Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2019

လွမ်းလို့ တောင်ပြန်လာရမှာ ကို အားနာပါတယ်


မြန်မာပြည်ကနေ ဒီကိုပြန်လာရတိုင်း ကျွှန်တော်အမြဲ စိတ်မကောင်း ဖြစ်တတ်ပါတယ်။ မိသားစု ဆွေမျိုးတွေကို ထားပြီး သွားရမှာ ရယ် မြန်မာပြည်က လူတွေကို ဆေးကုပေးရမယ့် အစား တိုင်းတပါးသား တွေကို ဆေးကုပေးနေရတာ ကို စိတ်ထဲ လိပ်ပြာ မလုံ လို့ လဲ ပါပါတယ်။ ဒါကြောင့် လဲရန်ကုန်ရောက်တိုင်း အခါ အခွင့်သင့်ရင် ကြုံကြုံရင်ကြုံသလို လူနာ တွေ ကို အခမဲ့ကြည့်ပေး လေ့ရှိပါတယ်။

ဒီတစ်ခါ ပြန်တဲ့အခါမှာ တော့ ကျွှန်တော် က ခါတိုင်းလို စိတ်မကောင်းဖြစ်ရပေမယ့် ကျွှန်တော့် ဘေးမှာ က စိတ်မကောင်းဖြစ်ရုံမက အိမ်ကို လွမ်းလို့မျက်ရည်လေး တလည်လည် ဖြစ်နေတဲ့ဇနီးသည် လည်း ပါပါတယ်။

ဖြစ်ချင်တော့ ကျွှန်တော့်ရဲ့ မိရိုးဖလာ ကိုးကွယ်မှုအနေ နဲ့ရော ဇနီးသည် ရဲ့ယုံကြည်ရာ ဖြစ်တဲ့ ဟိန္ဒူ ရိုးရာ လခ်ျမီး မယ်တော် ရုပ်တု နဲ့ မဟာပိန္နဲ ရုပ်တု တစ်ခု ပါ ရန်ကုန် ကနေ သယ်လာဖြစ် ပါတယ်။ တစ်ဆူ ကို ဥာဏ်တော် ၁၁ လက်မ လောက် တော့ရှိပါတယ်။ ဘယ်လဂျီယန် က အကောင်းစား စကျင်ကျောက်ကို အိန္ဒိယက နေ မှာယူ ထု လုပ် ထား ခဲ့တာပါ။

ထုံးစံအတိုင်း လေဆိပ် ထဲအဝင်မှာ ယူလာ တဲ့အထုပ်တွေကို X Ray ဖြတ်ရပါတယ်။ ဖြတ်ပြီးပြီချင်း ကျွှန်တော် နဲ့ကျွှန်တော့် ဇနီးသည် ကို လုံခြုံရေး အရ ရှာဖွေရင်းက ရဲမေ တစ်ယောက် က ကျွှန်တော့် ဇနီးသည်ဝတ်ထား တဲ့ရွှေလက်ကောက် ကို ကိုင်ကြည့်ရင်း X Ray ကြည့် နေတဲ့ ရဲကို မျက်နာထား နဲ့အချက်ပေးလိုက်ပါတယ်။

ဒါနဲ့ရဲ တစ်ယောက် ပြုံးစိစိနဲ့ရောက်လာပြီး

"ဒီဗူးထဲက ဘာတွေပါလဲ...custom clearance paper ပါပါလား"လို့ မေးပါတယ်။

ကျွှန်တော် လဲ အမှန်အတိုင်း ပဲ ဟိန္ဒူ ဘုရားရုပ်များဖြစ်ကြောင်း အိမ်မှာကိုးကွယ်ရန် ပင့်ဆောင်လာခြင်း ဖြစ်ကြောင်းပြောပါတယ်။

ဒါနဲ့မကြာ ခင်မှာ ပဲ ရဲနဲ့ လေဆိပ်ဝန်ထမ်း ၆ ယောက်လောက်ကျွှန်တော် တို့ကို ဝိုင်းလာပြီး "ဘုရားရုပ်တု ယူဆောင်ခွင့်မရှိကြောင်း " ပြောပါတယ်။

နောက်တော့ ရာထူးပိုကြီး ပုံရ တဲ့ရဲတစ်ယောက်ပါ ထပ်ရောက်လာပြီး သူ့လူတွေကို

" ဟေ့ ဘာတွေ မိထားပြန်ပြီ လဲ"

ဆို ပြီး ကျွှန်တော်တို့ ကို ဘိန်းသယ်လာ တဲ့ သူများ ကို ဆက်ဆံ သလို စစ်ကြဆေးကြ ပါတော့တယ်။

ကျွှန်တော် လဲ ဗူးကို ဖွင့်ပြီး ဘုရားတစ်ဆူချင်း ကို ပြ ကာ
"ဒါကတော့ မဟာပိန္နဲ ပါ ဒါကတော့ လခ်ျမီးမယ်တော် စီးပွားလာဘ်လာဘ ပေးတဲ့ မယ်တော်ပါ" စသဖြင့် စိတ်ရှည်ရှည် နဲ့ရှင်းပြပါတယ်။

လုံခြုံရေးအရ ရယ် မြန်မာပြည်က ရှေးဟောင်း ဘုရားတွေ ခိုးထုတ်သူ တွေရှိတာကြောင့်ကျွှန်တော့် ကို ဖွင့်စစ်တာ ကျွှန်တော် အပြစ်မယူပါဘူး။ စိတ်လဲမဆိုး ပါဘူး။

