Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 13, 2013

မြောက်ဦး ရှေးဟောင်း သုတေသန နယ်မြေတွင် သမီးရည်းစား ချိန်းတွေ့မှု များလာ



ရခိုင်ပြည်နယ်၊ မြောက်ဦး ရှေးဟောင်းသုတေသနဇုန်ရှိ သမိုင်းဝင် လေးမျက်နှာ ပုထိုးတော်ကြီးနှင့် ညီတော်စေတီ တို့တွင် သမီးရည်းစား စုံတွဲများ ချိန်းဆိုတွေ့မှု များပြားလာ၍ အရပ်ဖက် လုံခြုံရေးဝန်ထမ်း တဦး ခန့်ထားရကြောင်း သိရသည်။

“ဘုရား သိမ်တော်ဝင်းထဲမှာ မဖွယ်မရာ ချိန်းတွေ့မှုတွေ များလာလို့ ဇွန်လ ၁ ရက်နေ့က စပြီး လုံခြုံရေး အစောင့်တဦးကို မြို့ပေါ်က စေတနာရှင်တွေ စုပြီး ခန့်ထားပေးခဲ့တယ်။ မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနကလည်း အဲဒီဝန်ထမ်းကို အသိအမှတ် ပြုပေးခဲ့တယ်” ဟု မြောက်ဦးမြို့ခံ ကိုသီဟ က မဇ္ဈိမကို ပြောသည်။

လက်ရှိ မြောက်ဦး ရှေးဟောင်းသုတေသနဌာနမှာ ဝန်ထမ်းအင်အားနည်းပါးပြီး၊ ဘဏ္ဍာရေး အသုံးစရိတ်ချပေးသည့် ပမာဏမှာလည်း အလွန်နည်းကြောင်း ရှေးဟောင်သုတေသန ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ထွန်းအောင် က ဆိုသည်။

“လေးမျက်နှာဘုရားနဲ့ အံတော်သိမ်ထဲမှာ ဒီလိုဖြစ်နေတာအတော် ကြာနေပြီ။ ကြည့်မရတော့လို့ သံဇကာတွေ ကို ဌာနနဲ့ညှိပြီး တပ်ပေးခဲ့သေးတယ်။ ဌာနဝန်ထမ်း အရမ်းနည်းတော့ ထိန်းသိမ်း စောင့်ရှောက်မှု အပိုင်းမှာ အားနည်းတယ်။ နောက်ပြီး ဘဏ္ဍာရေးနှစ်အလိုက် အသုံးစရိတ် ချပေးနေတာကလည်း နည်းတော့ အလုပ်မဖြစ်ဘူး” ဟု ပြောသည်။

မြောက်ဦး ရှေးဟောင်းသုတေသနဌာနတွင် ကျောက်တော်နှင့်မြောက်ဦး နှစ်မြို့နယ်ပေါင်း ဝန်ထမ်း ၂၉ ဦးသာ ရှိကြောင်း ဌာန ဝန်ထမ်းတဦးက ဆိုသည်။

မြောက်ဦးမှာ အေဒီ ၁၄၃၀ မှ ၁၇၈၄ အထိ ရခိုင်မင်းတို့၏ နောက်ဆုံး ရာဇဌာနီဖြစ်ပြီး ရခိုင် ယဉ်ကျေးမှု အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရာ မြို့တော်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။

သိန်းလှိုင်
by Mizzima - News in Burmese

No comments:

Post a Comment