Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

အဝေးမှုန်ခြင်းနှင့်ပတ်သက်နေသော မျိုးဗီဇများ


 
အဝေးမှုန်ခြင်းနှင့် ပတ်သက်နေသော မျိုးဗီဇ၂၄မျိုးကို သုတေသနတစ်ရပ်တွင် ဖော်ထုတ်နိုင်ခဲ့သဖြင့် ကုသမှုနှင့်ရောဂါကို လေ့လာမှုများတွင် အကျိုးရလဒ်များဖြစ်ထွန်းလာစေမည်ဟု သိရသည်။
အဝေးမှုန်ခြင်း(myopia)သည် အမြင်အာရုံကွယ်စေသော အဓိကပြဿနာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အဖြစ်များသော မျက်စိရောဂါတစ်မျိုးဖြစ်သည်။ အဝေးမှုန်ခြင်းတွင် အမြင်အာရုံကို ဆုံချက်တည့်စေမှုသည် မြင်လွှာ(retina)တွင် မဟုတ်ဘဲ အလင်းယိုင်ကာ မြင်လွှာရှေ့တွင် ဖြစ်ပွားသည်။ အဆိုပါအလင်းယိုင်ခြင်းကို မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန် တပ်ခြင်း နှင့်ခွဲစိတ်ကုသခြင်းဖြင့် ကုသနိုင်သည်။သို့သော်ငြား မျက်လုံး ကပုံမှန် ဖွံ့ဖြိုးမှုဖြစ်ပြီးမြင်လွှာကပိုပါးလွှာလာပါက မြင်လွှာကွာခြင်း (retinal detachment)ဖြစ်ပေါ်ခြင်း၊ ရေတိမ်စွဲခြင်းနှင့်ကြာလာပါက အဝေး လုံးဝမမြင်ရတော့ခြင်းထိ ဖြစ်ပွားနိုင်သည်။
အဝေးမှုန်ခြင်းသည် မျိုးရိုးလိုက်တတ်သော ရောဂါတစ်ရပ်ဖြစ်ပြီး အဝေးမှုန်ခြင်း၏ မျိုးဗီဇဆိုင်ရာအချက်များနှင့် ပတ်သက်၍ သိရှိမှုနည်းပါးနေသေးသည်။ အဆိုပါကွက်လပ်ကို ဖြည့်ပေးနိုင်ရန် ဥရောပ၊ အာရှ၊ သြစတေးလျနှင့် အမေရိကန်နိုင်ငံမှ သုတေသီများ စုပေါင်းပြီး Consortium for refraction and Myopia တွင် စုပေါင်းအဖြေရှာရန် ကြိုးပမ်းခဲ့ကြသည်။
နိုင်ငံတကာမှသုတေသီများသည် ၄၅၀၀၀ဦးရေရှိသော ပါဝင်သူများထံမှ မျိုးဗီဇနှင့်ပတ်သက်သော အဝေးမှုန်ခြင်းဆိုင်ရာအချက်များကို လေ့လာခဲ့ကြပြီး လေ့လာမှုပေါင်း ၃၂ခုကို အသီးသီး ပြုလုပ်ခဲ့ကြသည်။ အဆိုပါရလဒ်များမှ မျိုးဗီဇ၂၄ခုကို အဝေးမှုန်ခြင်းနှင့် ပတ်သက်နေသည်ကို သက်သေပြနိုင်ခဲ့သည်။ အဆိုပါမျိုးဗီဇများတွင် မျက်လုံးနှင့် ဦးနှောက်အချက်ပေးမှုစနစ်ဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေးသော မျိုးဗီဇများပါဝင်သကဲ့သို့ မျက်လုံးဖွံ့ဖြိုးကြီးထွားမှုနှင့် တည်ဆောက်မှုဆိုင်ရာ မျိုးဗီဇများလည်း ပါဝင်သည်။
အဝေးမှုန်ခြင်းသည် ပြင်ပအချက်များဖြစ်သော အလင်းလုံလောက်စွာမရသောနေရာတွင် စာဖတ်များခြင်းနှင့် ပညာရည်အဆင့်အတန်းမြင့်မားခြင်း စသောအချက်များနှင့်လည်း သက်ဆိုင်မှုရှိနေသည်ဟု သိရသည်။ ယခုလေ့လာမှုကို ဦးဆောင်သူ King's College London မှ သုတေသီ Dr.Chris Ham-mond က အဝေးမှုန်ခြင်းနှင့်ပတ်သက်ပြီး မသိရှိသေးသည်များကို ဆက်လက်လေ့လာနေကြောင်း၊ မျိုးဗီဇအပိုင်းနှင့် ပတ်သက်ပြီး ပိုမိုလေ့လာမှုပြုသင့်ကြောင်း၊ ယခု တွေ့ရှိထားသည့် အဝေးမှုန်ခြင်းနှင့် ပတ်သက်သော မျိုးဗီဇ၂၄မျိုးသည် ယခင်ကတစ်ခါမှ မတွေ့ရှိသေးကြောင်းနှင့် ယင်းမျိုးဗီဇများသည် အဝေးမှုန်ခြင်း ပြဿနာများကို ၁၀ရာခိုင်နှုန်းပိုဖြစ်စေကြောင်း ရှင်းပြထားသည်။
ယခုလေ့လာမှုကို Journal Nature Genetics တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။

သန့်စင်
ref: ANI
Health Updates Journal
Vol-2,No-8

No comments:

Post a Comment