Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

ဆံပင်တွေပြောသော နံနက်ခင်းပုံပြင် ( ၂ )

 

နွေရာသီတွေ ပိတောက်ကိုအပေါင်ဆုံးလို့ ဆောင်းရဲ့ ခံတွင်းထဲ ငါတို့ သက်ဆင်းခဲ့ရပြီ ။ တနိုင်တပိုင်ခရောင်းလမ်းလေးထဲ မျှော်ငေးရင်း ငါ့ကို တွေ့မသွားသောသူတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ .... ။ ငါတကယ့်ကို မမှတ်မိ ရိုးအမှန်ပါ ။ တစ်ခါတစ်ခါ ရဲ့ လေစိမ်းတွေကို လိုက်လိုက်ဖမ်းရင်း လေခေါ်ရာလူး ခဲ့မိတယ် ။ ခုချိန်ထိ ရာခိုင်နှုန်းငါးဆယ်က မတက်သေးဘဲ အပျော်တွေမလာခင် ကြိုကြို ပြုံးတတ်နေတဲ့ ငါပါလေ ။ တကိုယ်စာမပြောင်းလဲခြင်းရဲ့ ပုံသေနည်းထဲက ခွဲထွက်လို့ ငါ့ ဆံပင်တွေတော့ ရှည်နေဆဲဘဲ ။ ရေတွေလည်းစိုနေတုန်းပါဘဲ ။ ထူးခြားတာပြောရရင်တော့ ငါခေါင်းလည်း မကိုက်တော့ဘူး ဖျားလည်း မဖျားတော့ဘူး  နှစ်တနှစ်ကို တောင်ဝန်ရိုးစွန်းကနေ
မြောက်ဝန်ရိုးစွန်းထိ ခုန်ကူး ဒီနှစ်က နည်းနည်းတော့ ထူးနေသလိုပါဘဲ ။ အိပ်ဖို့ မကြိုးစားမိသလို အိပ်မက်တွေကိုလည်း မခုံမင်တော့ဘူး ။ မနက်ဖြန်ရဲ့ မနက်တိုင်းက ငါ့စိတ်ကူးတိုင်းကို အရူးဆေး ခတ်ပေးနေတယ် ။ နေရောင်တွေကြားမှာ ပျော်ရင်း ပျက်ပျက်သွားတဲ့ စိတ်ကူးအလွင့်အမျောလေးများလည်း ဘယ်လောက်ချရေးရေး အတွေးအဖြစ်တောင် မကျန်ခဲ့ကြ ။

မအောင့်နိုင်တာခြင်းတူတာတောင် 
ချောင်းမဆိုးတော့တဲ့ ဘဝ
နှစ်ခါပြန်အိမ်ထောင်ကျတာတောင်
အချစ် သည် ငါ မဖြစ်ခဲ့

    တစ်စတစ်စ ပိုပို ပေါ့ပါးနေတဲ့ ငါ့ကိုယ်ကို ငါ ခုထက်ထိ မရိပ်မိနိုင်သေးဘူး ။ ဆံပင်တွေ ကြားလက်ချောင်းထိုးဖွ ရင်း ငါ့နှုတ်ခမ်းတွေပြန်ရဲလာသလား ထင်ထင်နေမိမှ ငါဆေးလိပ်မသောက်ဖြစ်တာ ဘယ်လောက်တောင် ကြာခဲ့ ပြီလဲ ။ အဖြေ မရှိမှန်းသိသိနဲ့ မေးမိတဲ့ အတွေးကို စိတ်နာတယ် ။ ရေပြာချမ်းက ဘယ်မှာမှန်းမသိဘူး ကမ္ဘာတခြမ်းစာ ကမ်းမဲ့သူကို မျှော်နေတတ်တယ် ။ ဖြစ်နိုင်ရင်လေ မျက်လုံးကို လက်နဲ့ ထိုးပြီး အရုပ်ဆိုးတဲ့ အတိတ်ကို အန်ချပစ်လိုက်ချင်တယ် ။

