Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 23, 2012

တစ်သက်နှစ်ဘ၀ ရှင်သန်ကြသူများ (အပိုင်း ၁)

by Maw Kun Magazine on Tuesday, 23 October 2012 at 07:31 ·


စောသစ်ထူးရေးသား၍ ဇော်နိုင်ဦးအချက်အလက်ပံ့ပိုးသည်။
 
အောင်ကို(အမည်လွှဲ) ၃၄ နှစ်ဟာ ငယ်ငယ်ကတည်းက ကနွဲ့ကလျနေခဲ့တာ။ ကစားရင်တောင် မိန်း ကလေးတွေ ကစားတဲ့ ကြိုးခုန်တာတို့၊ အိုးပုတ်တို့နဲ့ကစားရတာကို ပိုကြိုက်တယ်။ ကနွဲ့ ကလျ အောင်ကိုရဲ့ဘ၀ကို  အကြီးအကျယ်အပြောင်းအလဲဖြစ်စေ ခဲ့တာက သူဆယ်နှစ်သားအရွယ်မှာပေါ့။

          သူ့အဒေါ်ယောက်ျားရဲ့တူနဲ့ တစ်ခြင်ထောင်တည်း အတူ တူအိပ်တာက စခဲ့တယ်လို့ပြောရမှာပဲ။ သူ့ထက်ငါးနှစ်ကြီးတဲ့ အဒေါ့်ယောက်ျားရဲ့တူက လူပျိုပေါက်၊ လက်တည့်စမ်းတဲ့အရွယ် ဆိုတော့ အောင်ကို့ကို မိန်းမနေရာကထားပြီး လိင်တူချင်း ဆက်ဆံခဲ့တယ်။ အဲဒီညက သူဘယ်လိုမှထင်မှတ်မထားတဲ့ အတွေ့အကြုံကို တစ်သက်လုံးကြိုက်နှစ်သက်ခဲ့တယ်လို့ သူက ပြောတယ်။

          “အဲဒါဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မိန်းမအစစ်ကြီးလိုဖြစ်သွားပြီးတော့ သူပြန်လာပြီဆိုရင် ကြိုလိုက်ရလို့ ၀မ်းသာသွား တာတို့ အဲဒီလိုမျိုးခံစားရတာပေါ့”

          အဲဒီနောက်ပိုင်း အရွယ်ကလည်း လူပျိုပေါက်အရွယ်ဖြစ်လာ တော့ ကျောင်းတက်ဖော် သူငယ်ချင်းတွေ နဲ့လည်း စမ်းသပ်ခဲ့တယ်။

          တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆရာမကို အောင်ကို ကအခြောက်ဖြစ်တယ်လို့ သွားပြောလိုက်တော့ သုံးပတ်လောက် ကျောင်းမတက်ရဲတော့ဘဲ အိမ်တွင်းပုန်းလုပ်နေခဲ့ရတယ်။

          “နဂိုကတည်းက သိနေတာ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့       ဆရာမပြောလိုက်တဲ့စကားလုံး တစ်လုံးကြောင့် လာကြည့် တဲ့ မျက်လုံးတွေနဲ့ အာရုံစူးစိုက်မှုတွေ အကုန်ကိုယ့်ဆီရောက်လာ တာက ပိုပြီးထိခိုက်မှုရှိတယ်”

          အောင်ကိုက သူထိခိုက်ခံစားခဲ့ရတာကို ပြန်ပြောပြတယ်။


အပွင့်ဘ၀ဖြင့်နေကြသည့် အလှဖန်တီးရှင် အားပန်(၀ဲ)နှင့် ငယ်ငယ်(ယာ)


အောင်ကို့လို လိင်တူချစ်သူတွေအနေနဲ့ မိသားစုနဲ့ ပတ်ဝန်း ကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေ၊
အထင်မြင်သေးနှိမ့်ချဆက်ဆံမှု တွေကြောင့် သူတို့ရဲ့ လူ့အခွင့်အရေးတွေ ဆုံရှုံးနေရပြီး လူ တစ်ယောက်ရဲ့ ဘ၀ရပ်တည်မှုကို ခက်ခဲစေတယ်လို့ လူ့ အခွင့်အရေး လှုပ်ရှားသူတွေက ပြော ကြပါတယ်။

