Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 30, 2013

အိပ်ပျော်စေသည့်နည်း ၇-နည်း




အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို ဆေးသုတေသနပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိကြရပြီး ဖြစ်သဖြင့် အိပ်ရေးဝအောင် အိပ်နိုင်ဖို့ အရေးကြီးလိုအပ်ပါသည်။ အလုပ်သမားများသည်လည်း အလုပ်ပင်ပန်းလွန်း၍ ညအိပ်ချိန်တွင် အိပ်မပျော်တတ်။

ကျောင်သားကျောင်းသူများသည်လည်း ပညာခေတ်ကြီးမှာ နည်းပညာများကို အပြိုင်အဆိုင်ကြိုးစားကြရ၍ ည,ည အိပ်မပျော်တတ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း ဈေးကွက်စီးပွားရေးစနစ်မှာ တိုးတက်ကြီးပွားနိုင်စေရန် စဉ်းစားနေကြရသဖြင့် ည,ည အိပ်ရေးမဝ၊ အိပ်ရေးပျက်သောညများ တဖြည်းဖြည်းများလာကြသည်။ ကြာတော့လည်း စိတ်ဖိစီးမှုတွေ များပြားလာပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါသည်။

လူတန်းစားအသီးသီး ဖြစ်ပေးတတ်သော အိပ်မပျော်သည့်ဝေဒနာကို ပျောက်ကင်းစေပြီး အိပ်ရေးဝဝ အိပ်နိုင်ရန်၊ ကောင်းစွာအိပ်ပျော်ရန် နည်းလမ်းများရရှိဖို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆေးသုတေသန ပညာရှင်များသည် သုတေသနပြုလေ့လာစမ်းသပ်ပြီးနောက် တွေ့ရှိရသော အဖြေ(၇)ချက်ကို ထုတ်ဖော်ကြေညာပေးခဲ့သည်။ သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားသည့် အိပ်ပျော်အောင် လေ့ကျင့် လုပ်ကိုင်နေထိုင်ရမည့် နည်း(၇)နည်းမှာ---

(၁) အချိန်မှန်မှန် အိပ်ပါ---
မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက ယင်းအချိန်တွင် အိပ်ဖြစ်အောင်အိပ်ပါ။ ထိုသို့ လေ့ကျင့်ထားခြင်းဖြင့် ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်းဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။

(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့---
မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီထက်ပိုပြီး မဖတ်သင့်ပေ။
သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည် ပျက်သွား၍ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်တာနက်ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်ချိန်ကို မထိခိုက်ရန် အထူးသတိထားသင့်ကြပါသည်။ သို့မဟုတ်ပါက အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။

(၃) အတွေးနယ် မချဲ့ပါနဲ့---
တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့် ညအချိန်အိပ်ရာဝင်ခါနီးတွင် အိပ်မပျော်ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည် ဟိုရောက်ဒီရောက်နှင့် ကမ္ဘာကိုပတ်၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့် အိပ်၍မပျော်တော့ပါ။ ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံးပြုနည်းမှာ မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ပုတီးစိပ်ခြင်းနှင့် တရားမှတ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ---
ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်းအနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါသည်။ ကိုယ်တွင်း အနွေးဓာတ်ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်
ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ အကြောများ ပြေလျော့သွားပြီး လူလည်း လန်းဆန်းလာပါသည်။ တနေ့လုံး အလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်းမှုများမှာလည်း ပျောက်ကင်းသက်သာသွားစေသည်။ စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူသို့ ရောက်ရှိခဲ့စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့် ကုန်တိုက်ကြီးများကို တနေရာပြီးတနေရာ နေရာအနှံ့ လှည့်လည်သွားရောက် ကြည့်ရှုခဲ့ပါသည်။ ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ လူမှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပါသည်။ ပင်ပန်းလွန်းသဖြင့် ရင်မောပြီး အိပ်၍မပျော်တော့ပါ။ ရေနွေးဖြင့် ရေချိုးလိုက်ရန် အကြံပေး၏။ ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်
ကောင်းလောက်အောင် လူမှာ လန်းဆန်းသွားပါသည်။ ထို့နောက် အိပ်ရာသို့
ဝင်ရောက်အိပ်သောအခါကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။

(၅) ကော်ဖီ မသောက်ပါနဲ့---
အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်ပါသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်သည့် အလေ့အကျင့်သည် ကောင်းသည်ဟု မဆိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်းသည်လည်း အိပ်မပျော်ခြင်းကို
ဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို စွဲလမ်းစေသည့်အပြင် သောက်ပါများလျှင် မျက်စိကြောင်၍ အိပ်မပျော်ဖြစ်တတ်သည်။ တခုခုသောက်လိုသောဆန္ဒရှိပါက နွားနို့သောက်၍ အိပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။ မြန်မာလူမျိုးတို့သည် အိပ်ခါနီး မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း မျက်စိကြောင်ကာ အိပ်မပျော်ဖြစ်တတ်ပါသည်။

(၆) အရက်မသောက်ပါနဲ့---
အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ အချို့သူများသည် အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့ အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင် အိပ်ရန်ကိုပင် မေ့လျော့ကာနေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး အိပ်မပျော်သောရက် များများလာသောအခါ စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။

(၇) အိပ်ခါနီး ဆူညံသံကင်းရမည်---
အိပ်ခါနီးအချိန်တွင် ဆူညံလွန်းသောအသံများကို ကြားရပါက အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်ပေ။ တခါတရံ အိပ်ပျော်နေစဉ်ပင် လန့်၍နိုးတတ်ပါသည်။ သို့သော် သာယာငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ အိပ်ပျော်ခြင်းကို ဖြစ်စေသည်ဟု ကျန်းမာရေး သုတေသီတို့က ပြောကြားကြပါသည်။ ကလေးငယ်များပင်လျှင် တေးဂီတသံများကြောင့် အချိန်တိုအတွင်း အိပ်ပျော်သွားတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပညာရှင်များက ပြောကြားခဲ့သည်။

အိပ်ပျော်အောင် ကောင်းကောင်းအိပ်နိုးကြမှသာလျှင် ကာယသုခ၊ စိတ္တသုခ ဟူသော နှစ်ဖြာသောသုခနှင့် ပြည့်စုံနိုင်ကြပြီး ရောဂါဘယလည်း ကင်းဝေးကြမည်ဖြစ်ပေသည်။ ထိုသို့ ကျန်းမာကြံ့ခိုင်မှသာလျှင် လုပ်ငန်းခွင်တွင်လည်း အဆင်ပြေချောမွေ့ကြမည်ဖြစ်သည်။

No comments:

Post a Comment