Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 26, 2013

အောင်မြင်သူတို့ လျှောက်လှမ်းရာ(မြန်မာလူမျိုး Senior Network Engineer တစ်ဦးနှင့် တွေ့ဆုံခြင်း)


ကျနော် စင်္ကာပူ ရောက်တုန်းရောက်ခိုက် မြန်မာလူမျိုး အိုင်တီလောက သား အချို့ နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ကျနော် မြန်မာပြည်မှာရှိစဉ်က ပြည်ပမှာ တို့မြန်မာတွေ အောက်ကျနောက်ကျ လုပ်နေရတာပါကွာလို့ လွယ်လွယ်မှတ် ယူခဲ့ဖူးတယ်။ စင်္ကာပူရောက်တော့မှာ လုပ်ငန်းခွင်မှာ တကယ် ဦးဆောင်နေကြတဲ့ အိုင်တီပရော်ဖက်ရှင်နယ် အမြောက်အမျာ...း တွေ့ခဲ့ ရပါတယ်။ အားလည်းအားရတယ်။ ဂုဏ်လည်းဂုဏ်ယူ မိပါတယ်။ ယင်းထဲမှာ လုပ်ငန်းခွင်အတွင်း ဦးဆောင်နေတဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ဦးဖြစ်တဲ့ မန္တလေးသား ကိုစိုင်းလင်းသူနဲ့ စတင်မိတ်ဆက်ပေးရတာပေါ့။

သူက လက်ရှိ Fujitsu မှာ Senior Network Engineer ပါ။ သူရခဲ့တဲ့ ဘွဲ့တွေ၊ အောင်မြင်ထားတဲ့ ပညာအရည်အချင်းတွေကို တစ်ခုချင်း ပြရမယ် ဆိုရင် -

Bc. Sc
MCSE+Security and Messaging
CCNA, CCNP, CCIE (Routing, Switching and Service Provider: Written)
JNCIS (Juniper Network Certified Internet Specialist)
ITIL ISO 20,000
Scholarship Candidate of International MBA Program, GLOBIS Univertisy Japan.

အသက် ၂၈ နှစ်ပဲ ရှိပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဒီလောက် ပညာအရည်အချင်းရှိတာလဲ။ သူဘယ်လိုကြိုးစားခဲ့သလဲ။ ဘဝကိုဘယ်လို ဖြတ်သန်းလဲ။ ဘယ်လိုခံယူချက်ရှိသလဲ အစရှိသဖြင့် စပ်စုမိခဲ့ကြည့်ပါတယ်။ ခု ကျနော် စပ်စုခဲ့တာလေးတွေ ပြန်ချပြရတာပေါ့။

မေးသူ - ကိုစိုင်းလင်းသူ ပညာရေး သမိုင်းလေးပြောပြပေးပါအုံး။

စိုင်းလင်းသူ - ဟုတ်။ မန္တလေးမှာ ကွန်ပြူတာတက္ကသိုလ်မှ ဘွဲ့ရတယ်။ စင်္ကာပူမှာ Cisco စာမေးပွဲတွေ တစ်ခုပြီးတစ်ခုဖြေတယ်။ မေးပြီးသား ထပ်မမေးပါနဲ့ဗျာ။ (ရယ်လျက်)

ကျနော် - ဒါနဲ့ အကိုက ၁၀ တန်းအောင်တော့ ဆေးကျောင်းတတ်ဖို့အမှတ် မီတယ်ဆို။ ဘာလို့ အိုင်တီပညာရပ်ကို လေ့လာဖြစ်လိုက်လဲ။

စိုင်းလင်းသူ - အင်း။ မိဘတွေကလည်း ကျနော့ကို ဆရာဝန်ဖြစ်စေချင် ခဲ့ဖူးတယ်။ ခက်တာက ကျနော်က မဖြစ်ချင်ဘူး။ အိုင်တီပညာရပ်ကိုပဲ လေ့လာဖို့ အားသန်နေတဲ့ သူပါ။ မိသားစုက ဆင်းရဲတယ်ဗျ။ ဒီတော့ ဆရာဝန်ဖြစ်မှ ဂုဏ်ရှိ၊ ငွေရှိ နေရမယ် ဘာညာ ခံယူချက် အရိုက်သွင်းခံရတာပေါ့။ သို့ပေမယ့် ကျနော် ငြင်းဆန်ပြီး မန္တလေးက ကွန်ပြူတာ တက္ကသိုလ်ကိုပဲ တက်ဖြစ်ခဲ့တယ်။

