Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 25, 2012

ဆံပင်ကျွတ်သည့် ပြဿနာကို ရပ်တန့်နိုင်အောင်

ဆံပင်ကျွတ်သည့် ပြဿနာကို ရပ်တန့်နိုင်အောင်

အမျိုးသားတွေသာ ထိပ်ပြောင်ပြီး ဆံပင်ပါးနေကြတာ မဟုတ်ပါဘူး။ အမျိုးသမီးအများစုဟာလည်း ဘဝရဲ့ တစ်ချိန်ချိန်မှာ ဆံပင်ပါးတတ်ကြတာကြောင့် မိမိကိုယ်မိမိ စိတ်ပျက်နေတာ၊ ယုံကြည်ချက် မရှိတာတွေ ဖြစ်နေတတ်ကြပါတယ်။  အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုမိုထိပ်ပြောင်ကြတာဟာ အမျိုး သားတွေမှာ ပိုမိုပြီး မျိုးရိုးလိုက်တတ်တာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆံပင်အထူးကု ဆရာဝန်နဲ့ ပြ သနေတဲ့ လူနာထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေပါလို့ သိရပါတယ်။ အောက်ပါတို့ဟာ ဆံပင်ဆုံးရှုံး တဲ့ ပြဿနာအချို့ဖြစ်ပြီး ကျွမ်းကျင်သူတွေ အကြံပေးထားတဲ့ ကုသနိုင်တဲ့ နည်းလမ်းတွေပါ။

(၁) ဆံပင်ပြဿနာ - မျိုးရိုးလိုက်ခြင်း

Androgenetic Alopecia

အမျိုးသားတွေမှာ ထိပ်ပြောင်တာဟာ မျိုးရိုးလိုက်တာကြောင့်လို့ လူတိုင်းသိနေကြပါတယ်။ အမျိုးသမီးတွေမှာလည်း မျိုးရိုးလိုက်တာကြောင့် ဦးခေါင်းရဲ့ အရှေ့နေရာနဲ့ ထိပ်ပိုင်းနေရာမှာ ဆံပင်ပါးနေတတ်ကြပါတယ်။ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းမှာ အသက် ၆၀ အရွယ်ရောက်လာရင် မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတဲ့ ဝေဒနာကို ခံစားရတတ်ကြပါတယ်။ မျိုးရိုးလိုက်တာကြောင့် အမျိုးသမီးတွေမှာ ဆံပင်ပါးတာဟာ ပုံမှန်အားဖြင့် သွေးဆုံးချိန်တစ်ဝိုက် ဒါမှမဟုတ် သားအိမ်ကို ခွဲထုတ်အပြီး ဟော်မုန်းညီညွတ်မျှတမှု မရှိတာကို တုံ့ပြန်တာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ လိင်ဟော်မုန်း ညီညွတ်မျှတတာတွေ ပြောင်းလဲသွားတာကြောင့် အမျိုးသား လိင်ဟော်မုန်း Androgen တွေ ပိုမိုလွှမ်းမိုးလာပြီး ဆံပင်ပါးရတာပါလို့ ဆံပင်ပညာရှင် David Salinger က ဆိုပါတယ်။ တစ်ခါတစ်ရံမှာ  မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာဟာ ပါးစပ်မှ သောက်ရတဲ့ သန္ဓေတားဆေးတွေ၊ ဟော်မုန်းအစားထိုးကုသမှု ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တာကြောင့် ပိုဆိုးစေနိုင်ပါတယ်။

အကောင်းဆုံး ကုသနည်း

မျိုးရိုးလိုက်တာကြောင့် ဆံပင်ပါးတာဟာ မီးယပ်သွေးဆုံးတာ ဒါမှမဟုတ် သားအိမ်ခွဲစိတ်ထုတ်ထားတာနဲ့ ဆက်စပ်မှု ရှိနေရင် ဟော်မုန်းနဲ့ကုသမှု ခံယူနိုင်ပါတယ်။ ဒီကုသမှုမှာ အမျိုးသမီး လိင်ဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို Anti-Androgen နဲ့ တွဲဖက်ပြီး အသုံးပြုတာကြောင့် Androgen တွေရဲ့ ဆံပင်အပေါ် လွှမ်းမိုးမှုကို ကာကွယ်နိုင်ပါတယ်လို့ Salinger က ဆိုပါတယ်။ ဒီဟော်မုန်းကုသမှုကြောင့် ကိုယ်အလေးချိန် တိုးလာတာ၊ ပျို့တာ၊ ခေါင်းကိုက်တာနဲ့ လိင်စိတ်ကုန်ခမ်းတာ အစရှိတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ Minoxidil ငါးရာခိုင်နှုန်း ပါဝင်တဲ့ ဆံပင်လိမ်းဆေး တစ်မျိုး လိမ်းပေးတာဟာလည်း ဆံပင်ကျွတ်တာကို ကာကွယ်နိုင်ပြီး ဆံပင်ပြန်ပေါက်နိုင်ပါတယ်။ ဒါပေမဲ့ Minoxidil ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေ အသုံးပြုဖို့ မသင့်တော်ပါဘူး။

