Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2013



ညီမလေးဖတ်ဖို့(၃)
ဒီနေ့အစ်ကိုပြောချင်တာက ညီမလေးတို့ခေတ် တိုးတက်လာမှု့တွေနဲ့အတူ ဆုတ်ယုတ်လာတဲ့ အခြေအနေတွေထဲက တစ်ခုသောအကြောင်းလေးပါ။ အဲဒါဘာလဲဆိုရင် Television ကိစ္စလေ။ အစ်ကိုတို့ငယ်ငယ်တုန်းကဆို တစ်ရွာလုံးမှာမှ TV လေးတစ်လုံးလောက်ပဲရှိတာဆိုတော ညဆိုရင် ဇာတ်ကားလေးတစ်ကားကြည်ဖို့ဆိုရင် ရွာဆုံးရွာဖျားသွားကြရတယ်။ တစ်ခါတစ်လေ တစ်ပတ်မှတစ်ခါ ရွာမှာလာပြတဲ့အခါ vedio လေးကြည့်ရတာ။ အစ်ကိုတို့တုန်းကတော့ ကျောင်းကပြန်လာဆို သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ချင်လို့လားမသိဘူး။ ကျောင်းကရောက်ရောက်ချင်း မိဘအတွက် ကူညီချက်ပြုတ်ကြ ရေခပ်ရေငင် ၀ိုင်းဝန်းကူညီကြနဲ့ နေလာခဲ့ကြတာ။ စာလုပ်ချိန်စာလုပ် အိပ်ချိန်တန်အိပ် ဘာပြဿနာမှ မရှိကြဘူးအေးဆေးပဲ။ ကျောင်းပိတ်မှ TVလေးသွားကြည့်လိုက် အားလုံးအိုကေနေတာပဲ။ ခုတော့ တိုးတက်လာတဲ့ခေတ်နဲ့အညီ ရွာတွေမှာ တစ်အိမ်ကို TVတစ်လုံးလောက်ရှိနေကြပြီကြားတော့ အစ်ကိုဝမ်းသာပါတယ်ကွာ။ အစ်ကိုတုန်းကလို TV လေးတစ်ခါကြည့်ရဖို့ အဝေးကြီးသွားစရာမလိုတော့ဘူးလေ။ ခုဆိုရင် ရွာတွေမှာ ညညဆိုရင် TVအရှေ့မှာ ကိုယ်စီထိုင်နေတက်ကြပြီ။TVကနေ့စဉ်ထုတ်လွှင့်နေတဲ့ ကိုးရီးယားဆိုလားဘာလား အဲဒါတွေကို တမက်တမောထိုင်ကြည့်နေတက်ကြပြီလေ။တိုးတက်လာတဲ့ခေတ်နဲ့အညီရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်တာကြိုဆိုပါတယ်ကွာ။ဝမ်းလည်းဝမ်းသာပါတယ်။ဒါပေမယ့်အစ်ကိုမြင်ချင်တဲ့မြင်ကွင်းမျိုးမဟုတ်တဲ့အရာတွေ မြင်ရကြားရတော့ စိတ်တော့မကောင်းဘူးကွာ။အမေကဆို တွေ့ရင်တိုင်တယ် ညီမလေးက ကိုးရီးယားကားလာချိန်ဆိုရင် ဘာခိုင်းခိုင်းမလုပ်ချင်တော့ဘူးတဲ့။