ဒီလို နဲ့ လေဆိပ်လုံခြုံရေး တွေ က စကျင် ကျောက်ရုပ်တွေကို ကြည့်ပြီး

"ဟာ ဒါ ကျောက်စိမ်း အဖြူတွေပဲ...ခွင့်မပြုနိုင်ဘူး။ Custom pass ဖြစ်မှာ မဟုတ်ဘူး" ဆို ပြီး တွင်တွင်ပြောပါတော့တယ်။

ကျွှန်တော်လဲ စကျင်ကျောက်ရုပ်ပွားတော်ကို ကြည့်ပြီး ကျောက်စိမ်း ဖြူလို့ ပြောတာ ကို အံ့သြပြီး နားထောင် နေတုန်း ရဲတစ်ယောက် က စပ်ဖြီးဖြီး နဲ့

"ကဲအဆင်ပြေအောင်လုပ်ပေးမယ်။ နည်းနည်း ပါးပါး တော့ မစ ခဲ့ပါ "လို့ ပေါ်တင် ပိုက်ဆံတောင်း ပါတော့တယ်။

ကျွှန်တော် လဲ ဒီလို လူပုံ လဲ မှာ ပေါ်တင်ကြီး အုပ်စု လိုက်ဓါးပြတိုက်တာ ခံလိုက်ရ တော့ အံ့သြသွားပါတယ်။ နောက်တော့ ဖြစ်ချင်တာ ဖြစ် လာဘ်တော့ မပေးဘူး လို့  ဆုံးဖြတ်လိုက်ပေမယ့် သူ တို့ ပုံစံက မပေးရင် ပစ္စည်း ပါသိမ်းပြီး ခရီး ကို ကြန့်ကြာအောင်လုပ်မယ့် ပုံ ဖြစ်တာ ကြောင့် ငါးထောင် တန် နှစ်ရွက် ကို မပေးချင်ပေးချင် နဲ့ပေးလိုက်ရပါတယ်။

ပိုက်ဆံပေးပြီးတော့ လည်းကျွှန်တော့် ဇနီးသည်ရဲ့ရွှေလက်ကောက် ကို တလည့် ကျွှန်တော့် ကို တစ်လှည့် ကြည့်ပြီး တစ်သောင်း ထဲပေးရလားဆို တဲ့အကြည့် နဲ့ကြည့်နေကြပါတယ်။

ကျွှန်တော် လဲ လာဘ်လာဘ မဝင်ခင် လာဘ်အရင်ပေးလိုက်ရတဲ့ ဘုရားဆင်းတု လေးတွေကို မပြီး အမြန် ထွက်ခဲ့ပါတော့တယ်။

မြန်မာပြည်မှာ လာဘ်ပေးလာဘ်ယူ ဆိုတာ မထူးဆန်းပါဘူး။ ဒါပေ မယ့် ဒီဖက်ခေတ် ဒီမိုကရေစီအစိုးရ လက်ထက်မှာ အစိုးရဝန်ထမ်းအချို့တွေ လာဘ်စား တာ အေးဓါးပြတိုက်တာ ကို ကျွှန်တော့အရမ်းအံ့သြ ရွံမုန်းပါတယ်။

ဒီထက်ပိုဆိုးတာ က လုံခြုံရေးအရစစ်တယ်ဆိုပေမယ့် ကိုယ်တိုင်းပြည်က ထွက်ခွာ သွားရမယ့် လူတွေအပေါ် "ရွှေလက်ကောက်ကြီး ဝတ်ထားတယ်ဟေ့ ဆို ပြီး အဆီတဝင်းဝင်း မျက်နှာထား တွေနဲ့ အမဲဖျက် သလို လုပ်နေကြတာ ဟာ အလွန် စက်ဆုပ် စရာပါ။

ဒါ့အပြင် ကမ္ဘာသိ တိုင်းပြည်ခေါင်းဆောင် နဲ့ တိုင်းပြည်တိုးတက်ရေးလုပ်နေကြသူ တွေဟာ ဒီလို လူတွေ နဲ့ တိုင်းပြည်ကို လည်ပတ်နေရတာ ကို တွေးမိပြီး စိတ်လေးမိပါတယ်။ကုန်ဈေးနှုန်းကြီး တာ လစာမလောက်တာ ကို သိပေမယ့် တယောက်ကို နည်းနည်းစီလောက် ရှက်ကြမယ်ဆိုရင် လူအများအကျိုးများဖို့ ရှိပါတယ်။

ကျွှန်တော်ရော ဇနီးသည် ရော ရဲ့ အပြန်ခရီး ဟာ စကားသံတွေတိတ်ဆိတ် လို့  နေပါတယ်။ အစိမ်းရောင် လယ်ကွင်းတွေ ရွှေရောင်ဘုရားတွေ ရှိတဲ့မွေးရပ်မြေဟာ တိမ်တိုက်တွေကြားက ကျန်နေရစ်ခဲ့ပါတော့တယ်။ အော်..လွမ်းလို့ ပြန်ရမှာ ကိုတောင် အားနာ လာပါတော့တယ်။

( ၁၆.၁၀.၂၀၁၉- ညနေ ၅နာရီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1)

Dr Nay Myo Oo

No comments:

Post a Comment