(၂) ဆံပင်ပြဿနာ - မိမိခန္ဓာကိုယ်မှ ဆဲလ်တွေကို မိမိဘာသာ ပြန်လည်တိုက်ခိုက်ခြင်း (Autoimmune Disorder)

 Alopecia Areata

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေဟာ ခန္ဓာကိုယ်မှ ကျန်းမာတဲ့ ဆဲလ်တွေကို မှားယွင်းပြီး တိုက်ခိုက်တာကြောင့် Autoimmune ပြဿနာတွေ ဖြစ်ပေါ်တတ်ပြီး ဆံပင်အရင်းမှာဖြစ်ရင် ဆံပင်ဆုံးရှုံးတတ်ပါတယ်။ လက္ခဏာတွေ အနေနဲ့ စက်ဝိုင်းပုံ ထိပ်ကွက်နေတာ အလျင်အမြန် ဖြစ်ပေါ်တတ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးဝင်တာ၊ စိတ်ဖိစီးမှု အလွန်များတာနဲ့ ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရတာကြောင့် ဒီပြဿနာဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။

အကောင်းဆုံးကုသနည်း

Alopecia Areata  ကြောင့် ဆံပင်ပါးသူ အများစုဟာ ကုသမှု မခံယူဘဲ အလိုလို ဆံပင်ပြန်ပေါက်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ သင်ဟာ အရေပြားပေါ်မှ Autoimmune တုံ့ပြန်မှုကို လျှော့ချဖို့ ကုသချင်ရင်တော့ Steroid ပါတဲ့ လိမ်းဆေးလိမ်းတာ ဒါမှမဟုတ် ဆေးဝါးသောက်သုံးတာတွေ ပြုလုပ်နိုင်ပါတယ်။

(၃) ဆံပင်ပြဿနာ - စိတ်လှုပ်ရှားမှုကြောင့် ဆံပင်ဆွဲခြင်း

Trichotillomania

Trichotillomania ဆိုတာဟာ အလုပ်တစ်ခုကို ထပ်ကာထပ်ကာ ပြုမူတတ်တဲ့ ပြဿနာ ဖြစ်ပြီး မိမိဆံပင်ကို မိမိဆွဲတဲ့ ဒါမှမဟုတ် ကိုက်တဲ့သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။ ဒီရောဂါကြောင့် နာရီပိုင်းအတွင်း ကွက်ကျားကွက်ကျား ဆံပင်ကျွတ်တာ ဒါမှမဟုတ် ရေရှည်နဲ့ ဆံပင်အများကြီး ကုန်စင်ပြီး ပြောင်သွားတာတွေ ဖြစ်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ ဒီပြဿနာဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်တတ်ပါတယ်။ အသက်ကြီးသူ အမျိုးသမီးတွေမှာ ပိုမိုတွေ့မြင်ရတတ်ပြီး သူတို့မှာ စိတ်ကျဝေဒနာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ ဆံပင်ကို တစ်ချိန်လုံး ဆွဲနေတာကြောင့် ဆံပင်ကွက်ကျားပြောင်နေတတ်ပါတယ်။ များသောအားဖြင့် ဦးရေပြား၊ မျက်တောင်နဲ့ မျက်ခုံးလို နေရာမျိုးတွေမှာ အမွေးအမှင် ပါးနေတတ်ပါတယ်လို့ Salinger က ဆိုပါတယ်။

အကောင်းဆုံးကုသနည်း

စိတ်ရောဂါ အထူးကုဆရာဝန်နဲ့ ကုသတာဟာ အကောင်းဆုံး နည်းလမ်းပါ။ စိတ်ပိုင်းဆိုင်ရာ ပြုပြင်တာနဲ့အတူ၊ စိတ်ကျဝေဒနာ ပျောက်ဆေးတွေလိုမျိုး ဆေးဝါးတွေ အသုံးပြုဖို့ လိုအပ်ပါတယ်။ မကြာခင်က အသုံးပြုသွားတဲ့ ကုသနည်းမှာ စိတ်ကျလိုက်၊ စိတ်တက်လိုက် ဖြစ်တဲ့ ဝေဒနာနဲ့ စိတ်ကစဥ့်ကလျား ရောဂါအတွက် အကျိုးရှိတဲ့ N-acetyl-cysteine လို့ ခေါ်တဲ့ အမိုင်နိုအက်ဆစ် အားဖြည့်ဆေး တစ်မျိုးကို အသုံးပြုတာကြောင့် ဆံပင်ဆွဲတဲ့အကျင့် လျော့သွားနိုင်တယ်လို့ သိရပါတယ်။ အမေရိကန်မှာ ၁၂ ပတ်အကြာ စမ်းသပ်ပြီး အသုံးပြုရာမှာ ဒီအမိုင်နိုအက်ဆစ် အသုံးပြုသူ ၅၆ ရာခိုင်နှုန်းမှာ Trichotillomania ဝေဒနာ သက်သာသွားတယ်လို့ သိရပါတယ်။