မိဘက လိုအပ်လို့ လိုအပ်တဲ့အချိန်မှာခိုင်းတာကို မလုပ်ပေးနိုင်လောက်အောင် အာရုံတွေကို ကိုးရီးယားကားပေါ်မှာ ရောက်နေတာကို အစ်ကိုမြင်ရတာ တကယ်စိတ်မကောင်းဘူး။ “အမေကလည်း သမီးTVကြည့်နေတယ် ပြီးမှသွားမယ်အမေဆိုပြီး အရင်က မိဘက ဘာခိုင်းခိုင်းဖင်ပေါ့ပေါ့ သွားတက် လုပ်ပေးတက်တဲ့ ညီမလေးက “အမေကလည်း” ဆိုပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေး စူတူတူ ဖြစ်သွားတက်တာကို အစ်ကိုမြင်ရတာ စိတ်မချမ်းသာဘူးညီမလေးရယ်။ပြီးတော့ အဲဒီိလို Television တွေကို အချိန်ကုန်အောင်ကြည့်ပြီး မနက်လင်းရင် အိပ်ယာကမထချင်တော့တဲ့အကျင့်တွေလဲ ပိုလာတယ်။ ညီမလေးသိပါတယ် အစ်ကိုတို့အမေဆိုရင် မနက်၅နာရီဆိုရင် အိပ်ယာကထပြီး အစ်ကိုတို့မောင်နှမတွေအတွက် မနက်စာ breakfast အတွက်ချက်ရပြုတ်ရ၊ အိပ်ယာထ ဘုရားမျက်နှာသစ်ရေကပ်ပြီး ဘုရားဆွမ်းတော်တင်၊ ဘုရားရှိခိုး စတာတွေကို စီကာပတ်ကုံးလုပ်သွားတာ အစ်ကိုတို့အိပ်ယာထရင် အားလုံးဟာ ready ပဲလေ။ ခုကြည့်လေ ညီမလေးဆို မနက်ခုနှစ်နာရီထိုးတာတောင် အိပ်ယာကမထချင်ဘူးဖြစ်နေတယ်။
အမေတို့ခေတ်ကဆို မိန်းကလေးတိုင်းကို မနက်စောစောထမှ မိဘတွေက နှစ်သက်ကြတာ။ခုတော့ညီမလေးကအမေ့ဆီကကောင်းမွန်တဲ့အကျင့်တွေကိုယူဖို့ဆိုတဲ့စိတ်ကူးလေးတွေပျောက်ကုန်ပြီထင်ပါရဲ့ကွာ။ ဒါဟာ TV ကြည့်ခြင်းရဲ့ အပြစ်လို့ အစ်ကိုကပြောရင် ညီမလေးစိတ်ဆိုးဦးမှာလား။ တကယ်တော့ ညဘက်မှာ စောစောအိပ်ပြီး နံနက်စောစောထတဲ့အကျင့်ဟာ လူကိုလန်းဆန်းတက်ကြွစေပါတယ်။ လန်းဆန်းတက်ကြွတဲ့စိတ်နဲ့ ဘုရားဝေယျဝေစ္စပြုပြီး သတ္တ၀ါတွေအတွက် မေတ္တာဘ၀နာလေးသာ ပွားတက်မယ်ဆိုရင် အလွန်အမင်း ကောင်းတယ်ဆိုတာသာ ညီမလေးသိရင် နံနက်စောစောအိပ်ယာထရတာကို ညီမလေးစိတ်ညစ်တော့မှာမဟုတ်ဘူး။ကိုယ်ကကျောင်းသားတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း နံနက်စောစောလေးထပြီး စာလေးများကျက်လိုက်မယ်ဆိုရင် ရလည်းရလွယ်တယ်၊ မှတ်မိလည်းလွယ်တယ်ဆိုတာ အစ်ကိုတို့တုန်းက လက်တွေ့လုပ်ခဲ့တာမို့ ညီမလေးကို သိစေချင်တယ်။ နံနက်စောစောထတယ်ဆိုတာ အင်မတန်ကောင်းတဲ့ အကျင့်ဆိုတာကို ညီမလေးကိုယ်တိုင်သိအောင် နောင်ကို အိပ်ယာထနောက်ကျတဲ့အကျင့်ကိုဖျောက်ပစ်ဖို့ အစ်ကိုပြောချင်တယ်ကွာ။
