ တစ်ဦးဖြစ်သော ဒေါက်တာ အိုင်ယွန်နစ် အိုင်ရိုပူးလော့စ်က "ဘယ်သူကမှ ဆီးထဲက စွမ်းအင်ထုတ်ဖို့ စိတ်ကူးမိမယ် မထင်ဘူး။ ဒီတွေ့ရှိချက်ဟာ စိတ်လှုပ်ရှားစရာပါ။ စွန့်ပစ် ပစ္စည်းကို စွမ်းအင်ရင်းမြစ် တစ်ခုဖြစ်လာစေတာဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်လင့်ချက်အတွက်တော့ ကောင်းမွန်တဲ့ ခြေလှမ်း တစ်ရပ်ပါပဲ။ ဘယ်တော့မှ ကုန်ဆုံးသွားမှာ မပူရတဲ့ စွမ်းအင် ရင်းမြစ် တစ်ခုက ကျွန်တော်တို့ လူသားတွေရဲ့ ကျင်ငယ်ရည်ပဲ မဟုတ်လား။ MFCလေးတွေကို ကျင်ငယ်ရည် ဖြတ်သန်းသွားချိန်မှာ ထွက်ပေါ်လာတဲ့ စွမ်းအင်တွေကို စုဆောင်းပြီး ကျွန်တော်တို့ Samsung မိုဘိုင်းလ်ဖုန်း တစ်လုံးကို အားသွင်းနိုင်ခဲ့တယ်"ဟု ပြောကြားခဲ့သည်။



၎င်းက "ဒီစွမ်းအင် ရင်းမြစ်က ကျွန်တော်တို့ နေတွေ၊ လေတွေကိုလည်း မှီခိုစရာ မလိုဘူးလေ။ ကျွန်တော်တို့ စမ်းသပ်ထားချက်အရ လက်ရှိ စွမ်းအင် စုဆောင်းနိုင်စွမ်းက ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ SMS ပေးပို့မှု၊ အင်တာနက် ရှာဖွေမှုနဲ့ ဖုန်းခေါ် စကားပြောမှုတွေအတွက် အဆင်ပြေပါတယ်"ဟု ဆိုသည်။ သို့သော်လည်း မိုဘိုင်းလ်ဖုန်းများအတွက် စွမ်းအင်လိုအပ်ချက် အပြည့်အဝ ဖြည့်ဆည်းနိုင်ရန်မူ ဆက်လက် မြှင့်တင် ကြိုးပမ်းမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ "စမ်းကြည့်တာတော့ ဖုန်းခေါ်တဲ့အခါ တခြားလုပ်ဆောင်မှုတွေထက် စွမ်းအင် ပိုကုန်တယ်။ ကျွန်တော်တို့ အနေနဲ့ အားသွင်းထားတဲ့ ဘက်ထရီကို ပိုပြီး ကြာကြာခံအောင်တော့ လုပ်ရဦးမယ်လေ။ လောလောဆယ် နည်းစနစ်ကို စမ်းသပ်တယ်။ အလုပ်ဖြစ်တယ်။ ဖြစ်စဉ်ကို ပိုကောင်းအောင် ကျွန်တော်တို့ လုပ်ရမယ်။ အနာဂတ်မှာ ဖုန်းတစ်လုံးကို အပြည့်အဝ အားသွင်းနိုင်အောင် လုပ်လာနိုင်မှာပါ"ဟု အိုင်ရိုပူးလော့စ်က ပြောကြားသွားသည်။ 

http://www.planet.com.mm/news/read.cfm/id/21226

No comments:

Post a Comment