Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 16, 2012

ချစ်ခြင်းအနုပညာ

ချစ်တာဟာ အနုပညာ (အတတ်ပညာ) တစ်ခုလား၊ ဒါမှမဟုတ် အလိုအလျောက် ပေါ်လာတဲ့ ပကတိစိတ်တစ်မျိုးလား။

ဒီမေးခွန်းကို မဖြေခင် နောက်မေးခွန်းတစ်ခုကို ထပ်မေးရဦးမယ်။ အနုပညာဆိုတာ ဘာလဲ။

‘အနုပညာသည် သဘာဝလောကကြီးကို ထပ်မံပေါင်းဖြည့်ထားသည့် လူဖြစ်သည်’ လို့ စာရေးဆရာ ဘေကွန်က ပြောခဲ့တယ်။ ရိုးရိုးဥဒါဟရုဏ်ကလေးတွေကို ကြည့်လိုက်ရင် ဘေကွန်ရဲ့အဆိုဟာ သင့်မြတ်တဲ့အဆိုဖြစ်ကြောင်းကို တွေ့နိုင်ပါတယ်။ သဘာဝကြီးဟာ ပန်းချီဆရာတစ်ယောက်အတွက် ပန်းချီကားရေးဖို့ ကုန်ကြမ်းတွေကို ဖန်တီးပေးတယ်။ သစ်ပင်တွေ၊ ပန်းပွင့်တွေ၊ ပင်လယ်၊ သက်ရှိသတ္တဝါ၊ အလင်းရောင် စတဲ့ ကုန်ကြမ်းတွေကို ပေးတယ်။ ပန်းချီဆရာက သူ့စိတ်ကူးက တောင်းဆိုနေတဲ့အတိုင်း အဲဒီကုန်ကြမ်းတွေကို ပုံတူဆွဲတယ်။ ဖွဲ့စည်းတယ်။ အနုပညာအဖြစ် ဖန်တီးတယ်။ သဘာဝကြီးဟာ ဝတ္ထုတစ်ပုဒ်အတွက် အခြေခံပစ္စည်းတွေကို ဖန်တီးပေးတယ်။ ငိုသံတွေ၊ ရမက်တွေ၊ အဖြေရှာမရတဲ့ လူသတ်မှုတွေ။ စာရေးဆရာဟာ ရှုပ်ထွေးနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို သိမ်းကျုံးယူလိုက်ပြီး လိုရာရွေးယူတယ်။ ပွဲကြည့်ပရိသတ်တွေ နားလည်နိုင်တဲ့ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ အလွမ်းဇာတ်တစ်ပုဒ်ကို ဖန်တီးလိုက်တယ်။

ဘေကွန်ရဲ့ ဖော်ပြပါ အနက်ဖွင့်ဆိုချက်ကို လက်ခံတယ်ဆိုရင် ချစ်တာမှာလည်း အနုပညာရှိတယ်ဆိုတာကို လက်ခံရပေလိမ့်မယ်။ အခြားသော ကိစ္စများမှာ သဘာဝကြီးဟာ ကုန်ကြမ်းများကို ပေးပြီး အနုပညာကို လူက ဖန်တီးရသလို၊ အချစ်ကိစ္စမှာလည်း သဘာဝကြီးဟာ ကုန်ကြမ်းများကို ပေးထားတယ်။ သဘာဝကြီးဟာ လူတွေကို ကျားနဲ့မ ဆိုပြီး နှစ်မျိုးခွဲပေး ထားတယ်။ မျိုးနွယ်တွေ ပြန့်ပွားအောင် လုပ်ဖို့လိုအပ်ချက်ကို
ဖန်တီးပေးထားတယ်။ သွေးသားတောင့်တမှုကို ဖန်တီးပေးထားတယ်။ သွေးသားတောင့်တမှုဟာ သွေးသားကို ဖြည့်ဆည်းဖို့နဲ့ ကျားနဲ့မကို ပေါင်းစပ်အောင် လုပ်ပေးတဲ့ ပကတိ စိတ်ပါပဲ။ လူသားဟာ အဲဒီကုန်ကြမ်းတွေကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံပြီး လှပအောင်သီကုံးခဲ့တယ်။ အဲဒီလိုသာ မလုပ်ခဲ့ရင် ကျွန်တော်တို့ရဲ့အချစ်ဟာ ဘာမှစိတ်ဝင်စားစရာမကောင်းတော့ဘဲ တိရစ္ဆာန်တွေရဲ့ အချစ်လို ရိုးစင်းနေတော့မှာပေါ့။ ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေရဲ့ အချစ်ကိုကြည့်မယ်။ နောက်ပြီးတော့ ရည်းစားစာတစ်စောင်ကို ဖတ်မယ်။ ဒီနှစ်ခုကို ကြည့်လိုက်ရင် အချစ်ကိစ္စမှာ သဘာဝအနုပညာဟာ ဘယ်လောက်အလှမ်းကွာ ခြားနားနေတယ်ဆိုတာကို ခန့်မှန်းနိုင်တယ်။

တစ်လောက လန်ဒန်ကို ရောက်သွားတော့ အဖိုးကြီးတစ်ယောက်ရဲ့အကြောင်းကို ကြားခဲ့ရတယ်။ အဖိုးကြီးက သူ့သမီးအတွက် စာအုပ်ဝယ်တယ်။ ‘ဒီစာအုပ်ထဲမှာ ဖို-မ ကိစ္စတွေ ဘာတွေတော့ မပါပါဘူးနော်’ လို့ မရဲတရဲနဲ့ မေးသတဲ့။ ဒီတော့ စာအုပ်ရောင်းတဲ့ အမျိုးသမီးက ‘မပါပါဘူးရှင်၊ ဒါက အချစ်ဝတ္ထုပါ’ လို့ ဖြေသတဲ့။ ဒီပုံပြင်ကလေးဟာ ရယ်စရာပုံပြင်ကလေး ဖြစ်ပေမယ့် လေးနက်တဲ့ ပြက်လုံးကလေးဖြစ်ပါတယ်။ ပြက်လုံးများ ထုံးစံအတိုင်း အမှန်တရားကို အကျယ်ချဲ့ပြီး ပြောထားတာပါ။

အချစ်ဝတ္ထုတိုင်းမှာ ဖို-မနဲ့ ပတ်သက်တဲ့အကြောင်းတွေ အများကြီးပါကြတယ်။ ဒါပေမယ့် လူ့အချစ်ရဲ့ထူးခြားချက်ကတော့ အလွန်ရိုးစင်းတဲ့ ပကတိစိတ်တစ်ခုဖြစ်တဲ့ သွေးသားဆန္ဒကို အလွန်လှပဆန်းကြယ် ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အဆောက်အအုံကြီးအဖြစ် ဆောက်လုပ်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

သွေးသားဆန္ဒဆိုတာ ခဏပဲ သက်တမ်းရှိပါတယ်။ ဒီလောက် သက်တမ်းတိုလှတဲ့ သွေးသားဆန္ဒပေါ်ကနေပြီး၊ ဒီလောက် ပြောင်းလဲလွယ်တဲ့ ပကတိစိတ်ထဲကနေပြီး လူဟာ ဒီလောက်သန့်စင်ပြီး ဒီလောက်ကြာရှည်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ကို ဘယ်လိုလုပ်ပေါ်ပေါက်လာအောင် လုပ်နိုင်သလဲ။ အဲဒီ သွေးသားဆန္ဒကို ဘယ်လိုလုပ်ပြီး သန့်စင်မွန်မြတ်လာအောင် လုပ်နိုင်သလဲ။

ချစ်ခြင်းအနုပညာအကြောင်းကို နားလည်ချင်ရင် ဒီပြဿနာကို ဖြေရှင်းရလိမ့်မယ်။

ဒါပေမယ့် ပြဿနာကို မဖြေရှင်းခင် ပဏာမမေးခွန်းတွေကိုတော့ ဖြေကြရလိမ့်ဦးမယ်။
ယောက်ျားမိန်းမ ထောင်ပေါင်းများစွာတို့ဟာ နေ့စဉ်နဲ့အမျှ တွေ့ဆုံနေကြတယ်။ ဒီလိုတွေ့ဆုံနေကြတဲ့အထဲမှာ တစ်ယောက်ကိုတော့ မချစ်မိဘဲ ဘာဖြစ်လို့ တခြားတစ်ယောက်ကိုတော့ သွားချစ်မိရသလဲ။ တစ်ယောက်ကိုတော့ စိတ်မဝင်စားဘဲ ဘာဖြစ်လို့ တခြားတစ်ယောက်ကိုသွားပြီး စိတ်ဝင်စားရသလဲ။