ခုဆိုရင်ကမ္ဘာတ၀န်း လုံးအနေအားဖြင့် အင်တာနက်ခေတ်ကြီးဖြစ်နေတော့က နောင်ဆိုရင် ဒီ့ထက်ပိုပြီး တိုးတက်လာတဲ့အခါ ကွန်ပျူတာ အင်တာနက်တွေနဲ့ အလုပ်ရှူပ်နေတော့မယ့် ညီမလေးကို ကြိုတင်မြင်ယောင်ပြီး အမေ့အတွက် ရင်လေးမိတယ်ကွာ။ အဲဒီလိုအချိန်မှာဆို အမေက ညီမလေးကို တစ်စုံတစ်ရာ ခိုင်းချင်တာတောင် ညီမလေး မျက်နှာကို ကြည့်နေရမယ့် အဖြစ်မျိုးကို အစ်ကိုမလိုချင်ဘူး။ ဒီိလိုတွေပြောလို့ ညီမလေးကို TVမကြည့်ရဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ ကြည့်တာလည်းကြည့်ပေါ့ကွာ။ ဒါပေမယ့် မိဘကိုကူညီတာတွေလည်း မလစ်ဟင်းစေနဲ့ပေါ့။ ခုဆိုမြို့ကြီးပြကြီးတွေမှာဆို TV တွေကလာတဲ့ အဲဒီလိုကိုရီးယားကားတွေကြည့်ပြီး အတုလိုက်ကြပြီး ၀တ်တာစားတွေက ကလက်တက်တက် ဖြစ်လာတာတွေ မြင်မြင်နေရတယ်ကွာ။ အတုမယူရဘူးလို့ မဆိုလိုပါဘူးကွာ။ အစ်ကိုကလည်း ခေတ်ကိုအတော်အတန်လိုက်မှီတဲ့ လူငယ်တစ်ယောက်ပါပဲ။ အစ်ကိုတို့ အတုခိုးရမှာက အပေါ်ယံလေးတွေချည်းမဟုတ်ဘူးလေ။ တကယ့်ကိုယ့်ဘ၀ထဲမှာ အသုံးချရမယ့် ၊ ကြိုးစားပုံ ကြိုးစားနည်း။ ရိုးသားပုံ ရိုးသားနည်း၊ စည်းကမ်းနည်းလမ်းတွေပဲ ဖြစ်စေချင်တာပါ။ အပေါ်ယံ အ၀တ်အစားနဲ့ နေပုံထိုင်ပုံလေးတွေသာ ကွက်ပြီး အတုယူလိုက်လုပ်နေရုံနဲ့တော့ TV ကြည့်တယ်ဆိုတာ မတန်ဘူးလို့ အစ်ကိုကတော့ ယူဆမိတယ်။ ပြီးတော့ သူတစ်ပါးနိုင်ငံက သူတို့ရာသီဥတုနဲ့ ကိုက်ညီမယ့် အ၀တ်အစားတွေကို ၀တ်ဆင်ပြနေတာကို ကိုယ်က အကုန်လုံးလိုက်တုဝတ်ဆင်နေရင်တော့ညီမလေးရဲ့မူလရှိနေပြီးသား အလှလေးတွေတောင်
ပျောက်သွားမယ်လို့တောင်ပြောလို့ရပါတယ်။
မြန်မာမလေးတစ်ယောက်ဟာ မြန်မာအ၀တ်အစားလေးနဲ့ လိုက်ဖက်တယ်ဆိုတာကို လူတစ်ရာကို မေးရင် ကိုးဆယ်က ထောက်ခံမှ အသေအချာပဲညီမလေး။ အစ်ကိုကတော့ မြန်မာဆန်ဆန်လေး ၀တ်ထားတဲ့ သူလေးတွေကိုတွေ့ရင် စိတ်ထဲမှာ ချီးကျူးမိတယ်။ လေးလည်း လေးစားသလို ဂုဏ်လည်း ယူမိတယ်။ ဒါဟာတကယ်ပြောတာပါ။ အများအမြင်မှာ ပူလောင်စေမဲ့ ၀တ်စားမှု့မျိုး အတက်နိုင်ဆုံးရှောင်ပါညီမလေးရယ်။ ဘုရား ကျောင်းကန်သွားလို့မှ မသင့်တော်တဲ့ အ၀တ်အစားမျိုးကို မမက်မောချင်ပါနဲ့ညီမလေးရယ်။ ကိုယ့်အ၀တ်အစားရဲ့ ပွင့်လင်းမြင်သာမှု့ကြောင့် သူတစ်ပါးကို မပူလောင်ပါစေနဲ့ကွာ။ ကိုယ့်မှာရှိတဲ့အလှတွေကို ပိပိရိရိ သေသေသပ်သပ် ၀တ်စားမှု့နဲ့တန်ဖိုးထားပါကွယ်။ မြန်မာ ဗုဒ္ဓဘာသာမိန်းခလေးတစ်ယောက် အဖြစ်ယဉ်ကျေးသိမ်မွေ့တဲ့ ၀တ်စားနေထိုင်မှု့ကို ထိမ်းသိမ်းခြင်းအားဖြင့် ညီမလေး ဘယ်တော့မှ ဂုဏ်ငယ်မှာ မဟုတ်ဘူးလို့တော့ အစ်ကိုအာမခံရဲပါတယ်။ ဒါပေမယ့် ခေတ်မှီတိုးတက်တဲ့ခေတ်ကြီးမှာ အစ်ကို ညီမလေးကို ဘာမှမပိတ်ပင်ချင်ပါဘူး။ ညီမလေးဆန္ဒရှိသလိုဝတ်ပါ။ သင့်တော်တဲ့ အချိန် သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့အ၀တ်အစားကိုတော့ ၀တ်တက်ပါစေပေါ့ကွယ်။ ခွင့်ပြုပါတယ်။ အထက်ကပြောခဲ့သလိုပေါ့ကွယ်။ ခေတ်တွေက တစ်နေ့ထက်တစ်နေ့ တိုးတက်နေတယ်။ ညီမလေးတို့ဟာလည်း တစ်နေ့ထက်တစ်နေ့ လိုချင်တာတွေ လိုအပ်တာတွေ ပိုများလာတယ်။ စိတ်ဖြေဖျော်စရာ ရုပ်ဝတ္ထုတွေကလည်း တိုးတက်လာတယ်။ ဘယ်လိုပင် အလုပ်တွေရှုပ်စေမယ့် တိုးတက်မှု့တွေရှိလာပါစေ။ မိဘကို ကူညီဖို့ မမေ့ပါနဲ့။ ချက်တာပြုတ်တာ လျှော်တာဖွပ်တာ မိန်းခလေးတွေအလုပ်တွေလေ။ မိဘတွေက ကိုယ့်ဘ၀တစ်လျှောက်လုံး ကိုယ့်အတွက် ပြုစုလုပ်ကိုင်ပေးလာတာ ခုတော့ ကိုယ်က ပြန်လုပ်ပေးနိုင်တဲ့ အရွယ်လည်းရောက်လာပြီ ဒါကိုပဲ ညည်းငြူနေမယ်ဆိုရင် ညီမလေး ဘယ်တရားပါ့မလဲ မဟုတ်ဘူးလား။
ဒီနေ့အတွက် ညီမလေးကို အစ်ကိုမှာချင်တာက ညီမလေးဟာ နောင်လာမယ့် အနာဂါတ်မှာ မြန်မာ့သမီးကောင်းရတနာလေးတစ်ယောက်ဖြစ်ဖို့အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု့နဲ့အညီနေတက်ထိုင်တက်သူတစ်ယောက်ဖြစ်ဖို့နဲ့ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမပျိုလေးတစ်ယောက်အဖြစ်ရိုးရိုးယဉ်ယဉ်နေထိုင်တက်ဖို့ပြီးတော့အရာရာမှာလိမ္မာယဉ်ကျေးပြီးခေတ်နဲ့အညီ
ရင်ဘောင်တန်းနိုင်တဲ့သူဖြစ်လို့အမျိုးဘာသာကိုစောင့်ရှောက်တက်သူတစ်ယောက်ဖြစ်အောင် ကျင့်သုံးနေထိုင်တက်ပါစေလို့ အစ်ကိုဆုတောင်းပေးပါတယ်။
တေမိ(မော်ကျွန်း)

No comments:

Post a Comment