Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 17, 2019

Food boxနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး


Food boxနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးကို တွေ့ရချိန်မှာ တွေးလို့ရသမျှ ရှုထောင့်တွေကို ဆွဲထုတ်ကြည့်မိတယ်။

စကားတခုကြိုခံချင်တယ်။
"အရှုံးဆိုတာမရှိဘူး။အတွေ့အကြုံပဲ ရှိတယ်”
ဖြစ်စဉ်တခုဖြစ်ပွားပြီးချိန်မှာ အရှုံးရယ်လို့
တွေးလိုက်မယ့်အစား အတွေ့အကြုံရတယ်လို့ မြင်လိုက်ခြင်းဟာ positive ဘက်ကို ရွေ့စေတယ်။

Food boxမှာ အစားအစာထည့်တာဟာ ရည်ရွယ်ချက်ကောင်းပါတယ်။လုပ်ရပ်က မအောင်မြင်ဘူးလို့ အဖြေထွက်လာသည့်တိုင် ရည်ရွယ်ချက်ကောင်းပါတယ်။နိုင်ငံရဲ့ ကိုယ်ပူချိန်ကို သာမိုမီတာနဲ့ စမ်းသပ်တဲ့အခါ အဖျားသွေးတွေ တွေ့ရတယ်။Food boxဟာ ပျောက်ကင်းစေမယ့် ဆေးဝါးမဟုတ်ရင်တောင် ရောဂါကို တိုင်းတာတဲ့ သာမိုမီတာတချောင်းပဲ။

အရမ်းလိုအပ်တဲ့သူတွေအတွက် လှူထားတယ် ဆိုပေမယ့် လိုအပ်မှုညွှန်းကိန်းကို ဘယ်လိုတိုင်းတာမလဲ။လိုချင်သူတွေ ယူကြမှာပဲ။
Publicပေါ် ပုံတွေတင်သည်အထိ ဗီဒီယိုတင်ပစ်သည်အထိတော့ အရှက်ခွဲဖို့ မသင့်ဘူး။
"ပိုလိုအပ်သူ ယူပါစေ”ဆိုတဲ့ ကိုယ်ချင်းစာတရားတွေ ကျင့်ဝတ်တွေဟာ နိမ့်ပါးနေဆဲပဲ။
ဒီဖြစ်ရပ်ကို သင်ခန်းစာအဖြစ် ကျောင်းတွေမှာ သင်နိုင်မယ်ဆိုရင် အနာဂတ်လူငယ်တွေအလှည့်မှာ ဒီအလှူမျိုးတွေ ဒီထက်ပို အောင်မြင်လာမယ်။Food boxရဲ့ ဖြည့်ဆည်းနိုင်မှုဟာ လိုအပ်သူတွေရဲ့ လိုအပ်ချက်ကိုတောင် မမီသေးဘူး။တကယ်လိုသူတွေချည်းပဲ ယူတယ်ဆိုရင်တောင် မလောက်ဘူး။

အလှူရှင်ကို အပြစ်မတင်ပါဘူး။မျှဝေလိုစိတ်ကို ချစ်ပါတယ်။လောက်ငှအောင်လှုဖို့လည်း မတောင်းဆိုရဲပါဘူး။ကိုယ် သဒ္ဓါနိုင်သလောက်ပဲ လှုချင်မှာပေါ့လေ။
ဒါပေမယ့် ဒီနည်းနဲ့တော့ လိုအပ်သူတွေရဲ့လက်ထဲကို အပြည့်အဝမရောက်ဘူးလို့ ကူညီထောက်ပြချင်ရုံပါ။

မြန်မာနိုင်ငံမှာ အချောင်ရရင် လိုချင်သူတွေ
သိပ်ပေါနေပါတယ်။ရန်ကုန် အင်းလျားက ပုသိမ်ထီးကိစ္စလိုမျိုးပေါ့။ပဒေသာပင် လာစိုက်ထားရင်တောင် လောက်မှာမဟုတ်ဘူး။
ဒေါသတကြီး အပြစ်တင်တာမဟုတ်ဘူး။
ဒါဟာ ရောဂါပဲ။ကုသမှ ပျောက်မှာ။
အတိတ်က ပညာရေးရဲ့ ရင်သွေးတွေဟာ ပစ္စုပ္ပန်လူ့အဖွဲ့အစည်းပဲ။ ပစ္စုပ္ပန်ပညာရေးရဲ့ ရင်သွေးတွေဟာ အနာဂတ်လူ့အဖွဲ့အစည်းပဲ။
ပစ္စုပ္ပန်လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်တွေ ဘယ်လောက်ချို့တဲ့နေတာဆိုတာကို ကျနော်တို့ နာနာကျင်ကျင်နဲ့ လက်ခံရမှာပဲ။
ကျနော့်ဆီမှာလည်း ကျနော်သတိမထားမိတဲ့ မပြည့်ဝမှုရောဂါတွေရှိတယ်။နိုင်ငံကြီးသားပီသမှု၊လူ့ကျင့်ဝတ်ပြည့်ဝမှုနဲ့ ပတ်သက်ရင် ကျနော်တို့လည်း လိုအပ်ချက်ကိုယ်စီနဲ့။

မလိုအပ်ဘဲ မုန့်တွေကို လောဘတကြီး ယူကြသူတွေလည်း မှားသလို ဒီလူတွေရဲ့ မျက်နှာတွေကို social mediaပေါ်တင်သူတွေလည်း
မှားတယ်။

Food box ဖြစ်ရပ်လေးဟာ အရှုံးမဟုတ်ဘူး။
ဒေါသထွက်စရာလည်းမဟုတ်ဘူး။
အတွေ့အကြုံပါပဲ။သာမိုမီတာတစ်ချောင်းလို နိုင်ငံရဲ့အဖျားသွေးကို တိုင်းတာနိုင်ခဲ့ခြင်းပါ။
ကျနော်တို့မျိုးဆက်မှာ ရောဂါသည်တွေသိပ်များတယ်။နောက်မျိုးဆက်တွေအတွက် စီမံချက်နဲ့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

Sithu(Error)
15.6.2019

No comments:

Post a Comment