ဒီအမေးကို ဖြေစရာနှစ်ခုရှိတယ်။ အဖြေနှစ်ခုစလုံးမှာ အမှန်တွေတော့ ပါနေတယ်။


ပထမအဖြေက ဒီလို။

ကျွန်တော်တို့ရဲ့ဘဝ အချို့သောအရွယ်တွေမှာ အထူးသဖြင့် ကြီးကောင်ဝင်စအရွယ်နဲ့ အသက်ငါးဆယ်နားရောက်တဲ့ အရွယ်တွေမှာ ချစ်ခြင်းကို တောင့်တလာတတ်ကြတယ်။ ဘယ်သူ့ကို ချစ်တယ်ရယ်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ထွေပြားတဲ့ ခံစားချက်မျိုးပါ။ တစ်စုံတစ်ခုကို မျှော်လင့်ပြီး ကြည်နူးနေတတ်တဲ့ စိတ်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ လူတစ်ယောက်ဟာ သူ့စိတ်ကူးထဲက မိုးနတ်မယ်လိုလှတဲ့ မိန်းကလေးတွေကို အစွဲလမ်းကြီး စွဲလမ်းနေတတ်တယ်။ စိတ်ကူးထဲက မိန်းကလေးလို့ ပြောရတာက တခြားကြောင့်မဟုတ်ဘူး။ တကယ့်မိန်းကလေးမှ မတွေ့သေးဘဲကိုး။ မိန်းမငယ်လေးတစ်ယောက်ဟာ ဝတ္ထုထဲက ဇာတ်လိုက်တွေ၊ နာမည်ကျော်ရုပ်ရှင်မင်းသားတွေ၊ အင်္ဂလိပ်စာပါမောက္ခတွေကို ကြိုက်ချင်ကြိုက်နေတတ်တယ်။ အချစ်ကို လှုံ့ဆော်ပေးတဲ့ ဆေးတွေထဲမှာ ငယ်ရွယ်နုပျိုခြင်းဆိုတဲ့ ဆေးကတော့ အာနိသင်အထက်ဆုံးပါပဲ။ နုပျိုခြင်းဆိုတဲ့ နတ်သုဒ္ဓါရည်ကို သောက်ပြီးတာနဲ့ မိန်းမတိုင်းဟာ ဟယ်လင်မင်းသမီးလို လှနေတော့တာပဲလို့ ဂါထေးက ရေးခဲ့ဖူးပါတယ်။ ချစ်သူလောင်းအလာကို စိုးရိမ်တကြီး စောင့်မျှော်ရင်းနဲ့ ပထမဆုံးတွေ့ဆုံတဲ့ နှစ်လိုစဖွယ် မိန်းကလေးဟာ သူ့အချစ်ကို နှိုးပေးလိုက်သူ ဖြစ်လာတော့တာပါပဲ။

မိန်းကလေးနဲ့ ယောက်ျားလေးတွေ့ဆုံရတဲ့ အခြေအနေများဟာလည်း အရေးကြီးတဲ့ အခန်းက ပါတတ်ပါတယ်။ မိမိတို့ရဲ့ ခံစားချက်များ၊ တောင့်တမှုများကို ဖော်ထုတ်ဖို့ ဝန်လေးတဲ့ ရှက်ကြောက်တတ်သူများကျတော့လည်း အခြေအနေပေးလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာခဲ့ကြတာမျိုးလည်း ရှိတယ်။ မိန်းကလေးတွေရဲ့ အမြင်မှာ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ ကျော်စောမှု စသည်တို့ဟာ အဲဒီယောက်ျားလေးရဲ့ဘေးပတ်လည်မှာ မြူမှုန်တွေ ဝိုင်းသလို ဝိုင်းနေတတ်ပြီး သူ့အပြစ်တွေကို ဖုံးကွယ်ပေးထားတတ်တယ်။ လေယာဉ်မှူးတစ်ယောက်၊ ဇာတ်လိုက်မင်းသားတစ်ယောက်၊ ဘောလုံးသမား တစ်ယောက်၊ စကားပြောကောင်းတစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားမှုဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မွေးဖွားပေးရာမှာ အဓိကလက်သည်တွေပဲ။ လူချင်းတွေ့ခွင့်ကြုံကြတဲ့အခါမှာ ခံစားမှုချင်း တူကြတယ်လို့လည်း တစ်ယောက်နဲ့တစ်ယောက် ထင်သွားတတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတော့ ကြားလူရဲ့စကားတွေကို ကြားပြီးသားဖြစ်နေကြတဲ့အတွက် အကြည့်နှစ်ခုဟာ ဆုံမိကြတယ်။ တစ်ယောက်ရဲ့ ခံစားချက်ကို အပြန်အလှန်ဖော်ပြကြတယ်။ မော်တော်ကား အတူစီးလာကြတော့ ကားက ချိုင့်တစ်ခုထဲကို ကျသွားတယ်။ လက်ချင်းထိမိကြတယ်။ မရည်ရွယ်ဘဲ ထိမိသွားကြတယ်။ ဒီလောက်ဆိုရင် လုံလောက်သွားပြီပေါ့။ တစ်ယောက်နဲ့တစ်ယောက် အသွင်တူတာ မတူတာတွေ အပထား။ အဖြစ်အပျက်တွေကြောင့် ချစ်သူနှစ်ယောက်ဟာ ဆုံမိသွားကြတယ်။ (အခြေအနေက ဖန်တီးလို့ ချစ်သူဖြစ်သွားကြတယ်ပေါ့။)


ဒုတိယအဖြေကတော့ ဒီလို။

ဒီအဖြေကတော့ ပထမအဖြေနဲ့ ပြောင်းပြန်ပဲ။ ဒီအချစ်မျိုးကတော့ ‘လျှပ်တစ်ပြက် အချစ်’ လို့ ခေါ်နိုင်တယ်။ မြင်မြင်ချင်း ချစ်မိတာမျိုးလို့လည်း ခေါ်နိုင်တယ်။ တစ်နည်းပြောရမယ်ဆိုရင် နဖူးစာပါလာလို့ ရှေးကရေစက်ပါလာလို့ ချစ်မိတာမျိုးလို့လည်း ပြောလို့ရတယ်။ ခေါမဒဏ္ဍာရီပုံပြင်တစ်ခုရှိတယ်။ ဒီပုံပြင်အရ လူဆိုတာ မိန်းမနဲ့ယောက်ျား ပေါင်းစပ်ထားတဲ့ သတ္တဝါလို့ ဆိုတယ်။ နောက်တော့ ဘုရားသခင်က သူတို့နှစ်ယောက်ကို ခွဲပစ်လိုက်တဲ့အတွက် မိန်းမနဲ့ယောက်ျားဟာ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းလိုက်လံရှာဖွေနေကြတယ်လို့ ဆိုတယ်။ ဒီလို ထာဝရဘုရားက ဖန်ဆင်းပြီး ခွဲခြားပစ်လိုက်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပြန်လည်တွေ့ဆုံကြတာနဲ့ တစ်ပြိုင်နက် အလွန်ပြင်းထန်အားကောင်းပြီး အလွန်ချိုမြိန်တဲ့ ဆက်သွယ်မှုကြောင့် သူတို့နှစ်ခုဟာ တစ်ခုနဲ့တစ်ခု သွေးသားတော်စပ်ကြတယ်ဆိုတာကို သိသွားကြသတဲ့။ အဲဒီပုံပြင်အရ ကျွန်တော်တို့ ကိုယ်တွင်းမှာ တစ်စုံတစ်ခုသော လှပတဲ့ အရည်အချင်းတစ်ခုရှိတယ်တဲ့။ အဲဒီ လှပတဲ့ အရည်အချင်းဟာ ကွဲကွာသွားတဲ့ လှပတဲ့အရည်အချင်းကို လိုက်လံရှာဖွေနေတယ်တဲ့။ ဒါကြောင့်မို့ ယောက်ျားကလေးဟာ လှပတဲ့မိန်းကလေးကိုတွေ့ရင် လူပျိုပေါက်ဘဝက စိတ်ကူးအိပ်မက်ထဲမှာ မျှော်မှန်းခဲ့တဲ့ နတ်မိမယ်လို မိန်းကလေးမျိုးတွေ့သွားရင် သူ့အပေါ်မှာ တိမ်းညွတ်သွားပြီး ချစ်ခင်နှစ်သက်ခြင်း ဖြစ်ပေါ်လာတာဖြစ်တယ်တဲ့။