ဒီဆံပင်ရှည်တွေကြားကနေ သူမကို ပြုံးပြုံးပြခဲ့ဖူးတယ် ။
ဒီဆံပင်ရှည်တွေကြားကနေ ခိုးခိုးငိုခဲ့ဖူးတယ် ။
ဒီဆံပင်ရှည်တွေကြားကနေ တိုးတိုးကြည့်ဖူးတယ် ။
ခုတော့ ဒီဆံပင်တွေသာ ရှည်နေဆဲ သူမက ဘယ်နေတယ် မသိရတော့ဘူး ။

    ငါ့ဆံပင်တွေကို ထိုးဖွလို့ သူများအားကျအောင် ချစ်ပြခဲ့တဲ့ သူမလေး ။ ငါ့ဆံပင်တွေကို ကိုင်ကြည့်ရင်း ဘယ်သူမှ မသိအောင် နမ်းတတ်တဲ့ သူမလေး ။ ခုတော့ လောကရဲ့ မှင်နီတချက်အတားမှာ ငါတို့ ဘဝက တစ်ခုခုနဲ့ ခြားခံခဲ့ရတယ် ။ မနက်ဖြန်ဟာ မနက်ဖြန်လောက်မလှ ခဲ့ရင်တောင် အဲ့ဒီ မနက်လောက်တော့ ရင်ကွဲနာကျနေမှာ မဟုတ်ဘူး ။
ရေကန်ထဲက နတ်သမီးငါးလေးလည်း ဧရာဝတီကို ဆန်တက် အများရဲ့ မှတ်ချက်နဲ့ ဂုဏ်ထူးထွက်သွားပါပြီ ။ တယုတယလွှတ်ချပေးဖူးတဲ့ လက်အစုံမှာသာ မျက်ရည်ပူလောင်လို့
ဒုက္ခရဲ့ ချောင်းမှာ အလွမ်းဟောင်းကိုပြန်တူးနေတယ် ။ ညစဉ်ညတိုင်းရဲ့ ကြယ်ကြွေမှတ်တမ်းမှာ ငါဟာ စက္ကန့်ဝက်နောက်ကျမှုနဲ့ မူပိုင်ကြက်ခြေခတ်ကို ဘယ်လက်နဲ့
ရေးနေရတုန်း ။ ပြန်မရပေမဲ့လည်း ပြန်လိုချင်မိသည် ။  ကောင်းကင်နဲ့ ရန်ဖြစ်လို့ မချစ်တော့တဲ့ ဒေသအတွက် ခုန်ချလာမဲ့ မိုးရေပေါက်ကို  ရင်ဘတ်နဲ့ပြန်ကောက်လို့
ပင်လယ်သံပေါက်အောင်လည်း အော်ရဲတယ် ။ တိမ်တွေနောက်တကောက်ကောက်လိုက်ဖို့ ပါးလာပြီဖြစ်တဲ့ ဖိနပ်လေးကို ငုံ့ ငုံ့ ကြည့်ရင်း ငါ့မြင်ကွင်း က မြေကြီးဆန်ဆန်လာခဲ့
တယ် ။ မင်းကတော့ ကောင်းကင်နိုင်ငံက ကြယ်မြို့သူပါ ။ ဇာတ်လမ်းအစရဲ့ ၀.၁ ဒီဂရီက ဇာတ်မသိမ်းခင်ဘဲ အတော်ဝေးဝေးထိ လေးတင်ပေးလိုက်တယ် ။ ဒီသင်ခန်းစာရဲ့
ကောက်နုတ်ချက်က ငါတို့သည် မျဉ်းပြိုင်များဖြစ်သည်

မောင်ရေခဲ-ကောင်မလေးထွက်သွားပြီးနောက် ၁၉ ရက်အကြာ
http://www.facebook.com/notes/nay-minn-way/%E1%80%86%E1%80%B6%E1%80%95%E1%80%84%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%94%E1%80%B6%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%B6%E1%80%AF%E1%80%BB%E1%80%95%E1%80%84%E1%80%B9-%E1%81%82-/257578931036227

No comments:

Post a Comment