အဆင်မပြေပါဘူးဗျား။ ကျနော် ကွန်ပြူတာ တက္ကသိုလ်တက်တဲ့ ၂၀၀၂ ခုနှစ် ကာလဆိုတာ ဘာမှသိပ်မရှိသေးဘူး။ ဒီတော့ အပြင်သင်တန်း တက်ဖြစ်တယ်။ အပြင်က ဖွင့်တဲ့ အိုင်တီသင်တန်းတစ်ခုက ဒီပလိုမာ ကို ကျနော် ရအောင် ယူနေပြီ။ ကျောင်းတစ်ဖက်နဲ့ပေါ့။ ငွေကြေးမချမ်းသာတဲ့ ကြားထဲက အဲ့တုန်းက ကွန်ပြူတာဝယ်ဖို့ ပိုက်ဆံတွေ၊ သင်တန်းကြေးတွေ ပေးခဲ့တဲ့ မိဘကျေးဇူးတွေ ဒီနေ့ထိ အမှတ်ရနေတုန်းပဲ။ ဒါနဲ့ ကွန်ပြူတာတက္ကသိုလ်က ဘွဲ့လည်းရ၊ အပြင်အိုင်တီ ဒီပလိုမာလည်းရ ကျောင်းပြီးပါတယ်။

ပြီးတော့ ရန်ကုန်ရောက်တယ်။ ရန်ကုန်မှာ Linux တွေ၊ OS တွေကို စလေ့လာပြီ။ သို့ပေမယ့် အဲ့အချန်ထိ အိုင်တီမှာ ဘယ်လမ်းကြောင်း လျှောက်ရမလဲ တွေဝေနေတုန်းပဲ။ System ပိုင်းကို သွားရမလား၊ Software application ပိုင်းကို သွားရမလား၊ Network ပိုင်းလား ဇဝေဇဝါနဲ့ ဟိုယောင်ဒီယောင်ဖြစ်တာပေါ့ဗျာ။ ဟိုယောင်ဒီယောင် ဆိုလို့ အချိန်ဖြုန်းတာ မဟုတ်ဘူးနော်။ ပညာတွေကို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ လေ့လာဖြစ်နေတာပေါ့။ နောက်တော့ သင်တန်း တစ်ခုတက်ဖြစ် လိုက်တယ်။ Network Engineering ပေါ့။ အဲ့ကစလို့ Networking ပိုးက ဝင်သွားပြီ။ ဘယ်လမ်းက ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ် ဆိုတာ သိလိုက်ပြီ။ Networking လမ်းကြောင်းကို ရွေးချယ်ဖြစ်ခဲ့တယ် ဆိုပါတော့။

မေးသူ - အကို စင်္ကာပူကို ဘယ်လိုရောက်လာတာလဲ။ ဘယ်လိုရည်ရွယ်ချက် ရှိခဲ့လဲ ပြောပြပါအုံး။

ကိုစိုင်းလင်းသူ - ၂၀၀၇ ခုနှစ်က ရောက်တာပါ။ ရောက်ရောက်ချင်း ၁၀ ရက်ပြည့်ရုံမှာပဲ ဂျူနီယာ network engineer အလုပ်ရတယ်။ ဘာလို့လဲဆို ၁၀ ရက်အတွင်း ကျနော် CCNA (Cisco Certified Network Administrator) စာမေးပွဲဖြေလိုက်တာကိုး။ ဒီလိုနဲ့ တစ်နှစ်အတွင်း CCNP ဆက်ဖြေဖြစ်တယ်။ ပြီးတော့ CCIE ဆက်ဖြေတယ်။ နောက်တော့ Cisco တင် မကတော့ပဲ Juniper စာမေးပွဲတွေပါ ဖြေဖြစ်လိုက်တယ်။ အလုပ်တစ်ဖက် နဲ့ စာမေးပွဲ ကို ၄ နှစ် ဝန်းကျင်အတွင်း အပြီးသတ်ခဲ့တယ် ဆိုပါတော့။

မေးသူ - ဟာ. CCIE ပြီးပြီဆိုတော့ တော်တော်ကြီး ခရီးရောက်သွားပြီပဲ။ ထပ်ဖြေဆရာ စာမေးပွဲက သိပ်မှမရှိတော့တာ။

ကိုစိုင်းလင်းသူ - အဲ့လိုလဲ မဟုတ်ပါဘူးဗျား။ ဖြေမယ်ဆိုရင် ဆက်ဖြေလို့ ရပါတယ်။ နိုင်ငံတကာမှာလည်း အများစုက CCIE နဲ့တင် ရပ်လိုက်ကြ ပါတယ်။ နောက်ပိုင်းကို လုပ်သက်နဲ့ အတွေ့အကြုံက ပိုအဓိကကျသွားပြီ။ ဒီတော့ Cisco တင်မကပဲ Juniper စာမေးပွဲမှာ ၂ ခုဖြေဖြစ်ခဲ့တာပေါ့။