       ခွဲခြားဆက်ဆံမှုတွေ လျော့ နည်းပြီး လူတစ်ယောက်ရဲ့ အခွင့်အရေး ကိုသာ အပြည့်အ၀ရရှိမယ်ဆိုရင် လိင်တူချစ်သူတွေအနေနဲ့  မိမိတတ်စွမ်းတဲ့ အရည် အချင်းတွေကို ပိုမိုဖော် ထုတ်လာနိုင်မှာဖြစ်ပြီး ကိုယ် တိုင်ရော ပတ်ဝန်းကျင်ကိုပါ အကျိုးရှိအောင် ဖန်တီးလာနိုင်မှာဖြစ်တယ်လို့ လိင်တူချစ်သူတွေက ပြောကြတယ်။

          “မြန်မာနိုင်ငံရဲ့ (လိင်တူချစ်သူတွေ) အခြေအနေက အရှေ့အလယ်ပိုင်းနိုင်ငံတွေလို၊ အာဖရိကက တချို့နိုင်ငံတွေမှာ လို အထူးဆိုးဆိုးဝါးဝါး သတ်ဖြတ်တာ၊ အကြမ်းဖက်တာတွေ မရှိဘူးဆိုပေမယ့် လိင်တူချစ်သူတွေကို ပြည့်ပြည့်၀၀ကြီးလက်ခံနေတယ်လို့လည်း ပြောလို့မရတဲ့အခြေအနေမျိုးပါ” လို့ လူ့အ ခွင့်ရေးလှုပ်ရှားနေသူ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

          နိုင်ငံတကာမှာ LGBT လို့ခေါ်တဲ့ Gay (ယောက်ျားချင်း လိင်တူကြိုက်သူ)၊ Lesbian (ယောက်ျားလျာ)၊ Bisexual (လိင်တူရောလိင်ကွဲပါကြိုက်သူ) နဲ့ Transgender  (မိန်းမလျာအပွင့်) တွေရဲ့ အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့စည်းတွေရှိကြပါတယ်။ မြန် မာနိုင်ငံမှာလည်း အချင်းချင်းဆက်သွယ်ချိတ်ဆက်ထားတဲ့ ကွန် ရက်လေးတွေရှိလာတာ တွေ့ရတယ်။

          ဂေး(Gay) ၊ မိန်းမလျာလို့ခေါ်ကြတဲ့ လိင်တူချစ်သူတွေမှာ အမျိုးအစားစုံလင်လှသလို အခေါ်အဝေါ်တွေလည်း စုံလင်လှပါ တယ်။ အနေအထိုင်ပုံစံနဲ့ လိင်စိတ်တိမ်းòတ်မှုအတိုင်းအတာ ပေါ်မူတည်ပြီး အပုန်း၊ အပွင့်၊ သူငယ်၊ ဂလန် ၊ အော်ဖာ (Offer)စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။

          NGO အသိုင်းအ၀ိုင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေ လုပ်နေကြသူ တွေကတော့ MSM(Man who have Sex with Man) လို့ လည်းခေါ်ကြပါတယ်။

            လိင်တူကို စိတ်တိမ်းညွှတ်ပေမယ့် အ၀တ်အစားပုံစံက အများသတ်မှတ်ထားတဲ့ နေထိုင်ဝတ်စားပုံနဲ့သာ နေတဲ့သူကို အပုန်းလို့ခေါ်ကြတယ်။ ခွဲခြားဆက်ဆံမှုတွေနဲ့ ဘ၀ရဲ့ လက်ရှိ အခြေအနေကို ထိခိုက်မှာစိုးလို့ ကိုယ်တိုင်ဂေးဖြစ်နေတာကို အများကိုပေးမသိချင်ဘူး။ ဒါ ပေမဲ့ တစ်ခါတစ်ရံမှာ အ၀တ် အစားကသာ မပြောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂေးပါ လို့ ဖွင့်ပြောတဲ့အခါ အပွင့်လို့ သတ်မှတ်ကြတယ်။

          အပွင့်တွေကို Transgender လို့လည်း ခေါ်ကြတယ်။ ဒီနေရာမှာ မွေးရာပါ လိင်အင်္ဂါကို Sex လို့ခေါ်ကြပြီး အများ သတ်မှတ်ထားတဲ့ ယောက်ျား၊     မိန်းမ ပြုမူနေထိုင်ရမယ့်ပုံစံတွေကို  Gender လို့ခွဲထားကြပါတယ်။ Transgender ဆိုတာ အများသတ်မှတ်ထားတဲ့ပုံစံနဲ့ ၀တ်စား နေထိုင် တာမျိုးမဟုတ်ဘဲ မိမိစိတ်တိမ်းညွှတ်မှုပေါ်မူတည်ပြီး နေထိုင်လိုက်တာကို ခေါ်ပါတယ်။ ယောက်ျားဖြစ်ပေမယ့် မိန်းမစိတ် တိမ်းညွှတ်တာကြောင့် မိန်းမလို ပွင့်ပွင့်လင်းလင်းနေထိုင်ဝတ်စားသူတွေကို ခေါ်ကြတာပါ။