တစ်ချို့လူတွေရှိတယ်။ သူတို့ဟာ ရုပ်ရည်ရူပကာအားဖြင့်လည်း နှစ်သက်စွဲလမ်းဖွယ်ကောင်းတယ်။ နှုတ်အားဖြင့်လည်း ချစ်ခင်နှစ်လိုဖွယ်သော စကားကို ဆိုတတ်တယ်။ အဲဒီလို ကာယကံအားဖြင့်လည်း လှ၊ ဝစီကံအားဖြင့်လည်း လှတဲ့ သူမျိုးကိုဆိုရင် သူ့အပေါ်မှာ အပြစ်ရယ်လို့ လုံးဝမမြင်တော့ဘဲ အချစ်ဝင်နေတော့တာပဲ။ သူတို့နဲ့ ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ် နေရလေလေ သူတို့ကို ချစ်ခင်နှစ်သက်လာလေလေဖြစ်တတ်တယ်။ သူတို့နှုတ်ဖျားက ထွက်လာတဲ့ အသံဟာ ဂီတသံလို သာယာငြိမ့်ညောင်းတယ်။ သူတို့ရဲ့စကားဟာ ကဗျာတစ်ပုဒ်လို လှပနေတယ်။ လူတစ်ယောက်ကို ချွင်းချက်မရှိ လုံးဝဥဿုံပုံပြီး ချစ်ရမြတ်နိုးရတာဟာ အလွန်ကြီးကျယ်တဲ့ သုခဖြစ်ပါတယ်။ ကိုယ့်ချစ်သူရဲ့အဆင်းနဲ့အချင်း၊ ခန္ဓာကိုယ်အလှနဲ့ စိတ်အလှကို မြတ်နိုးမှုအပေါ်မှာ ခြေခံတည်ဆောက်ထားတဲ့ အချစ်ဟာ အလွန်ထက်သန်တဲ့ ပီတိကို ဖြစ်စေပါသတဲ့။ (ဒါက နဖူးစာပါလို့၊ ရှေးရေစက်ပါလို့ တွေ့ကြတာမျိုးပေါ့။)

ဒါပေမယ့် လောကမှာ ဒီလိုအခြေအနေလည်းမပေး၊ ရှေးရေစက်လည်းမပါဘဲနှင့် တစ်ယောက်ကိုတစ်ယောက် ဘဝကြင်ဖော်အဖြစ် ရွေးချယ်ခဲ့ကြတာလည်း ရှိပါတယ်။ အဲဒီလို လူမျိုးတွေအတွက် ချစ်ခြင်းအနုပညာဟာ ဘယ်လောက် အကူအညီပေးနိုင်သလဲ။ ဘယ်လိုလမ်းညွှန်မှုတွေများ ပြုနိုင်ပါသလဲလို့ မေးစရာရှိတယ်။ စိတ်သဘောဖြောင့်မှန်တာ၊ စိတ်ရှည်တာ၊ အထူးသဖြင့် ကြည်လင်ရွှင်ပျတဲ့ စိတ်သဘောရှိတာတို့ဟာ ပျော်ရွှင်ချမ်းမြေ့မှုကို လိုက်လံရှာဖွေရာမှာ အလွန်အဖိုးတန်တဲ့ အရည်အချင်းတွေဖြစ်တယ်။ အမြဲတမ်းမဟုတ်သည့်တိုင် အများအားဖြင့်တော့ ဒီအရည်အချင်းများဟာ ကျန်းမာတဲ့ စိတ်ထားနဲ့ ကျန်းမာတဲ့ ကိုယ်ခန္ဓာက ပေါ်ထွက်လာခြင်းဖြစ်တယ်။ ဒါ့ကြောင့်မို့ တစ်ဦးနဲ့တစ်ဦး ဖူးစာဖက်ရွေးကြတော့မယ်ဆိုရင် သက်ဆိုင်ရာ မိသားစုများ၊ မိဖများဟာ ဒီအချက်ကို အလေးထားစဉ်းစားသင့်တယ်။ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ပျော်ရွှင်ချမ်းမြေ့မှုရှိရာ အရပ်မှာပဲ ကြီးထွားနိုင်တယ်။ အောင့်အီးချုတ်ချယ်မှုတွေ၊ စိတ်ညစ်စရာတွေများတဲ့ ပတ်ဝန်းကျင်မှာ အချစ်ဟာ ချက်ချင်းညှိုးနွမ်းသွေ့ခြောက်သွားမှာပဲ။

မိန်းမတွေဟာ အားကောင်းပြီး ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတွေနဲ့ နေရတာကို ပျော်ကြတယ်။ ယောက်ျားတွေကတော့ ချစ်ခင်ယုယတတ်ပြီး ကိုယ့်နောက်ကို ဖဝါးခြေထပ်လိုက်ချင်တဲ့ မိန်းမတွေနဲ့ နေရတာကို ပျော်တတ်ကြတယ်။ တော်တော်ငယ်တဲ့ မိန်းမပျိုကလေးတွေကတော့ ကိုယ်လွှမ်းမိုးချုပ်ကိုင်လို့ရတဲ့ ယောက်ျားမျိုးနဲ့မှ လက်ထပ်ချင်တယ်လို့ ပြောလေ့ရှိတယ်။

ကျွန်တော်တွေ့ဖူးသမျှကို ပြောရရင်တော့ သတ္တိနဲ့ ကျန်းမာသန်စွမ်းမှုကြောင့် ယောက်ျားတစ်ယောက်ကို ချစ်ခဲ့မိတဲ့ မိန်းမတွေဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ရကြတာများတယ်။ အခြားအကြောင်းကြောင့် ယောက်ျားတစ်ယောက်ကို ချစ်ခဲ့မိတဲ့ မိန်းမတွေထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုကို တကယ်ရတဲ့ မိန်းမဆိုလို့ မတွေ့ဖူးသလောက်ပါပဲ။ အလားတူပဲ နှုတ်ကြမ်းလျှာကြမ်း၊ ကြမ်းတမ်းခက်ထရော်တဲ့ မိန်းမတစ်ယောက်ကိုရလို့ ပျော်ရွှင်ချမ်းမြေ့မှုကိုရတဲ့ ယောက်ျားကိုလည်း ကျွန်တော်တစ်ခါမှ မတွေ့ဖူးသလောက်ပါပဲ။
မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ဟာ တစ်ခါနှစ်ခါတွေ့ဖူးရုံနဲ့ တစ်ယောက်ကိုတစ်ယောက် ဘဝကြင်ဖော်အဖြစ် ဆုံးဖြတ်ရွေးချယ်ဖို့ကိစ္စဟာ တော်တော်ခက်ပါတယ်။ ဒီနေရာမှာတော့ အသိဉာဏ်နဲ့ စဉ်းစားတာထက် ပကတိစိတ်နဲ့ ဆုံးဖြတ်တာဟာ ပိုတောင်ကောင်းလိမ့်မယ်ထင်ပါတယ်။ သူ့ကိုချစ်ရမလားလို့ မေးခွန်းထုတ်ဖို့မသင့်ပါဘူး။ ချစ်တယ် မချစ်ဘူးဆိုတာ မေးခွန်းထုတ်ဖို့မလိုဘဲ ကိုယ့်ရင်ထဲက အလိုလိုသိရမယ့်ကိစ္စဖြစ်ပါတယ်။ အခြားသောအရာများ မွေးဖွားလာသလိုပဲ အချစ်ဟာလည်း သဘာဝအလျောက် အလိုလိုမွေးဖွားလာခြင်းဖြစ်ပါတယ်။ ချစ်ခြင်းအနုပညာကို နောက်မှ လေ့ကျင့်ယူရတာပါ။ လောလောဆယ်မှာတော့ အနုပညာသည်ဟာ သူ့ရဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ်အချိန်မှာစတင် ပုံဖော်သလဲ ဆိုတဲ့အချက်ကို အရင်ရှာဖွေကြည့်ချင်ပါတယ်။

