Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2019

တစ်တီတူးများသို့


တရုတ်အကြောင်းရေးရင် တရုတ်ကို ထောက်ခံတာ မထောက်ခံတာထက်၊ တရုတ်ဘာတွေ လုပ်နေသလဲ ဆိုတာ သတိထားဖို့ရေးတယ်လို့ မှတ်ယူကြပါ။ သောက်ရမ်းမျိုးချစ်တွေကို စိတ်ကုန်လွန်းလို့ ကြိုတင်စကား ပလ္လင်ခံထားတာ။

၂၀၁၇ ဇူလိုင်လမှာ တရုတ်နိုင်ငံတော်ကောင်စီက Next Generation Artificial Intelligence Development Plan (NGAIDP) ဆိုတဲ့အဖွဲ့ကြီးကို ဖွဲ့စည်းလိုက်တယ်။

တရုတ်နိုင်ငံမှာ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အစိုးရအဖွဲ့နဲ့ ပညာရေးကဏ္ဍတွေမှာ AI လို့ခေါ်တဲ့ Artificial Intelligence နည်းပညာတွေကို ထည့်သွင်းအသုံးပြုနိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ဖို့ ပြင်ဆင်နေကြတာ။

တရုတ်က လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ AI နည်းပညာနဲ့ ကမ္ဘာကို လွှမ်းမိုးဦးဆောင်သော နိုင်ငံဖြစ်စေရမယ် ဆိုပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ပထမဆုံး သိထားစေချင်ပါတယ်။

ဒါကြောင့်လည်း AI ကို အခြေခံကျကျ ကျောင်းတွေကစမယ်။ မူလတန်းတွေကစတင်ပြီး AI ဆိုင်ရာ နည်းပညာ အခြေခံတွေကို သင်ကြရမယ်လို့ ဆုံးဖြတ်လုပ်ဆောင်နေကြပါပြီ။

တရုတ်ရည်ရွယ်ချက်ကိုသိပါ ၂၀၃၀ အတွက် AI နဲ့ကမ္ဘာကိုစိုးမိုးဖို့ ကျောင်းတွေကစနေတယ်ဆိုတာ။

AI ပညာရေးအတွက် တရုတ်ဘယ်လောက်အထိ လှုပ်ရှားနေသလဲ။

၂၀၁၈ ခုနှစ်အထိ တစ်ကမ္ဘာလုံးမှာ တရုတ်က AI လုပ်ငန်းတွေလိုက်ပြီး ရင်းနှီးမြှုပ်နှံနေတာ ၁ ဘီလီယံကျော်ကျော်ရှိတယ်။ ဒါတွေဟာ အလကားလိုက်ပြီး ရင်းနှီးမြှုပ်နှံနေတာမဟုတ်ဘူးဆိုတာ သိထားစေချင်တယ်။

နိုင်ငံအတွင်းမှာ AI နည်းပညာနဲ့ပတ်သက်ပြီး လာရောက်လုပ်ကိုင်မယ့်သူတွေကိုလည်း အခွန်တွေ မကောက်ဘူးဆိုတဲ့ ကတိပေးပြီး ဖိတ်ခေါ်နေတယ်။ နေရာတွေပေးတယ်။ AI နည်းပညာကို ကျောင်းတွေမှာ လာပြီး သင်ပေးမယ်ဆိုရင် ကူညီတယ်။ ကျောင်းတွေမှာလည်း AI စနစ်သင်ကြားရေးဆိုပြီး ပရောဂျက်တွေ ချပေးနေတယ်။

Squirrel AI ဆိုတဲ့အဖွဲ့ဆိုရင် စတင်ရင်းနှီးမြှုပ်နှံစဉ်က ဒေါ်လာ သန်း ၁၈၀ လောက်၊ ခုဆိုရင် အဲဒီ ကုမ္ပဏီက ဒေါ်လာ ၁ ဘီလီယံလောက်ကို တန်နေပြီ။