          သူငယ်ဆိုတာကတော့ ဂေးတွေနဲ့အတူနေကြတဲ့ လိင်ဆက်ဆံဖော်တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ သူငယ်မှာလည်း အယူချည်းပဲသွားတဲ့သူငယ်ရှိသလို အပြန်အလှန်ကူညီဖေးမ တတ်ကြတဲ့ သူငယ်တွေလည်းရှိတယ်လို့ MSM တွေက ပြော ကြပါတယ်။ တချို့ကလည်း 69 လို့ခေါ်ကြတယ်။ အင်္ဂလိပ်လို နံပါတ်ခြောက်ကို လှည့်လိုက်တာနဲ့ ကိုးဖြစ်သွားသလို ကိုးကို လည်း လှည့်လိုက်တာနဲ့ ခြောက်ဖြစ်သွားနိုင်တာကြောင့်ပါတဲ့။

          ဂလန်ဆိုတာကတော့ ယောက်ျားရော မိန်းမကိုပါ ကြိုက် နှစ်သက်ကြပြီး ယောက်ျားကိုကြိုက်နှစ်သက်ရာမှာလည်း ကိုယ် စိတ်တိမ်းညွှတ်မှုအလျောက် အပေးဘက်၊ အယူဘက် စသဖြင့် ပုံစံမျိုးစုံနေကြတဲ့သူတွေကို ခေါ်ကြပါသတဲ့။ တချို့ကလည်း စမူဆာလို့ခေါ်ကြပါတယ်။

          အော်ဖာဆိုတာကတော့ ငွေကြေး၊ သို့မဟုတ် ပစ္စည်းတစ်စုံ တစ်ရာယူပြီး လိင်တူသော်လည်းကောင်း၊ လိင်ကွဲသော်လည်း ကောင်း အဆင်ပြေသလို ဆက်ဆံကြရတဲ့သူတွေလို့ ဆိုပါတယ်။ သူတို့က ငွေကြေး၊  ပစ္စည်းတစ်စုံတစ်ရာ ယူထားပြီးဖြစ်တာ ကြောင့် ကိုယ့်ကိုလာခေါ်တဲ့ ဖောက်သည်ရဲ့အလိုကျ ပုံစံအမျိုးမျိုးနဲ့ နေပေးရလေ့ရှိပါတယ်။

          နောက်ထပ်တစ်မျိုးကတော့ Transsexual လို့ခေါ်တဲ့    လိင်အင်္ဂါပြောင်းလဲထားတဲ့သူတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်မစားသေးဘဲ မရှိသလောက်နည်းသေးတယ် လို့ ဆိုရမှာပါ။

          တရားဝင်လက်ထပ်ထားတဲ့ မိန်းမနဲ့ကလေးတွေရှိပြီး လိင်တူရော လိင်ကွဲပါကြိုက်နှစ်သက်တဲ့ ဂေးတွေလည်းရှိတတ် ပါတယ်။

တိတ်တိတ်လေးချစ်
 
          ငယ်စဉ်က စစ်တပ်အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာရတဲ့ အောင်ကိုအနေနဲ့က မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ခွဲခြားနှိမ်ချဆက် ဆံမှုတွေကို ရှောင်ရှားလိုတာကြောင့် ယနေ့အထိ အပုန်းဘ၀နဲ့ ပဲ ကျင်လည်ခဲ့ရတယ်။

          သူကအပွင့်တွေလို မိန်းမအ၀တ်အစားတွေမ၀တ်ချင်ဘဲ ယောက်ျားလေးပုံစံအတိုင်းနေရတာကို ကြိုက်နှစ်သက်တယ်လို့ ဆိုတယ်။ သူက တီရှပ်အဖြူနဲ့ ဂျင်းန်ဘောင်းဘီအကျပ်ကိုဝတ်ထားတယ်။

          သူ ၂၈ နှစ်အရွယ်မှာ သူငယ်ချင်းတစ်သိုက်က သူ့ကိုစ နောက်ခဲ့တဲ့အဖြစ်အပျက်က သူ့ဘ၀မှာ အထိတ်တလန့် အမှတ် တရဖြစ်စေခဲ့တယ်။