သူ့ရဲ့(De L’ Amour) ဆိုတဲ့ ဝတ္ထုထဲမှာ စတဲင်ဒယ်က အချစ်ဆိုတဲ့ ခံဏားမှုမွေးဖွားပေါ်ပေါက်လာပုံကို နှစ်သက်စဖွယ် ရေးဖွဲ့ထားခဲ့ပါတယ်။ ဒီမှာ သူ ဖော်ပြထားတဲ့ အရေးကြီးတဲ့ အချက်တွေကို ပထမထောက်ပြချင်ပါတယ်။ နောက်ပြီးတော့မှ ကျွန်တော် ဘယ်လိုမြင်တယ်ဆိုတာကို ထပ်ပြောပါ့မယ်။

အချစ်ဟူသမျှဟာ အထင်ကြီးမြတ်နိုးခြင်း အရှိန်အဟုန်ကြီးစွာဖြစ်ရာက ပေါ်ထွက်လာခြင်းဖြစ်တယ်။ ဒါမှမဟုတ်ရင်လည်း သနားကရုဏာကိုဖြစ်စေတဲ့၊ တောင့်တမှုကိုဖြစ်စေတဲ့ အဖြစ်အပျက်တစ်ခု အရှိန်အဟုန်ကြီးစွာ ဖြစ်ရာက ပေါ်ပေါက်လာခြင်း ဖြစ်တယ်။ တော်စတွိုင်းရဲ့ ‘အင်နာကရီးနီးနားဟာ တော်တော်ချောတာပဲ၊ ငါ့ကို ဘာအဓိပ္ပါယ်နဲ့ ကြည့်သွားတာပါလိမ့်’ လို့ တစိမ့်စိမ့် တွေးလာတယ်။ ‘ယူဂျင်းဂရင်းဒက်’ ဝတ္ထုထဲမှာ ချားလ်ဂရင်းဒက်ဟာ တစ်ဖက်သတ်ခံစားနေရတဲ့ စိတ်ကူးယဉ် ဇာတ်ဆောင်တစ်ယောက်အဖြစ် တစ်ညနေမှာ ဇာတ်လိုက်မင်းသမီးရဲ့ ဘဝထဲကို ဝင်ရောက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး သူမဟာ ချားလ်ဂရင်းဒက်ကို ဘဝတစ်လျှောက်လုံး စွဲစွဲမြဲမြဲချစ်သွားတော့တာပဲ။

အားကြီးတဲ့ အဖြစ်အပျက်တစ်ခုကြောင့် မိန်းကလေးတစ်ယောက်ရဲ့အပေါ်မှာ အာရုံစူးစိုက်မိသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် အဲဒီ မိန်းကလေးကို မတွေ့ရ၊ မမြင်ရလေလေ တွေ့ချင်မြင်ချင်ဇောတွေဖြစ်လာပြီး အချစ်ဟာလည်း ပိုလို့အားကောင်းလာခဲ့ပါတယ်။ ‘မိန်းမတို့ရဲ့ ခွန်အားဟာ တခြားမဟုတ်၊ နောက်ကျရောက်လာခြင်း သို့မဟုတ် အလှမ်းကွာဝေးခြင်းပဲ ဖြစ်တယ်’ လို့ ဒဿနိကဗေဒ ပညာရှင် အာလိန်းက ပြောခဲ့ဖူးတယ်။ နီးကပ်နေခြင်းဟာ မိန်းမတွေရဲ့ အားနည်းချက်ကို ချက်ချင်းဖော်ပြလိုက်သလို ဖြစ်နေတယ်။ ဝေးကွာနေခြင်ား ကျွန်တော်တို့ လူပျိုပေါက်အရွယ်တုန်းက စိတ်ကူးအိပ်မက်ထဲမှာ ရှိခဲ့တဲ့ နတ်မိမယ်ကလေးတစ်ပါး ဖြစ်သွားစေတယ်။ စတဲင်ဒယ်က ဒီလိုဖြစ်စဉ်မျိုးကို ‘ပုံဆောင်ခဲအသွင်ဆောင်ခြင်း’ လို့ ခေါ်ခဲ့တယ်။ သူက ဝေးကွာနေတဲ့ မိန်းကလေးကို သစ်သားစကလေးတစ်ခုနဲ့ နှိုင်းတယ်။ အဲဒီ သစ်သားစကလေးဟာ ဆားတွင်းကြီးထဲကို ရက်ပေါင်းများစွာ ကျသွားတော့ တောက်ပတဲ့ ပုံဆောင်ခဲတွေ ဖုံးလွှမ်းသွားပြီး ကျောက်မျက်ရတနာတစ်ခုနဲ့ တူသွားတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို ပုံဆောင်ခဲအသွင်ဆောင်တဲ့ဖြစ်စဉ် လွန်မြောက်သွားတဲ့နောက်မှာဖြင့် ကိုယ့်ချစ်သူဟာ ကွဲပြားခြားနားတဲ့ လူတစ်ယောက်ဖြစ်သွားပြီး အဆင့်မြင့်တဲ့ သာလွန်တဲ့ လူတစ်ယောက်လည်း ဖြစ်သွားတော့တယ်လို့ သူက ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ပရုစ်က အချစ်ဆိုတာ ဆန္ဒဆန်တယ်တဲ့။ ကျွန်တော်တို့ဟာ ဖန်တီးထားတဲ့ သူတွေကို ချစ်နေကြခြင်းသာဖြစ်တယ်လို့ ပြောခဲ့တယ်။ အလှတရားဆိုတာ ကြည့်သူရဲ့မျက်လုံးပေါ်မှာ တည်တဲ့စကားလိုပေါ့။ (ကိုယ်ထင်ကုတင်ရွှေနန်းပေါ့။)
ပုံဆောင်ခဲအသွင်ဆောင်မှု ဖြစ်စဉ်ပြီးတဲ့နောက်မှာ ဒုတိယအကြိမ် တွေ့တဲ့အခါမှာတော့ ကျွန်တော်တို့အဖို့ အချစ်တွေပျက်ပြယ်မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ခံစားချက်တွေကို ပြည့်နေတော့ တကယ့်ချစ်သူကို မမြင်နိုင်တော့ဘူး။ ကိုယ့်ချစ်သူဟာ ကိုယ့်ရှေ့မှာ ရပ်နေမယ်၊ ကိုယ်နဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောချင် ပြောနေမယ်၊ ဒါပေမယ့် အဲဒီအခါမှ လူအစစ်ကို မမြင်တော့ဘဲ ပုံဆောင်ခဲအသွင်ကို မြင်နေရလို့ပဲ။ ကိုယ့်ချစ်သူက ကိုယ့်ကို စကားတွေ ပြောနေပေမယ့် သူလိုကိုယ်လို စကားလို့ မထင်တော့ဘူးတဲ့။ ကိုယ့်ချစ်သူက စဉ်းစားဉာဏ်ကင်းမဲ့နေရင်လည်း စဉ်းစားဉာဏ်ကင်းတယ်လို့ မထင်တော့ဘူးတဲ့။ အဲဒီအချိန်မှာ ချစ်သူတို့ ခံစားရတဲ့ ပီတိကို ဖျက်ဆီးနှောင့်ယှက်ခြင်း မပြုနိုင်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပီတိကို ဖြစ်စေတဲ့ အကြောင်းရင်းဇာစ်မြစ်ဟာ ကိုယ့်ရင်ထဲ၊ အသည်းနှလုံးထဲကို ရောက်နေလို့ပါပဲ။

ဒီလိုဖြစ်နေတုန်းမှာတော့ အချစ်ဟာ ပျော်ရွှင်မှုကို ယူဆောင်လာခဲ့သပေါ့။ တခြားဘာကိုမှ မမြင်နိုင်ကြဘူးပေါ့။ ဒါပေမယ့် မီးတောက်တစ်ခုဟာ လောင်စာမရှိဘဲ မတောက်နိုင်ဘူး။ မျှော်လင့်ချက်ဆိုတဲ့ လေပြေလေညှင်းမရှိခဲ့ရင် အဲဒီမီးတောက်ဟာ ငြိမ်းသွားမှာပဲ။