Squirrel AI က AI နည်းပညာဆိုင်ရာ လေ့လာသင်ယူနိုင်တဲ့ သင်တန်းဌာနပေါင်း ၂၀၀၀ ကို တရုတ်နိုင်ငံ မြို့ကြီးပေါင်း ၂၀၀ မှာ လိုက်ဖွင့်တယ်။ တရုတ်တွေ AI ပညာကို ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ လက်ရှိ တက်ရောက်နေတဲ့ သင်တန်းသား ၁ သန်းကျော်ရှိတယ်။

ဒီကုမ္ပဏီက AI ဆိုင်ရာ၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ၊ ပရိုဂရမ်နဲ့ ကုတ်ရေးနည်းဆိုင်ရာတွေကို အထူးပြု သင်ကြားတယ်။

အနာဂတ်ဟာ AI အပေါ်မှာ မှီခိုရတော့မယ်ဆိုတာကို နိုင်ငံတော်က လမ်းကြောင်းပြတယ်။ မိဘတွေကလည်း စီးပွားရေးကောင်းလာတာကြောင့် အပြင်သင်တန်းတွေကို ထားပေးလာကြတယ်။

၂၀၃၀ မှာ ငါတို့ကမ္ဘာကို စိုးမိုးနိုင်ရမယ်လို့ ခေါင်းဆောင်တွေက သတ်မှတ်တယ်။ သူတို့စိုးမိုးမယ်ဆိုတာ လက်နက်တွေနဲ့ ကျူးကျော်တိုက်ခိုက်မှာ မဟုတ်ဘူး။ သူတို့နည်းပညာ၊ သူတို့တီထွင်မှု၊ သူတို့နိုင်ငံထုတ် ပစ္စည်း၊ သူတို့နိုင်ငံပညာရှင်တွေနဲ့ ကမ္ဘာကိုလွှမ်းမိုးဖို့ လုပ်နေကြတာလို့ သိထားစေချင်ပါတယ်။

AI အဆင့်တောင်မဟုတ်ပါဘူး။ အခြေခံလူသုံးကုန်ပစ္စည်းအဆင့်တွေမှာတောင် တရုတ်ကိုရှောင်လို့ မလွတ် တာတွေ အများကြီးဖြစ်နေပါတယ်။

ကျွန်တော်တို့မှာ ထွင်သုံး၊ ထုတ်သုံးနိုင်လောက်တဲ့အစွမ်းတွေရှိဖို့လိုပါတယ်။ ဒီလိုရှိဖို့ ပညာရေးကို ပြုပြင် ပြောင်းလဲရမှာပါ။

အလွတ်ကျက် အမှတ်ပေး ဂုဏ်ထူးထွက် နေရာပေး ပညာရေးစနစ်ကို ဆက်သုံးရင် ကမ္ဘာလှည့်ကျွန်ခံတဲ့ သူတွေကိုပဲ မွေးထုတ်ပေးနိုင်မှာပါ

၂၁ ရာစု ပညာရေးကသာ ကမ္ဘာကိုစိုးမိုးဖို့ ပညာရှင်တွေကို မွေးထုတ်နိုင်မှာပါ။

ပြောရင်မိုးကို ဒူးနဲ့တက်ပြီးထိုးမလောက် … သူ့ကျွန်မခံပြီ

အဲဒီလိုစိတ်တွေကို ပညာရေးမှာအခြေမခံတော့ မြေလှန်ပြီးကျင်းတူး၊ ဖင်ဘူးတောင်းထောင် အော်နေတာပဲ အဖတ်တင်။

မြန်မြန်ပြင်စေချင်ပါပြီ

မှန်မှန်မြင်စေချင်ပါပြီ

(Ref: Analytics India)

တင်ညွန့်

၁၀.၉.၂၀၁၉

No comments:

Post a Comment