မေးသူ - အားကျတယ်ဗျာ။ စားမေးပွဲတွေဖြေရတဲ့အပေါ် ဘယ်လိုခံယူချက် ထားလဲ အကို။

ကိုစိုင်းလင်းသူ - အမှန်တော့ စာမေးပွဲက စာမေးပွဲ၊ အလုပ်က အလုပ်ပဲဗျ။ စာမေးပွဲမှာအမှတ်ကောင်းတိုင်းလဲ အလုပ်မှာ အောင်မြင်ဖို့က ခက်ခဲတယ်။ ကျနော်ကတော့ စာမေးပွဲကို မဖြစ်မနေမို့လို့ ဖြေခဲ့တာ။ လက်မှတ်လေးရှိမှပဲ အလုပ်က ရမှာကိုး။ ခုတော့ သူများကို အင်တာဗျူးရတဲ့ အနေအထား ရောက်ပြီပေါ့ဗျာ။ (ရယ်လျက်)

မေးသူ - ကိုစိုင်းလင်းသူ အင်တာဗျူးဖြစ်ခဲ့တဲ့ အလုပ်ရှာသူ Network Engineer များကို အကြံပြုစကားလေး ပြောပြပါအုံး။

ကိုစိုင်းလင်းသူ - ကျနော် အတော်များများကို အလုပ် အင်တာဗျူးဖြစ်တယ်။ လူမျိုးပေါင်းစုံပဲ။ စင်္ကာပူ၊ တရုတ်၊ မလေး၊ ထိုင်း၊ အင်ဒို၊ မြန်မာ၊ ဥရောပသား အစရှိသဖြင့် တော်တော်များများ ကျနော့ဆီ အင်တာဗျူးဝင်တယ်။ ကုမ္ပဏီမှာ အင်ဂျင်နီယာလိုလာပြီဆိုရင် လူတော်ရွေးထည့်ပေးရမှာ ကျနော့ တာဝန်ပဲလေ။ အင်တာဗျူးမှာ Self confidence ကအရေးကြီးတယ်။ ပြီးတော့ တကယ်တတ်ဖို့လည်း အရေးကြီးတယ်။ အများးစုက လက်မှတ်ရှိရုံနဲ့ အလုပ်လာလျှောက်ကြတယ်။ တကယ် မေးလိုက်တဲ့ အချိန်မှာ တတ်ထားတာတွေ ဘာမှသိပ်မရှိဘူးဆိုတာ တွေ သိလိုက်ရပါတယ်။ ကိုယ်က ခန့်ချင်ပေမယ့် အလုပ် အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နောက်ဆို ပြဿနာက ကိုယ့်ခေါင်းပေါ်ရောက်မှာလေ။ ဒီတော့ တကယ်တတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြည့်နေတဲ့ သူမျိုးကို ပိုလိုအပ်တာပေါ့။

မေးသူ - ကိုစိုင်းလင်းသူ လခဘယ်လောက်ရသလဲဗျာ။ ဟဲဟဲ။ လူငယ်လေးတွေကို အားကျပြီး ကြိုးစားချင်စိတ် ပေါက်သွားအောင်ပါ။

ကိုစိုင်းလင်းသူ - အမ်။ မနောက်ပါနဲ့ဗျား။ နိုင်ငံတကာမှာ CCIE တွေ လခ ဘယ်လောက်ရသလဲ အယ်ဒီတာကြီးပဲ လေ့လာကြည့်လိုက်။ ပြီးတော့ စာဖတ်သူတွေကုန်ပြန်ပြောပြပေါ့ဗျ။ (ရယ်လျက်) နောက်တာပါဗျာ။ စင်္ကာပူ ၈ ထောင် ဝန်းကျင်ပါ။

မေးသူ - ဟား... ။ တယ်များပါလား။ တကယ်လေးစားတယ်ဗျာ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး ဒီလောက်ရဖို့ ဆိုတာ လွယ်တဲ့အနေအထားမှ မဟုတ်တာ။ ဒီလောက်များတဲ့ ငွေ ကိုစိုင်း ဘယ်နေရာမှာ သုံးမလဲ အဟဲ။