ချစ်သူဟာ အားတက်စရာ အရိပ်အယောင်ကို မြင်ရရင်၊ အားမတက်ဘဲ မနေနိုင်ဘူး။ အားတက်ရတယ်။ ကြည်နူးရတယ်။ ကိုယ့်ချစ်သူက တစ်ချက်လှမ်းကြည့်လိုက်တာ၊ ချစ်သူ့လက်ကလေးနဲ့ ထိလိုက်ရတာ၊ ကိုင်လိုက်ရတာ၊ အားတက်စရာအဖြေကို ကြားလိုက်ရတာတွေဟာ ချက်ချင်းအကျိုးထူးစေပါတယ်။

ဒီလိုအရိပ်အယောင်တွေဟာ ချစ်သူဆီ၊ မိန်းကလေးဆီက ဆက်တိုက်လာနေပြီ၊ ထင်ထင်ရှားရှားပြပြီဆိုရင်တော့ အပြန်အလှန် မေတ္တာသက်ဝင်ကြပြီဆိုတဲ့ သဘောကိုဆောင်လာပြီပေါ့။ အဲဒီအချိန်မှာတော့ သည့်ထက်ပျော်ရွှင်မှုဆိုလို့ ဘယ်မှာရှိတော့မှာလဲ။ ဒါပေမယ့် လုံခြုံမှုကို သိပ်ပြီး အသားပေးလွန်းရင် အဲဒီပျော်ရွှင်မှုလေးဟာလည်း ပျက်စီးသွားတတ်ပါတယ်။
လူတော်တော်များများမှာ ဖြစ်လေ့ရှိတာက သမီးရည်းစားဖြစ်ခါစ၊ ချစ်ဦးသူဖြစ်ခါစမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ ရှိနေတတ်ကြပါသေးတယ်။ နွေးထွေးလိုက်၊ အေးစက်လိုက်၊ အားတက်စရာတွေ့လိုက်၊ စိတ်ပျက်စရာတွေ့လိုက်နဲ့ တစ်လှည့်စီကြုံတတ်ကြပါတယ်။ ဒီလိုဖြစ်ကြရတာဟာ တစ်ယောက်နဲ့တစ်ယောက် မချစ်ကြလို့မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာဟာ တစ်ယောက်နဲ့တစ်ယောက် ရှက်ကြောက်နေကြလို့၊ တစ်ယောက်နဲ့တစ်ယောက် ဣနြေ္ဒတွေ၊ သိက္ခာတွေ ဆယ်နေကြလို့သာ ဖြစ်ပါတယ်။

ချစ်သူတွေဟာ အသေးစိတ်ကလေးတွေကို ကြည့်တတ်ကြပါတယ်။ မြင်လည်း မြင်တတ်ကြပါတယ်။ ခေါင်းကိုက်လို့၊ ခါးပတ်ကကျပ်နေလို့၊ ခြေအိတ်က ပေါက်နေလို့၊ မကြည်မသာ ဖြစ်တာမျိုးကလေးတွေကို မြင်ပြီး အဲဒါကလေးတွေဟာ မကောင်းတဲ့ အတိတ်နိမိတ်လို့ ထင်ချင်ထင်တတ်ကြတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲကလေးတစ်ခုဟာ ချစ်သူတစ်ယောက်အဖို့ အကြီးအကျယ် စိတ်ညစ်စရာကြီးဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ချစ်သူဟာ အကြည့်တွေ စကားလုံးတွေ၊ အမူအရာတွေကို ခွဲခြမ်းစိတ်ဖျာကြည့်တယ်။ အဲဒီအရာတွေရဲ့ နောက်ကွယ်မှာရှိတဲ့ အဓိပ္ပါယ်ကို လိုက်ရှာတယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ခပ်စိမ်းစိမ်းဆက်ဆံလာလို့ရှိရင် ကိုယ့်မှာ ဘာများအပြစ်ရှိလေမလဲလို့ ကိုယ့်ဘာသာကိုယ် ပြန်စိစစ်တယ်။ ဒါတွေကို အကြောင်းရှာမရလေလေ (အကြောင်းရှာလို့လည်း ဘယ်မှာရပါ့မလဲ၊ အကြောင်းက တကယ်မှ မရှိတာ) သူချစ်တဲ့ မိန်းကလေးအကြောင်းကို ပိုပြီး စဉ်းစားလာလေလေ၊ သူ့အချစ်ဟာလည်း သူ့ရင်တွင်းမှာ နက်ရှိုင်းလေးနက်လာလေလေ ဖြစ်လာတော့တာပဲ။ စိုးရိမ်စိတ်က ပေါက်ဖွားလာတဲ့ အချစ်ဟာ နှုတ်လိုက်တိုင်း အသားထဲကို စူးဝင်းသွားတဲ့ ဆူးတစ်ချောင်းနဲ့ အလားသဏ္ဌာန်တူတယ်။

သည်အမြင်နဲ့ ပြောရရင် မိန်းမတို့ရဲ့ အနုဘာဝလေးဆယ် တစ်နည်းပြောရရင် ကလူ၏သို့ မြူ၏သို့ လုပ်တာမျိုးတွေ၊ ငါးမျှားကြိုးကို လျှော့ချည်တင်းချည် လုပ်တာမျိုးတွေဟာ အချစ်ကို နိုးကြားနေအောင်၊ ရှင်သန်နေအောင်လုပ်တဲ့ မာယာပရိယာယ်တွေလို့ ထင်စရာပါပဲ။ လျှော့ပေးလိုက်၊ ပြန်ဆွဲလိုက်လုပ်နေတဲ့ သိုးမွေးလုံးကလေးတစ်လုံးကို ခုန်ပြီး လိုက်ဖမ်းနေတဲ့ ကြောင်ကလေးတစ်ကောင်လို ကျွန်တော်တို့သားကောင်တွေ (လူတွေ) ဟာလည်း မာယာများတဲ့ မိန်းမတွေရဲ့ အချော့အမြှူတွေကို သဘောကျကြတယ်။ လူဆိုတာ ရတာကို မလိုချင်၊ မရတာကိုမှ လိုချင်တတ်တဲ့ သဘာဝရှိတယ် မဟုတ်လား။ ဒီတော့ မိန်းမတို့ရဲ့မာယာတွေကို သဘောကျတာဟာလည်း မဆန်းပေဘူးပေါ့။

ဒါပေမယ့် မာယာပရိယာယ်ကို ကြာရှည်ကျင့်သုံးခြင်းဟာ အချစ်ကို ပျက်စီးစေပါတယ်။
ကျွန်တော်တို့သမိုင်းမှာ မာယာကြွယ်လွန်းလှတယ်လို့ နာမည်ကြီးတဲ့ မဒမ်ရေကာမီယာဟာ ဘင်ဂျမင်ကွန်စတင်ကို ဖြားယောင်းသိမ်းသွင်းတယ်။ သူ့မာယာပရိယာယ်တွေဟာလည်း အောင်မြင်ခဲ့တယ်။ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ကွန်စတင်ဟာ ကလေးငယ်တစ်ယောက်လို ဖြစ်ခဲ့ရတယ်။ သူဟာ ငါ့ကို တကယ်ချစ်တာမဟုတ်ဘူး ဒါပေမယ့် ငါ့ကိုတော့ နည်းနည်းပါးပါး သဘောကျဟန်တူရဲ့လို့ သူ တွေးတယ်။ မဒမ်ရေကာမီယာဟာ သူ့ကို ကလေးလေးတစ်ယောက်လို ကစားနေတယ်ဆိုတာကို တွေ့လာရတဲ့အခါမှာ ဘင်ဂျမင်ကွန်စတင်ဟာ အကြီးအကျယ်စိတ်ဆင်းရဲရတယ်။ ငါဟာ ဒီလောက် မာယာများတဲ့ မိန်းမကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ ကြည့်စမ်း၊ သင်းတို့ဟာ စက်ဆုပ်ဖွယ်သတ္တဝါတွေပါကလား။ ငါ သူ့ကို မုန်းတယ်လို့ သူ သတိရလာတယ်။ အဲဒါနဲ့အတူ ပုံဆောင်ခဲအသွင်ဟာလည်း အရည်ပျော်ကျသွားပြီ။ သူဟာ ငှက်ဦးနှောက်သာရှိပြီး ဘာမှ မှတ်ဉာဏ်မရှိတဲ့ မိန်းမ၊ သတိမရတတ်တဲ့ မိန်းမလို့ သိသွားခဲ့တယ်။ ဒီနည်းအားဖြင့် မာယာများတဲ့ မိန်းမတွေဟာ မာယာကို အလွန်အကျွံသုံးမိပြီး ဒုက္ခရောက်သွားတတ်ကြပါတယ်။ ‘လူ့လောကဆန့်ကျင်ရေးသမား’ ဆိုတဲ့ ပြဇာတ်ထဲမှာ ဆေလီမင်နေဟာ သူ့အလှနဲ့ သူ့အပြောကလေးတွေကို စွဲမက်ခဲ့တဲ့ ယောက်ျားတွေအားလုံးက နောက်ဆုံးမှာ သူ့ကို စွန့်ပစ်တာခံခဲ့ရတယ် မဟုတ်လား။