          အောင်ကို အစိုးရလုပ်ငန်းတစ်ခုလုပ်ခဲ့တုန်းက မကွေး ဘက်မှာ တာဝန်ကျတယ်။ တစ်ရက်မှာ ဧရာဝတီမြစ်ထဲရေတွေ လျှံနေချိန်။ သူငယ်ချင်းတွေက လှေသွားစီးကြမယ်လို့ အောင်ကို့ ကို အဖော်စပ်တယ်။ သူငယ်ချင်းတွေထဲမှာလည်း အောင်ကို ကျိတ်ပြီးစိတ်ဝင်စားနေတဲ့ သူငယ်ချင်းယောက်ျားလေးတွေ လည်းပါတာကြောင့် လိုက်သွားခဲ့တယ်။

          လှေဆိပ်ရောက်တော့ ပါလာတဲ့မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့ အောင်ကိုပဲ လှေပေါ်တက်ရသေးတယ်၊ သူငယ် ချင်းတွေက လှေကိုမြစ်လယ်ကို တွန်းထုတ်လိုက်ကြတယ်။ ရေ လယ်ရောက်သွားတဲ့အခါ သူငယ်ချင်းတွေက ကောင်မလေးကို ယူမလား၊ မယူဘူးလားလို့ လှမ်းမေးကြတယ်။ ရေလည်းမကူး တတ်၊ လှေလည်းမလှော်တတ်တဲ့ လှေပေါ်ကနှစ်ယောက်သား ခမျာမှာ တအားကြောက်နေကြတာပေါ့။

    “ဘယ်လိုမှမယူနိုင်ဘူး။ မင်းတို့မလာရင် ငါရေထဲခုန်ချ မှာ”

          အောင်ကိုကပြောပြောဆိုဆို ရေထဲခုန်ချမယ်လုပ်တော့မှ သူငယ်ချင်းတွေက လှေတစ်စီးနဲ့လိုက်လာခဲ့ကြရတယ်။

“ကျွန်တော်မှ မိန်းကလေးတွေကိုစိတ်မ၀င်စားတာ”

          ပီကေ၀ါးရင်းပြောနေတဲ့ အောင်ကို့အသံက ခပ်သြသြ။

          အဲဒီဒေသမှာပဲ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ယောက်ျားလေး အဖော်တစ်ယောက်ကို အောင်ကိုတွေ့ရှိခဲ့တယ်။

          ဆယ်တန်းအရွယ်ကောင်လေးက ရေချိုးဆင်းတဲ့အချိန်မှာ ပဲ အောင်ကိုနဲ့စတွေ့ခဲ့တယ်။ မိတ်ဆက်စကားစပြီး ညနေဘက် တွေ့ဖို့ချိန်းလိုက်တယ်။ နောက်ပိုင်း ခင်မင်လာတဲ့အခါမှာတော့ ကိုယ့်အခြေအနေကို အမှန်အတိုင်းဖွင့်ပြောပြီး အတူတူနေကြဖို့ခွင့်တောင်းလိုက်တယ်။


          အောင်ကိုရန်ကုန်ပြန်လာပြီးတဲ့အချိန်မှာ ကောင်လေးက လည်း ၁၀ တန်းဖြေပြီးချိန်၊ ရန်ကုန်ကိုအလုပ်ရှာဖို့ ရောက်လာ တယ်။ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်ခန်း တစ်ခန်းငှားပြီး အတူတူနေ၊ အတူတူစီးပွားရှာနေခဲ့တာ အခု ဆိုရင် ခုနစ်နှစ်တောင်ရှိခဲ့ပါပြီ။

          သူတို့နှစ်ယောက်ကို အောင်ကို့သူငယ်ချင်းတွေက Living together လို့သိထားကြပေမယ့် ကောင်လေးဘက်က မိသားစုနဲ့သူငယ်ချင်း အသိုင်းအ၀ိုင်းကတော့ သာမန်ယောက်ျား လေးသူငယ်ချင်းနှစ်ယောက်အဖြစ်သာ သိထားကြတယ်။

          “တကယ်လို့ သူ့အသိုင်းအ၀ိုင်းကသာ ကျွန်တော်တို့နှစ် ယောက်အခြေအနေကိုသိသွားရင် . . .
          “ကျွန်တော့်အတွက်မစိုးရိမ်ပေမယ့် သူ့အတွက် ကျွန်တော် စိုးရိမ်ရတယ်၊ ပတ်ဝန်းကျင်ဖိအားမပြောနဲ့ မိသားစု ဖိအားကိုတောင် မခံနိုင်ဘူး”