ကိုစိုင်းလင်းသူ - ကျနော်ငွေရှာနေတာ မဟုတ်ဘူးဗျ။ ငွေကလည်း ဘဝပန်းတိုင် မဟုတ်ဘူး။ ဒီငွေတွေနဲ့ ကျနော် အများကောင်းကျိုးတွေ လုပ်ဖြစ်တယ်။ မြန်မာပြည်အတွက် စာလုပ်တွေဝယ်လှူဖြစ်တယ်။ ဒါထက် အကြီးမားဆုံးကတော့ သင်တန်းပေါ့။ ကျနော် ကိုယ်တိုင် လျှောက်ခဲ့တဲ့ လမ်းက အတော်ရှည်တယ်ဗျ အမှန်တော့ Network အင်ဂျင်နီယာ ဖြစ် ဖို့ လျှောက်ရမယ့်လမ်းက အဲ့လောက် မကြာဘူး။ ဒီတော့ အချိန်တိုတိုလေး အတွင်း Network Engineer တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရ မယ်ဆိုတာကို ကျနော် ပြချပြချင်တယ်။ သင်ပေးချင်တယ်။ ဒီတော့ သင်တန်းဖွင့်ဖြစ်လိုကတယ်။ ဒီအတွက်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်တာနဲ့တင် တော်တော်ကုန်တယ်။ ကျနော့အတွက် အေးဆေး ပါပဲ။ မြန်မာ လူမျိုးတွေအတွက် လုပ်ပေး တာပါ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ အများနဲ့ ရင်ဘောင်တန်းလို့ အိုင်တီပရော်ဖရှင် တစ်ယောက်ဖြစ်အောင် ကျနော် လုပ်ပေးချင်တဲ့ စေတနာ တကယ်ရှိတယ်။

ဒီတော့ ကျနောနဲ့ သူငယ်ချင်း အချို့ ပေါင်းပြီး RHC Technologies အမည်နဲ့ စင်္ကာပူမှာ Network Engineering သင်တဲ့ ကျောင်းလေးအဖြစ် စဖွင့်ဖြစ်တယ်။ https://www.facebook.com/RhcTechnologies

အဲ့ကျောင်းကနေ ကျနော် မြန်မာလူမျိုးတင်မက အခြား နိုင်ငံခြားသား Networking Engineer တွေမွေးထုတ်ပေးပြီးပြီ။ လက်ရှိလည်း သင်ကြား ပေးနေတယ်။ ကျနော်တို့ မွေးထုတ်ပေးခဲ့တဲ့ Networking ပရော်ဖက်ရှင်တွေ အတော်များတယ်ဗျ။ page မှာသာ ဝင်ကြည့်လိုက်ဗျာ။ (ရယ်လျက်)

မေးသူ - ဟာ.. ကောင်းတာပေါ့ဗျ။ ကိုစိုင်းရဲ့  Acitivity တွေက တကယ် လေးစား အားကျစရာပဲ။ စင်္ကာပူမှာပဲလား။ မြန်မာပြည်မှာကော လုပ်ဖို့ အစီအစဉ် ရှိသေးလား။

ကိုစိုင်းလင်းသူ - လုပ်မှာပေါ့ဗျာ။ အရင်နှစ်က မြန်မာပြည်မှာ ဟောပြောပွဲ တစ်ခု လုပ်ဖြစ်တယ်လေ။ တော်တော်များများလာကြပါတယ်။ နောက် တစ်လ၊ နှစ်လ အတွင်းလည်း မြန်မာပြည် ပြန်လာဖို့ ရှိတယ်။ ဟောပြောပွဲ တင် မကတော့ဘူး။ သင်တန်းလိုမျိုးဖြစ်လာအောင်ကိုပါ ကြိုးစားလုပ်ယူမှာ မို့ပါ။

မေးသူ - ကျေးဇူးပဲဗျာ။ အခုလို တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်ရှိနေတဲ့ မြန်မာလူမျို အိုင်တီပညာရှင်နဲ့တွေ့ရတာ ကျနော် အင်မတန် ဝမ်းသာတယ်ဗျာ။

ကိုစိုင်းလင်းသူ - ဟဟ. အယ်ဒီတာကြီး ကျနော့ကို မြောက်တာများနေပြီ။ စားချင်တာရှိရင်ပြောပါ။

မေးသူ - တကယ်ပြောတာပါဗျာ။ မြန်မာပြည်က လူငယ်တွေအတွက် အမှာစကားလေး ပြောပေးပါအုံး အကို။

ကြိုးစားပါ။ သင်ယူပါ။ အိပ်မက်ကို လက်တွေ့အကောင်အထည်ပါ။ ပရော်ဖက်ရှင် တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ဘွဲ့လက်မှတ်ကို Target ထား ကြိုးစားတာမျိုး မလုပ်ပါနဲ့။ တကယ် သိအောင်၊ တတ်အောင် လုပ်ပါ။ Passion ရှိပါ။ Passion (ဝါသနာ၊ ရူးသွပ်မှု) မပါပဲ ပညာတစ်ခု ကို ကြိုးစား လေ့လာရင် နေရာတစ်ခုမှာ ရပ်တန့်သွားပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ အသက်အရွယ်ထက် ပညာအနုအရင့်ကသာ ဘဝရဲ့  အဓိပ္ပါယ်ကို သေချာ ဖော်ဆောင်ပေးပါ လိမ့်မယ်။
.
....

အောင်ခမ်း (TSJ team)

TechSpace Journal

..
http://www.innewsmyanmar.com/2013/06/senior-network-engineer.html

No comments:

Post a Comment