ခွဲစိတ်စားပွဲပေါ်မှာ ရောက်နေတဲ့ လူမမာတစ်ယောက်ရဲ့ အဆုတ်ထဲကို အောက်ဆီဂျင်နဲ့ ဓါတ်ငွေ့တွေ တစ်လှည့်စီသွင်းပေးနေရတဲ့ ဆရာဝန်တစ်ယောက်လို မာယာများတဲ့ မိန်းမတစ်ယောက်က အသက် ၇၀ ရွယ် အဘိုးအိုတစ်ယောက်ကို မာယာပရိယာယ်တွေနဲ့သွားပြီး မြှူဆွယ်တယ်ဆိုရင် အဲဒီ အဘိုးအိုဟာလည်း ရဟန္တာဈာန်ပျံမို့ ခံနိုင်မှာတဲံလား။ ကြွေသွားမှာပဲ။ ဒါပေမယ့် အဲဒီရက်စက်တဲ့ ကစားနည်းကို ကစားသင့်ပါသလား။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ယောက်ျားတွေထဲက စိတ်ဓါတ်အခိုင်ဆုံးဆိုတဲ့ လူတွေဟာ ချစ်လို့ပဲဖြစ်စေ၊ သနားကြင်နာလို့ပဲဖြစ်စေ၊ မာယာပရိယာယ်ကြောင့်ရတဲ့ အခွင့်အရေးတွေ၊ အကျိုးအမြတ်တွေကို မလိုချင်ကြပါဘူး။ စွန့်လွှတ်ဖို့အသင့်ရှိနေကြမှာပါပဲ။ ရက်ရောသဘောထားကြီးသူတစ်ယောက်ကတော့ ‘ကိုယ်က ချစ်ရတယ်ဆိုတာ ကိုယ့်ကိုမင်းရဲ့ တန်ခိုးဩဇာအောက်မှာ ပုံအပ်ထားရတာနဲ့ အတူတူပဲ။ ဒါပေမယ့် ဒီလိုဖြစ်ရတာကိုက ကျေနပ်နေတယ်’ လို့ ပြောကောင်းပြောမိမယ်။ ဒါကို မိန်းကလေးကလည်း တန်ဖိုးထားတယ်ဆိုရင် ဒီအချစ်မျိုးဟာတော့ အကောင်းဆုံးပါပဲ။ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန်မျှဝေခံစားကြရပြီ၊ အပြန်အလှန် ယုံကြည်မှုရှိတဲ့ အချစ်မျိုးဖြစ်တဲ့အတွက် အကောင်းဆုံးသော အချစ်လို့ ဆိုရလိမ့်မယ်။ ဒါပေမယ့် သူဟာ ဒီလိုအချစ်မျိုးနဲ့ မထိုက်တန်ဘူးဆိုရင်တော့ သူ့ကို တစ်ခါတစ်ရံမှာ မာယာချစ်နဲ့ ချစ်ပြဖို့ တစ်ခါတစ်ရံမှာ လိုအပ်ပါတယ်။

နှစ်ဦးအပြန်အလှန်ချစ်ခါစ ပထမအဆင့်ဟာ ပျော်စရာကောင်းဆုံးအချိန်လို့ ယူဆလေ့ရှိကြတယ်။ ဒီလိုယူဆတာဟာလည်း မှန်ပါတယ်။ အဲဒီအချိန်ဟာ ပုံဆောင်ခဲအသွင် နောက်တစ်ခါ ဆောင်ချိန်ဖြစ်ပါတယ်။ ကြားလေသွေးရင် ဝေးတယ်လို့ထင်တဲ့ အချိန်ဖြစ်ပါတယ်။ တစ်ယောက်မျက်စေ့ထဲမှာ တစ်ယောက်ဟာ စံပြတွေဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးဟာ ကြာရှည်တည်လာခဲ့ရင် သူတို့နှစ်ယောက်ရဲ့ ဘဝဟာ လုံးဝပြည့်စုံချမ်းမြေ့တဲ့ ဘဝပဲလို့ ဆိုနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီလိုအချစ်မျိုးမှာတောင်မှပဲ ခံစားချက်နှစ်ခုဟာ ခွန်အားပမာဏ အစဉ်အမြဲ ညီတူညီမျှဖြစ်နေဖို့ဆိုတာ အလွန်ရှားပါတယ်။ လူတော်တော်များများဟာ ကိုယ်လိုချင်တဲ့ တွယ်တာတပ်မက်သူကို ရရှိစေဖို့၊ ပြန်လည်ရရှိဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဲဒီသူကို ချစ်နေဖို့လိုပါတယ်။
ကောင်းပြီ။

ဒါဖြင့်ရင် လူတစ်ယောက်ကို ချစ်ဖို့အချစ်ကို လှုံ့ဆော်ပေးလို့ ရသလား။ လိုကောလိုအပ်သလား။ တကယ်လို့ ကိုယ့်အချစ်စိတ်ဟာ ဒီလိုတာရှည်တဲ့အချစ်မျိုးကို ပေးနိုင်စွမ်းမရှိရင် ပျော်ရွှင်မှု သက်သက်ကိုပဲ လိုက်ရှာနေတာမျိုးက ပိုပြီး မကောင်းပေဘူးလား။

ရှေးဟောင်းယဉ်ကျေးမှုခေတ်တွေတုန်းကတော့ ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါပဲ။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို အလိုရှိလာတာနဲ့ အဲဒီမိန်းမကို အတင်းအနိုင်အထက်ကျင့်ပြီး ခေါ်ဆောင်သွားတော့တာပါပဲ။ အနိုင်အထက်ခေါ်ဆောင်ခြင်းခံရတဲ့ မိန်းမဟာလည်း စစ်ဘုရင်လက်ထက်မှာ သူပြုသမျှ နုရတဲ့ ဘဝမှာနေရတော့တာပါပဲ။ နောက်တော့ အမျိုးသမီးဟာ အဲဒီအမျိုးသားကို ချစ်လာခဲ့တယ်။ အဲဒီအမျိုးသားက သူ့ကို ရွေးချယ်ထားပြီကိုး။ သူ့အရှင်သခင်ဖြစ်သွားပြီကိုး။ ဒါမှမဟုတ်ရင်လည်း အမျိုးသားဟာ သူချစ်နိုင်တဲ့သူမျိုး ဖြစ်သွားပြီကိုး။

နှောင်းခေတ်တွေကျတော့ ခွန်အားရဲ့ နေရာမှာ စည်းစိမ်ဥစ္စာနဲ့ တန်ခိုးအာဏာတို့က နေရာဝင်ယူလာခဲ့ကြတယ်။ သူ့ကိုယ်သူ ရွှေမှုန်ကလေး တစ်မှုန်အဖြစ် ဖန်ဆင်းလိုက်တဲ့အခါမှာ ဂျူပီတာဟာ ဒန္တီနဲ့ တွေ့ဖို့ အခက်အခဲမရှိတော့ဘဲ လွယ်ကူသွားပြီမဟုတ်လား။