          အောင်ကိုက လေးတွဲ့တွဲ့ပြောတယ်။

          ကောင်လေးကိုလည်း မိန်းကလေးရည်းစားထားချင် တယ်ဆိုရင် အောင်ကိုကခွင့်ပြုထားပြီး နောင်တစ်ချိန်မိန်းမယူသွားမယ်ဆိုရင်လည်း ရလာတဲ့ကလေးတွေကို သူသေတဲ့အထိ စောင့်ရှောက်သွားမယ်လို့ သူက စိတ်ပိုင်းဖြတ်ထားတယ်။

 
မိတ်ကပ်မိုးည







အပွင့်ဘ၀ မိုးည
 
          သင်္ချာဘွဲ့ရ မိုးည  (၂၈ နှစ်) ငယ်ငယ်တုန်းက သူ့အစ်မ အတွက်ဝယ်လာတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အ၀တ်အစားတွေကို မ၀တ်ရရင် စိတ်ကောက်လေ့ရှိတာကြောင့် သူ့အမေက သူ့ အတွက် မိန်းကလေးအ၀တ်အစားတွေ ၀ယ်လာပေးရလေ့ရှိ တယ်။ တစ်ခါတစ်ရံမှာ သူ့အမေက နှုတ်ခမ်းနီပါ ဆိုးပေးရ သေးတယ်။
          ကျောင်းခန်းထဲမှာ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ပဲတွဲတယ်။ ယောက်ျားလေးသူငယ်ချင်းတွေကိုပဲ စိတ်ဝင်စားတယ်။

          “အဲဒီတုန်းက ငယ်သေးတော့ တခြားတဏှာစိတ်တွေ ဘာတွေမရှိသေးပါဘူး” လို့ မိုးညကပြောတယ်။

          သူ တကယ်ကြုံတွေ့ခဲ့ရတာက ပထမနှစ်မှာပေါ့။

          အရှေ့ပိုင်းတက္ကသိုလ်ကို ကျောင်းသွားတက်ရတဲ့ မိုးညကို အမြဲလိုလိုစောင့်ကြည့်နေတတ်တဲ့သူ့ကို မိုးညစပြီးသတိထား မိလာတယ်။ ကျောင်းရှေ့လက်ဖက်ရည်ဆိုင်ကနေ စောင့်ကြည့် နေတတ်တဲ့သူ့ကိုလည်း မိုးညက ခိုးခိုးပြီးကြည့်တတ်လာတယ်။

          “ပထမနှစ်မှာ ကာလာစုံမြင်ရတော့ ဟိုအရောင်လေး ကြိုက်တယ်၊ ဒီအရောင်လေးကြိုက်တယ်ပေါ့။ ကိုယ်ကြိုက်တာ က ပန်းရောင်လေး၊ မြတ်မြတ်နိုးနိုးနဲ့ ထားချင်တာ။ မထင်မှတ် ဘဲနဲ့ ကိုယ်မုန်းတယ်ဆိုတဲ့ အစိမ်းရောင်နဲ့ စတွေ့တယ်”

          တစ်နေ့မှာတော့ သူငယ်ချင်းအပေါင်းသင်းတွေနဲ့ခွဲထွက် ပြီး မိုးညကိုစောင့်ကြည့်နေတဲ့ သူနဲ့အတူတူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ အဲဒီနေ့မှာပဲ မိုးညထက် ၁၀ နှစ်လောက်ကြီးပြီး မိုးညကအစိမ်းရောင်ကြီးလို့ ကာလာခွဲသတ်မှတ်ထားတဲ့သူကြီး က စပြီးချစ်ရေးဆိုတော့တာပါပဲ။

          သူတကယ်ကြိုက်နှစ်သက်နေတဲ့ ပန်းရောင်လေးက သူ့ ကိုပြန်မကြိုက်တာကြောင့် အစိမ်းရောင်ကြီးနဲ့သာ တွဲခဲ့ရတာ လို့လည်း မိုးညကပြောပြတယ်။

          “ဒါပေမဲ့ မိုးကံကောင်းပါတယ်။ သူကပညာတတ်။ ဗိုလ်ကြီးတဲ့။ ချက်ချင်းကြီးတော့ အဖြေပြန်ပေးလို့ဘယ်ဖြစ်မလဲ။ စဉ်းစားပါရစေဦးလို့ပဲ ပြောခဲ့ရတာပေါ့”

          မိုးညက မခို့တရို့ပြုံးပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံကို ဆက်ပြောတယ်။