(၄) ဆံပင်ပြဿနာ - ယာယီဆံပင်ကျွတ်ခြင်း

ယာယီဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်လို့ Salinger က ဆိုပါတယ်။ ကလေးမွေးအပြီး၊ ခွဲစိတ်အပြီး၊ အဖျား ၃၉ ဒဿမ ၅ ဒီဂရီထက် ကျော်လွန်အပြီး၊ အစာလျှော့စားတာနဲ့ ကိုယ်အလေးချိန် လျော့အပြီး၊ သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရပြည့်ဝအောင် မစားသောက်ခြင်း၊ ဆေးဝါး အသုံးပြုခြင်း (ဥပမာ - ကင်ဆာဆေး အသုံးပြုရခြင်း၊ Steroid ဆေး၊ နှလုံးရောဂါအတွက် အသုံးပြုရတဲ့ဆေး၊ ပဋိသန္ဓေတားဖို့ သောက်ရတဲ့ဆေး၊ သွေးကျဲဆေး) အစရှိတာတွေကြောင့် ယာယီဆံပင် ကျွတ်တတ်ပါတယ်။

အကောင်းဆုံးကုသနည်း

သင်ဟာ ကလေးမွေးပြီးတာ ဒါမှမဟုတ် ဖျားနာတာကြောင့် ဆံပင်ကျွတ်သွားရင် မစိုးရိမ်ပါနဲ့။ ဒီကျွတ်သွားတဲ့ ဆံပင်အများစုဟာ အချိန်တန်ရင် သူ့ဘာသာသူ ပြန်ပြည့်သွားတတ်ပါတယ်။ ဘာမှ ကုသစရာ မလိုပါဘူးလို့ Salinger က ပြောပါတယ်။ ဆံပင်ကျွတ်တာဟာ နှစ်လမှ သုံးလအတွင်း ရပ်တန့်သွားတတ်ပြီး ခြောက်လအကြာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်ရဲ့ ညီညွတ်မှုမျှတမှု မရှိတာကို Sensitive အလွန်ဖြစ်တတ်တာကြောင့် ခန္ဓာကိုယ်တွင်း အနည်းငယ် ပြောင်းလဲမှုရှိခဲ့ရင်တောင် ဆံပင်ကျွတ်တတ်ပါတယ်လို့ Salinger က ပြောပါတယ်။

(၅) ဆံပင်ပြဿနာ - ဗောက်ထခြင်း

Tineacapitis

ဦးရေပြားမှာ Fungus မှိုပိုးတွေကြောင့် ထိပ်ကွက်နေတာဟာ ကလေးငယ်တွေမှာသာ တွေ့ရတာ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်လို့ Salinger က ဆိုပါတယ်။ ကူးစက်တတ်တဲ့ အရေပြား မှိုပိုးရောဂါတစ်မျိုးဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဌာန် ဆံပင်တွေ အကွက်လိုက် ကျိုးပြတ်နေတတ်ပါတယ်။ အရေပြားဟာ နီရဲနေပြီး ရောင်ရမ်းကာ ယားယံတတ်ပါတယ်။ ကြောင်၊ ခွေး၊ ငှက်နဲ့ လူမှတစ်ဆင့် မှိုပိုးတွေ ဝင်ရောက်တတ်ပါတယ်။

အကောင်းဆုံးကုသနည်း

Anti-fungus ဆေးဝါးတွေကို ပါးစပ်မှ သောက်သုံးရပါမယ်။ လေးပတ်မှ ရှစ်ပတ်ကြာအောင် ကုသရမှာဖြစ်ပြီး တချို့လူတွေမှာ ပျောက်ကင်းဖို့ အချိန်ပိုယူရပါတယ်လို့ Salinger က ဆိုပါတယ်။ Selenium Sulphide ၂ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုရင် မှိုပိုးထုတ်လုပ်မှု လျော့သွားနိုင်ပါတယ်။    

http://www.enjoy.net.mm/

No comments:

Post a Comment