ဒါပေမယ့် ဇီဇာကြောင်သူတွေအဖို့ အနိုင်အထက်ပြုလို့ ချစ်ရတယ်၊ အရှင်သခင်မို့လို ကိုယ့်ကိုပြန်ချစ်ရတယ်ဆိုတာမျိုးကို မကြိုက်ဘူးလေ။ ယောက်ျားဆိုတာ မိန်းမရဲ့ အရွေးချယ်ကို ခံချင်တယ်။ မချစ်သော်လည်း အောင့်ခါနမ်းဆိုတဲ့ အဖြစ်မျိုးကိုတော့ မလိုချင်ကြဘူး။ အောင်နိုင်ခြင်းခံရသူဟာ သူ့အလိုအလျောက် စိတ်လိုလက်ရ မဟုတ်ဘဲနဲ့ အတင်းအကြပ် အောင်နိုင်ခြင်းခံခဲ့ရရင် အနိုင်ရသူမှာ အရသာမရှိဘူး။ အောင်နိုင်မှုဟာလည်း ပျော်စရာမကောင်းတော့ဘူး။ အဲဒီအခါကျမှသာလျှင် သံသယနဲ့ စိုးရိမ်စိတ် ပေါ်ပေါက်လာနိုင်တယ်။ ပျော်ရွှင်မှုအပေါင်းမှာ အမြင့်ဆုံးသော ပျော်ရွှင်မှုကို ပေးနိုင်တဲ့ အလေ့အကျင့်နဲ့ ပျင်းရိငြီးငွေ့မှုတို့ကို ချိုးနှိမ်နိုင်တဲ့ အောင်ပွဲတွေသာလျှင် အကောင်းဆုံးဖြစ်တယ်။ မူဆလင်ဘုရင်များရဲ့ မိန်းမဆောင်က လှပတင့်တယ်တဲ့ မိန်းကလေးများကို မူဆလင်ဘုရင်များက သိပ်မချစ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တစ်တွေဟာ အနိုင်အထက်ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ သုံ့ပန်းတွေဖြစ်နေကြလို့ပါပဲ။

အပြန်အလှန်အားဖြင့် ဒီနေ့ခေတ်ပင်လယ်ကမ်းခြေ အပန်းဖြေရိပ်သာတွေက အလွယ်တကူရနိုင်တဲ့ မိန်းမတွေကျတော့လည်း အချစ်ကို နှိုးဆွမပေးနိုင်ကြပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သိပ်ပြီး လွတ်လပ်လွန်းနေလို့ပဲ။ မျက်နှာဖုံးမရှိတဲ့နေရာ၊ ဣနြေ္ဒသိက္ခာမရှိတဲ့နေရာ၊ ကိုယ့်ကိုယ်ကိုယ် သိက္ခာမစောင့်စည်းတဲ့နေရာတွေမှာ အချစ်ဟာ အောင်ပွဲခံပြီး သရဖူးမဆောင်းနိုင်တော့ဘူးပေါ့။ စိတ်ကူးယဉ်အချစ်ဆိုတာ သိပ်ပြီးလွတ်လပ်လွန်းတဲ့ မိန်းမမျိုးတွေအပေါ်မှာ မချစ်နိုင်ဘူး။ မပေါ်ပေါက်နိုင်ဘူး။ ဘာသာတရားအရဖြစ်စေ၊ အစဉ်အလာအရဖြစ်စေ၊ စောင့်စည်းနေရတဲ့ မိန်းမတွေအပေါ်မှာသာ စိတ်ကူးယဉ်အချစ်ဆိုတာ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့်မို့ အနှောင်အဖွဲ့၊ အတားအဆီးတွေ မြားမြောင်လှတဲ့ အလယ်ခေတ်လို ခေတ်မျိုးမှာသာလျှင် စိတ်ကူးယဉ်အချစ်ဆိုတာ ပေါ်ထွန်းနိုင်တယ်။ လူချင်းအနေဝေးလေလေ၊ စိတ်ကူးယဉ်အချစ်ရဲ့ ထုထည်ပမာဏဟာ ကြီးလေလေပဲ။
လူပျိုပေါက်ကလေးတစ်ယောက်ဟာ ဇာတ်စင်ပေါ်မှာ မြင်ရတဲ့ အငြိမ့်မင်းသမီးကို ချစ်မိတတ်တယ်။ သူ့အသံကလေးနဲ့ မျက်နှာကလေးကို မြင်ပြီး မင်းသမီးဟာ ဘုံကြိုးပြတ်တဲ့ နတ်မိမယ်ကလေးတစ်ပါးလို့ ထင်တယ်။ တကယ်တော့ အဲဒီမင်းသမီးမှာလည်း အပြစ်အနာအဆာတွေ ရှိတာပါပဲ။ ဒါပေမယ့် လူပျိုပေါက်ကလေးဟာ အဲဒီအပြစ်အနာအဆာတွေကို မမြင်ဘူးလေ။ မာရီဗောရဲ့ပြဇာတ်၊ ဒါမှမဟုတ် မူဆေးရဲ့ ပြဇာတ်ထဲမှာ သရုပ်ဆောင်တဲ့ မင်းသမီးကို ကြည့်ပြီး အရည်အချင်းတွေ အပြည့်ရှိနေတယ်လို့ ထင်နေတတ်တယ်။ မင်းသမီးရဲ့ အသက်အရွယ်ကိုလည်း သတိမထားမိတော့ဘူး။ ဒီမင်းသမီးရဲ့ပါးရေကလေး တွန့်နေတာကိုလည်း မမြင်တော့ဘူး။ သူမြင်နေတာက ဇာတ်စင်ပေါ်မှာ ဖီးလိမ်းပြင်ဆင်ထားတဲ့ မီးရောင်အောက်က မင်းသမီးကိုပဲ မြင်နေတော့တာကိုး။ အဲဒီမင်းသမီး စိတ်ကောက်တတ်တာ၊ အဲဒီမင်းသမီး မာနကြီးတာ၊ ဘဝင်မြင့်တာတွေကို မမြင်တော့ဘူး။ ဘယ်မှာ မြင်နိုင်ပါ့မလဲ။ သူက အဲဒီမင်းသမီးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးတာမှ မဟုတ်ဘဲကိုး။ အဲဒီ မင်းသမီးနဲ့ အတူမှ မနေဖူးဘဲကိုး။ မိန်းမတစ်ယောက်နဲ့ အတူနေဖို့ထက် မိန်းမတစ်ယောက်အတွက် အသက်စွန့်ဖို့က ပိုပြီး လွယ်တယ်လို့ ကဗျာဆရာ ဘိုင်ရွန်က ပြောခဲ့ဖူးတယ်။

အလားတူပဲ။ စာရေးဆရာတစ်ယောက်ကို ချစ်နေတဲ့ မြီးကောင်ပေါက်မကလေးတစ်ယောက်ဟာ အဲဒီစာရေးဆရာမှာ သူ့ဝတ္ထုတွေထဲက ဇာတ်လိုက်တွေမှာရှိတဲ့ အရည်အချင်းတွေ အပြည့်ရှိနေတယ်လို့ ထင်နေတတ်တယ်။ အဲဒီစာရေးဆရာမှာ အဆစ်အမြစ်ကိုက်တဲ့ ရောဂါဖြစ်နေတာ၊ အစာမကြေရောဂါဖြစ်နေတာ၊ အဲဒီစာရေးဆရာပျင်းတာ၊ အဲဒီစာရေးဆရာ စိတ်တိုတတ်တာတွေကို မမြင်နိုင်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးနေမှ စိတ်ကူးယဉ်အချစ်ဟာ ကြီးထွားနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် အနေဝေးမှ စိတ်ကူးယဉ်အချစ်နဲ့ ချစ်ရတာ ပိုလွယ်တယ်။