          အဲဒီနောက်ပိုင်းမှာ သူ့ရဲ့အစိမ်းရောင်ကြီးဟာ နှစ်ပတ် လောက်ပျောက်သွားခဲ့တယ်။ အဲဒီအချိန်တွင်းမှာတော့ သူထိုင် နေကျ ခုံနေရာလေးကို အမြဲတမ်းစောင့်မျှော်နေခဲ့မိတယ်။ နှစ် ပတ်ကျော်လို့ ပြန်တွေ့တဲ့အချိန်မှာတော့ မိုးညတစ်ယောက် အလွမ်းမိုးသည်းတွေကြားထဲမှာ ခေါင်းညိတ်ခဲ့ရတော့တာပေါ့။

          သူရဲ့ပထမဆုံးလိင်တူအတွေ့အကြုံမှာ အရှက်လွန်နေလို့ ကမောက်ကမတွေ ဖြစ်ခဲ့သေးတယ်လို့လည်း မိုးညက ရယ်ရယ် မောမော ပြန်ပြောပြတယ်။

          ၂၀၀၃ ခုနှစ်လောက်ကစပြီး မိတ်ကပ်ပြင်သင်တန်းတစ်ခု ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်နိုင်လောက်တဲ့ အထိ စတင်ရောက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး မိန်းကလေးလို အ၀တ်အစားပုံစံနဲ့ ပွင့်ပွင့်လင်းလင်းနေထိုင်လာခဲ့တယ်။

          မိုးညရဲ့အပွင့်ဘ၀က အတိုက်အခံတွေပြည့်နှက်နေတယ်။ အရင်ဆုံး အိမ်ကမိသားစုတွေက လက်မခံနိုင်ဘူး။

          “ကိုယ့်ကိုကြည့်ပြီး အခြောက်လို့သိသွားပြီ။ ဒါပေမဲ့ အဲဒီ အခြောက်တွေဝတ်ထားတာ Smart (ပုံစံကျ) မဖြစ်ဘူးဆိုရင် ကိုယ်ကနေရာမရဘူး။ ကိုယ်ဝတ်ထားတဲ့အ၀တ်စား ပြောပုံဆိုပုံ တွေအားလုံး အံဝင်ခွင်ကျဖြစ်မှသာ နေရာတစ်နေရာရတာကို နားလည်ပေးပါအမေရယ်လို့ ပြောရတယ်”

          အပွင့်တွေကသိသာတာကြောင့် အပုန်းတွေထက် ခွဲခြား ဆက်ဆံမှုကို ပိုမိုကြုံတွေ့ရလေ့ရှိတယ်လို့ ဂေးတွေကပြောကြ ပါတယ်။

          လူ့အခွင့်ရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက “အရင်တုန်း ကတော့ လိင်တူချစ်သူလို့ သိလိုက်လို့ရှိရင် သူတို့စိတ်ထဲမှာ မသိုး မသန့်ဖြစ်သွားတဲ့သူတွေအများကြီးနဲ့ တွေ့ ဖူးတယ်။ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မလား စိုးရိမ်တဲ့သဘောတွေ အများကြီးတွေ့ရတယ်” လို့ဆိုပါတယ်။

          ဦးအောင်မျိုးမင်းငယ်စဉ်ဘ၀ကလည်း အခွင့်ကောင်းယူ လှောင်ပြောင်မှာစိုးရိမ်တာကြောင့် ဘယ်သူမှမသိအောင်ကြိုး စားဖုံးကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မိန်းကလေးရည်းစားတွေ ထားခဲ့ဖူးပေမယ့် ကိုယ်ကတစ်ဖက်သတ် ရင်ခုန်နေရတဲ့            ယောက်ျားလေးသူငယ်ချင်းလောက် စိတ်လှုပ်ရှားတာ မခံစား ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်သူတစ်ယောက်ဆိုတာ သဘောပေါက်လာခဲ့တယ်လို့ သူကပြောပြတယ်။

          အခုချိန်မှာတော့ ဦးအောင်မျိုးမင်းဟာ ယောက်ျားလို အမြဲတမ်းဝတ်ဆင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ဂေးပါလို့ လူသိရှင် ကြား ထုတ်ဖော်ထားသူဖြစ်ပါတယ်။

          က္ဘာ့နာမည်ကြီး CNN သတင်းဌာနက သတင်းကြေညာ သူ အန်ဒါဆင်ကူးပါး (Anderson Cooper) ဟာဆိုရင်လည်း သူ့ကိုယ်သူ ဂေးပါလို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားသူပါ။