ဒါဖြင့်ရင် တစ်သက်လုံး ချစ်နေနိုင်ဖို့အတွက် အချစ်ကို တာရှည်စေဖို့အတွက် ဒီလိုပဲ ဝေးဝေးနေကြရတော့မှာလား။ ဒီလိုပဲ စိတ်ကူးယဉ်ပြီး အဝေးက ချစ်နေရတော့မှာလား။ ဒီလိုပဲ အချစ်ကို ရင်ထဲမှာ သိမ်းဆည်းထားပြီး အုံ့ပုန်းချစ်နေတော့မှာလား။ မဟုတ်ပါဘူး။ တကယ်တော့ ဒီလိုစိတ်ကူးယဉ်အချစ်၊ အုံ့ပုန်းချစ်ဟာလည်း တကယ်တော့ တာရှည်မခံပါဘူး။ ‘အချစ်ဆီ သွားရာလမ်းကြောင်းဟာ ရှည်လျားလေလေ၊ ချစ်သူတို့ရရှိတဲ့ ပျော်ရွှင်မှုဟာလည်း အရှိန်အဟုန်မြင့်မားလေလေ’ လို့ ပြောလေ့ ရှိကြပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအချစ်လမ်းကြောင်းဟာ ကြည်နူးစရာ အကွေ့အကောက်ကလေးတွေကို ဖြတ်သန်းပြီးရင်တော့ ပန်းတိုင်ကို ရောက်မှ ဖြစ်ပေလိမ့်မယ်။ ပန်းတိုင်ကို မရောက်ဘဲ အချစ်လမ်းကြောင်းဟာ တောကြီးမျက်မည်းထဲမှာ လမ်းစပျောက်သွားလို့တော့ ဘယ်မှာ ပျော်ရွှင်မှုကို ရပါတော့မလဲ။ ဒီလိုနဲ့ စိတ်ကူးယဉ်အချစ်နဲ့ ချစ်နေသူဟာ ကြာလာတဲ့အခါမှာ သူကိုယ်တိုင်ကလည်း အချစ်ခံချင်လာတတ်ပါတယ်။

ဒါဖြင့်ရင် ချစ်ခြင်းအနုပညာ(အတတ်ပညာ) က သူ့ကို ဘာတွေ သင်ကြားပေးလိုက်သလဲ။

အနုဆေးတွေ သုံးဖို့လား။ ပီယဆေးတွေ သုံးဖို့လား။ ရှေးကဗျာလင်္ကာတွေ၊ ဒဏ္ဍာရီတွေထဲမှာတော့ ယောက်ျားတွေကို ညှို့ယူဖမ်းစားတတ်တဲ့ မိန်းမတွေအကြောင်းကို ရေးဖွဲ့လေ့ရှိကြတယ်။ သီအိုကရစ်တပ်စ်တို့၊ အိုးဗစ်တို့ခေတ်တုန်းကလို၊ ဒီနေ့ခေတ်မှာလည်း မိန်းမတွေဟာ ယောက်ျားတွေချစ်အောင် ဘယ်လိုလုပ်ရမလဲလို့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ မေးမြန်းနေကြတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့တဲ့ လူ့အတွေ့အကြုံက အဲဒီမေးခွန်းကို အဖြေပေးခဲ့ပါတယ်။

အဲဒီအဖြေကတော့ ကိုယ့်ကို ယောက်ျားတွေ ချစ်စေချင်ရင် ဘယ်လိုနေထိုင်၊ ပြုမူရမယ်ဆိုတဲ့ ထုံးတမ်းနည်းနာတွေပါပဲ။

ချစ်သူအချင်းချင်းကြားမှာ အထိမ်းအမှတ်ကလေးတွေ လုပ်ကြတာ၊ အခမ်းအနားကလေးတွေ လုပ်ကြတာ၊ စိတ်ကောက်လိုက် စိတ်ပြေလိုက်လုပ်ကြတာ၊ ပလီပလာ ခရာတာတာကလေးတွေ လုပ်ကြတာ ရှိတယ်။ ဒီနည်းအားဖြင့် ချစ်သူတွေဟာ တစ်ယေက်ကိုတစ်ယောက် အချစ်ပြကြတယ်။ ဒါကို ကျွန်တော်တို့က ပိုးပန်းမှုလို့ ခေါ်လိုက်ကြတယ်။ ပိုးပန်းတာဟာ လူတွေမှ ပိုးပန်းကြတာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေလည်း သူ့ရာသီနဲ့သူ ပိုးပန်းတာတွေရှိပါတယ်။ တိရစ္ဆာန်တွေရဲ့အရှင်းဆုံး၊ အလွယ်ကူဆုံး ပိုးပန်းနည်းတွေက အစ လူတွေရဲ့အရှုပ်ထွေးဆုံး၊ အခက်ဆုံး ပိုးပန်းနည်းတွေအဆုံး အားလုံးကို ကျွန်တော် အကျဉ်းချုပ်ပြောချင်ပါတယ်။ ပိုးနည်းပန်းနည်းတွေ ဆိုပါတော့။

ပိုးတဲ့ပန်းတဲ့အခါမှာ တစ်ဖက်က ကိုယ့်ကို စိတ်ဝင်စားလာအောင် ပထမလုပ်ပြရတယ်။ အဲဒီလို ကိုယ့်ကို စိတ်ဝင်စားလာအောင် အများသူငါ လုပ်လေ့ရှိတဲ့ နည်းနည်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို ပြင်ဆင်မွမ်းမံခြင်းပဲ။ ပန်းပင်တွေဟာ သူ့အချိန်ရောက်လာတာနဲ့ ဖူးပွင့်လာပြီး အသွေးအရောင်တွေ တောက်လာတယ်။ ဒါဟာ အလကားဖူးပွင့်လာတာမဟုတ်ဘူး။ သူတို့ဆီမှာ ပန်းဝတ်မှုန်တွေ ယူခဲ့ကြပါတော့လို့ ပိုးမွှားကလေးတွေကို အချက်ပေးလိုက်တာ၊ ပိုးမွှားကလေးတွေကို ဆွဲဆောင်လိုက်တာပါ။ ညမှာ ပိုးစုန်းကြူးကလေးတွေ၊ ပိုးစိမ်းကောင်ကလေးတွေဟာ တလက်လက် တောက်ပနေကြတယ်။ ဒါဟာ အကြောင်းမဲ့ လက်နေကြတာမဟုတ်ဘူး။ သူတို့ဟာ မိတ်လိုက်ဖို့ အဆင်သင့် ရှိနေကြပြီ အချစ်အတွက် အဆင်သင့် ဖြစ်နေကြပြီလို့ သူတို့အချင်းချင်းကို အချက်ပြတာဖြစ်တယ်။ အလားတူပဲ မိန်းမတွေဟာလည်း အဝတ်အစား လှလှပပဝတ်ဆင်ကြတယ်။ လက်ဝတ်ရတနာတွေကို ဆင်မြန်းကြတယ်။ ဒါဟာ အကြောင်းမဲ့ ဝတ်တာမဟုတ်ဘူး။ ယောက်ျားတွေက မျက်စေ့ကျအောင်၊ သူတို့ကိုရွေးချယ်အောင် ပြင်ဆင်တာဖြစ်တယ်။ မြင်ရသူတို့ကို ကြည်နူးရွှင်ပြုံးအောင် လုပ်ဖို့ကိစ္စဟာ မိန်းမငယ်တို့ရဲ့ ပိုင်ခွင့်ဖြစ်တယ်။ သူတို့ရဲ့ တာဝန်လည်းဖြစ်တယ်။ ဒီရည်ရွယ်ချက်ပြီးမြောက်ဖို့အတွက် အားထုတ်ကြတယ်။ မိုက်မဲတဲ့ မိန်းမပျိုးကလေးတွေကျတော့ သည့်ထက် သိမ်းသွင်းဆွဲဆောင်နိုင်တဲ့ နည်းတွေကို အသုံးပြုကြတယ်။ အများစုဟာ ဖက်ရှင်ကို လိုက်ပြီး ဝတ်စားကြတယ်။ ဖက်ရှင်ဝတ်စားတာရဲ့ အဓိက ရည်ရွယ်ချက်ဟာ တခြားမဟုတ်ဘူး။ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်သိမ်းသွင်းဖို့ဖြစ်တယ်။ အပ်ချုပ်ဆိုင်ကြီးများ၊ အလှပြင်ဆိုင်ကြီးများ၊ လက်ဝတ်ရတနာဆိုင်ကြီးများဟာ ယောက်ျားတွေကို ချော့မြှူလိုတဲ့ မိန်းမတွေရဲ့ဆန္ဒပေါ်မှာ တည်ပြီး စီးပွားလမ်းဖြောင့်နေကြတယ်။

No comments:

Post a Comment