အမျိုးသမီးဘ၀သို့ လိင်အင်္ဂါပြောင်းလဲထားသည့် သက်မွန်ဖြိုး





အပြောင်းအလဲများနှင့်ကမ္ဘာ
 
          သက်မွန်ဖြိုး (၃၄ နှစ်) ငယ်ငယ်က မိန်းကလေးတွေ ကိုမြင်ရင် အားကျလေ့ရှိပြီး သူတို့ရဲ့အသုံးအဆောင်တွေကို စမ်းသပ်လိုစိတ်ရှိခဲ့တယ်။ ငယ်ငယ်က ခန္ဓာကိုယ်တည်ဆောက် ပုံက ခပ်သေးသေး၊ ခပ်နွဲ့ နွဲ့ရယ်။

          ကိုးတန်း၊ ဆယ်တန်းအရွယ် ရောက်လာတဲ့အခါကျတော့ မိန်းမစိတ်ဖြစ်နေပြီဆိုတာကို ကိုယ်တိုင်သတိထားမိတတ်လာ တယ်။ သူငယ်ချင်းတွေကလည်း “အခြောက်” လို့ စနောက်တာ ခံလာရတယ်။

          တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ အထိုက်အ လျောက်  ပွင့်လင်းလာတာနဲ့အတူ မိန်းကလေး အ၀တ်အစားတွေ ၀တ်ပြီး ပေါ်ပေါ်တင်တင်ပြောင်းလဲပစ်လိုက်တယ်။ အဲဒီမှာတင် မိသားစုဝင်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး စတင်ရပါတော့တယ်။

          “အဲဒီအချိန်က Depression (စိတ်ကျအားငယ်မှု)ကို ချိန်ခွင်ထဲထည့်ချိန်ရင် ဘယ်နှတန်တောင်ရှိမလဲမသိဘူး။ လူဖြစ် ရတာ သက်သက်မဲ့လာပြီး ၀ဋ်ခံနေရတာလားလို့တောင် ထင်ခဲ့မိ တယ်။ လုံးဝကိုချောင်ပိတ်မိနေပြီးတော့ အနာဂတ်မဲ့နေသလို ခံစားခဲ့ရတာအများကြီးပဲ။ ကိုယ့်မိသားစုက ခွဲခြားတာခံရတာ တွေကြုံရတဲ့အချိန်မှာ လူ့လောကမှာ မနေချင်တော့တဲ့အထိ ဖြစ်တယ်” လို့ သက်မွန်ဖြိုးက သူခံစားခဲ့ရပုံကို ဖွင့်ဟတယ်။

          ဒါပေမဲ့ အိမ်ကဆင်းသွားပြီး ဘ၀တူသူငယ်ချင်းတစ် ယောက်ယောက်ဆီမှာ သွားနေတဲ့ပုံစံမျိုးမလုပ်ခဲ့ဘဲ လောလော ဆယ် မိန်းကလေးလို နေလို့မရပေမယ့် တစ်နေ့နေ့မှာ မိန်းက လေး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့ပြီး တစ်ကိုယ် တော်အကြံအစည်ကို စတင်ခဲ့တယ်။

          အဲဒီအချိန် မြန်မာနိုင်ငံမှာ အင်တာနက်မရှိသေးတာ ကြောင့် စာကြည့်တိုက်တွေသွားပြီး လိင်နဲ့ပတ်သက်တဲ့ ဆေး ပညာစာအုပ်တွေကို ရှာဖွေဖတ်ရှုတယ်။ အနောက်နိုင်ငံတွေမှာ လိင်အင်္ဂါပြောင်းလဲလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေဖတ် မိပြီး စိတ်ကူးယဉ်ခဲ့ရတာလည်း အကြိမ်ကြိမ်။

          ပညာကိုဆုံးအောင်သင်၊ နိုင်ငံခြားထွက်အလုပ်လုပ်၊ ပိုက် ဆံရှာပြီး ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ရအောင်လုပ်မယ်ဆိုတဲ့ သန္နိ ဋ္ဌာန်နဲ့ GTI ကို ပြီးဆုံးအောင်တက်တယ်။ ၂၀၀၁ ခုနှစ်မှာ စင်ကာပူနိုင်ငံထွက်ပြီး အလုပ်လုပ်ခဲ့တယ်။

          စင်ကာပူရောက်တော့ အင်တာနက်အသုံးပြုလို့ရလာတာကြောင့် အွန်လိုင်းပေါ်ကနေ သိချင်သမျှ အချက်အလက်တွေကို အငမ်းမရရှာဖွေရင်း ထိုင်းနိုင်ငံက ပလတ်စတစ်ဆာဂျရီ ဆရာ ၀န်တွေနဲ့ အဆက်အသွယ်ရတော့တာပါပဲ။

          “ဒါကျွန်မတစ်သက်လုံးရှာလာခဲ့ရတဲ့ အချက်အလက် တွေပဲ” လို့ သက်မွန်ဖြိုးက ၀မ်းသာအားရပြောတယ်။

          ခွဲစိတ်ကုသမှုမခံယူခင်မှာ ဟိုမုန်းဆေးတွေကြိုသောက်ဖို့ ဆရာဝန်တွေပေးတဲ့အကြံဉာဏ်ဟာ အရင်ကတည်းက ဘ၀ တူစီနီယာတွေရဲ့ လမ်းညွှန်မှုနဲ့ သောက်ခဲ့ဖူးတဲ့ သက်မွန်ဖြိုး အတွက်တော့ အသေးအဖွဲကိစ္စပါပဲ။ စိတ်ပိုင်းဆိုင်ရာ မေးခွန်း မြောက်မြားစွာကိုလည်း သူဖြေကြားခဲ့ရတယ်။

          ဘယ်တုန်းက ခွဲစိတ်ကုသမှု ခံယူခဲ့သလဲ ဆိုတဲ့မေးခွန်းကို
“၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီ ၁၀ ရက်။ ကရင်နှစ်သစ်ကူး နေ့ပါ” လို့ သူ့စိတ်ထဲမှာ ဘယ်တော့မှ ပျောက် ပျက်သွားမှာမဟုတ်တဲ့ နေ့ရက်တစ်ခုလို ချက်ချင်းပဲရွတ်ပြတယ်။

          “အင်မတန်ပျော်တာ။ က္ဘာကြီး က ကိုယ်နဲ့သက်ဆိုင်သွားတာပေါ့”

          သူကဆက်ပြောတယ်။

          “အရင်ကဆိုရင် အခြောက်မ တစ် ယောက်က ယောက်ျားတစ်ယောက် အချစ်ကို ဆုလာဘ်ကြီးတစ်ခုလို မြင် လိမ့်မယ်။ အခုတော့ သူကြင်မှ ကိုယ် ကြင်ဆိုတဲ့မာန်၊ တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေါ့။ မိန်းမ တွေမှာရှိတယ်လေ။ ကိုယ့်ယုံကြည်ချက်ရှိလာတယ်၊ ကိုယ့် မာနရှိလာတယ်”

          အဲဒီနောက်ပိုင်း ရေကူးဝတ်စုံနဲ့ ခေါင်းမော့ရင်ကော့ပြီး မိန်းကလေး သူငယ်ချင်းတွေနဲ့ပါ ရေသွားကူးတဲ့အချိန်တွေမှာ အရင်ကဘ၀တူ သူငယ်ချင်းတွေက နင်နဲ့တော့မယှဉ်ရဲပါဘူး ဟယ်လို့ ပြောတဲ့စကားသံတွေကို ကြားလိုက်တိုင်း အချင်းချင်း ရယ်မောပျော်ရွှင်ရတယ်။ ကျား၊ မ စသဖြင့် ခွဲခြားထားတဲ့ နေရာ တွေမှာလည်း “မ”ဘက်ကိုယုံကြည်မှုအပြည့်နဲ့ ၀င်ထွက်သွား လာနိုင်ခဲ့တယ်။

          ခွဲစိတ်ကုသမှုစရိတ်အဖြစ် ကုန်ကျခဲ့တဲ့ ဒေါ်လာခြောက် ထောင်နဲ့ သူ့ဘ၀သစ်ကို ရှာဖွေတွေ့ရှိခဲ့ရတဲ့အတွက် သူ ဘယ် တော့မှ နှမြောမှာမဟုတ်ပါဘူးလို့ဆိုတယ်။

          လိင်အင်္ဂါမပြောင်းလဲခင်က ကိုယ်ကိုယ်တိုင်လည်း ခွဲခြား ဆက်ဆံမှုခံခဲ့ရတာတွေ၊ ဘ၀တူတွေကိုလည်း သံယောဇဉ်ရှိ တာတွေကြောင့် MSM တွေကိုကူညီနေတဲ့ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Help (ကူညီလက်များ) မှာ ကျန်းမာရေးအသိပညာ ဖြန့်ဝေခြင်းတွေနဲ့ ဂေးအခွင့်ရေးလှုပ် ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။

          အိတ်ခ်ျအိုင်ဗီတားဆီးကာကွယ်ရေး လုပ်ငန်းနယ်ပယ် တွေမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက The Help အဖွဲ့ကို UNAIDS က Red Ribbon ဆုချီးမြှင့်ခဲ့ပါတယ်။

(အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment