Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 17, 2019

ထပ်ကြားရပြန်တဲ့ တနှစ်သမီးလေးကိစ္စ ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း


ထပ်ကြားရပြန်တဲ့ တနှစ်သမီးလေးကိစ္စရယ်၊ ကျူးလွန်သူဟာ မြန်မာဗုဒ္ဓဘာသာတွေ လေးစားရိုသေလေ့ရှိတဲ့ လူတန်းစားတခုထဲကလူလို့ ကြားရပြန်တာကြောင့် ဒီစာလေး ပြန်တင်ချင်စိတ် ဖြစ်လာတယ်။ ကလေးတွေကို လိင်ကျူးလွန်သူတွေဟာ လူတန်းစားမရွေးဖြစ်နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း လူမြင်ကွင်းမှာ လူကြီးလူကောင်း အရေခြုံထားပြီး နောက်ကွယ်မှာ မဖွယ်မရာပြုကျင့်ကြတဲ့လူတွေ၊ အမှုတွေ အများကြီးပါ။ အရာရှိကြီးလည်းဖြစ်နိုင်တယ်။ လမ်းဘေးက အိမ်ယာမဲ့တယောက်လည်း ဖြစ်နိုင်တယ်။ ဘာသာမရှိတဲ့သူလည်း ဖြစ်နိုင်သလို ဘုန်းကြီးတယောက်လည်း ဖြစ်နိုင်တယ်။ ဘွဲ့တွေဂုဏ်ထူးတွေတန်းစီရထားတဲ့ ပညာတတ်တွေဖြစ်နိုင်သလို စာတလုံးမှ မတတ်တဲ့လူလည်း ဖြစ်နိုင်တာပဲ။ ယောက်ျားတယောက်ဖြစ်နိုင်တယ်။ မိန်းမတယောက်လည်း ဖြစ်နိုင်တယ်။ အဖိုးကြီးလည်း ဖြစ်နိုင်တယ်။ အရွယ်မရောက်သေးတဲ့ ကောင်ကလေး/ကောင်မကလေးတယောက်လည်း ဖြစ်နိုင်သေးပြန်တယ်။ ဘယ်သူမဆို ဖြစ်နိုင်တယ်။

ဒီစာကို ကော်ပီလည်း ယူနိုင်တယ်။ ခရက်ဒစ်မပေးလည်း ရတယ်။ မိဘတွေ များများဖတ်မိစေချင်တယ်။

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း
==============================

ဒီခေါင်းစဉ်လေးကို ရေးချင်နေတာ နှစ်နဲ့ချီနေပါပြီ…. ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာကြောင့် တို့မှာတော့ ဒါမျိုးမရှိပါဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်…. အဲဒီလိုမဟုတ်ပါဘူး… လူတွေရဲ့အမူအကျင့်၊ အကျင့်စာရိတ္တဟာ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်ပါတယ်…. နိုင်ငံလူမျိုးကိုးကွယ်ရာဘာသာနဲ့ ဘာမှမဆိုင်ပါဘူး… ကျမတို့ မြန်မာယဉ်ကျေးမှုမှာ လိင်ကိစ္စနဲ့ပတ်သတ်လာရင် အရှက်အကြောက်ကြီးမှု၊ မိဘနဲ့ သားသမီးပွင့်ပွင့်လင်းလင်းမပြောချင်မှု စတဲ့အတားအဆီးတွေကြောင့် လူမသိသူမသိပြီးသွားတဲ့ကိစ္စတွေ အများကြီးကို ရှိနေမှာပါ… သားသမီးဆိုတာ ကလေးတွေလေ… သူတို့ဘယ်သိမှာလဲ… ဘယ်နားလည်ရှာမလဲ…. မိဘက သင်ပေးထားမှ ပြန်ပြောပြရကောင်းမှန်းသိမှာပါ….

ကျမတို့တိုင်းပြည်မှာ အထောက်အထားတိတိကျကျစစ်တမ်းကောက်ထားတာ မရှိတဲ့အတွက် အနောက်နိုင်ငံများရဲ့ စစ်တမ်းများကို ပြောပြပါမယ်… မိန်းကလေး ၅ယောက်မှာ တစ်ယောက်၊ ယောက်ျားလေး ၁၀ယောက်မှာ ၁ယောက်ဟာ သူတို့ အသက်၁၃နှစ်မပြည့်ခင်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရပါတယ်… ဒီကလေးလေးတွေရဲ့ ၉၀%ဟာ ကိုယ့်မိသားစုဝင်၊ (သို့မဟုတ်) ဆွေမျိုးများ၊ (သို့မဟုတ်) အိမ်နီးချင်း (သို့မဟုတ်) မိဘနဲ့ရင်းနှီးတဲ့ အခြားမိတ်ဆွေများက အမြတ်ထုတ်ခဲ့တာပါ….. တစိမ်းတွေက လုပ်ခဲ့တာမဟုတ်ပါဘူး…. ဘာကြောင့်လဲ…. တစိမ်းဆိုတာ ကလေးနားကပ်ဖို့ ခဲယဉ်းပါတယ်… မိဘတွေက တစိမ်းဆိုရင် အလိုလိုသတိထားပါတယ်… ကိုယ်သိတဲ့သူနဲ့ဆိုရင်တော့ စိတ်ချကြပါတယ်… ဒါမဟာအမှားပါပဲ….. ကိုယ့်သားသမီးကို ဘယ်သူနဲ့မှ စိတ်မချပါနဲ့…. သားသမီးကို ကာကွယ်ပေးဖို့ မိဘတိုင်းမှာ တာဝန်ရှိပါတယ်….
သားငယ်သမီးငယ်လေးတွေကို အစစအရာရာ မိဘကို ပြန်ပြောရဲဖို့ သင်ကြားလေ့ကျင့်ပေးထားပါ… ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ်ဟာ သူ့ဘက်မှာ အမြဲရပ်တည်စဉ်းစားပေးမယ်ဆိုတာ သူသိပါစေ…. အမှန်ကိုပြောခြင်းဟာ ဘာမှကြောက်စရာမရှိဘူးဆိုတာ သင်ပေးပါ…. လိင်ဆိုင်ရာကျူးလွန်သူတွေကို Sex Offenders လို့ခေါ်ပါတယ်… များသောအားဖြင့် Sex Offender လို့စဉ်းစားလိုက်ရင် အသက်ကြီးကြီး လူဆိုးကြီးတွေလို့ မြင်တတ်ပါတယ်… ဒါလည်းအပြည့်အဝမမှန်ပါဘူး… Sex Offender များဟာ ကိုယ်ပိုင်မိသားစု ရှိသူတွေ၊ ပညာတတ်လူကြီးလူကောင်းတွေ၊ ဘုရားဒါယကာလို့ လူသိသူတွေ၊ လူချစ်လူခင်ပေါများပြီး ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူတွေပါဝင်ပါတယ်…. တနည်းပြောရရင် Sex Offender ဆိုတာ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့ မသိနိုင်တဲ့သူတွေပါ… ဒါကြောင့်ခုဏကပြောခဲ့သလို ကိုယ့်သားသမီးကို ဘယ်သူနဲ့မှ စိတ်ချပြီး ၂ယောက်ထဲ အတူမထားပါနဲ့….

ကလေးငယ်လေးတွေကို ဘယ်လိုကာကွယ်နိုင်သလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁) မိမိသားသမီးကို ကြင်နာပါ… ကိုယ်ချစ်ကြောင်းပြပါ… နွေးနွေးထွေးထွေးဆက်ဆံပါ…. ကလေးတွေဟာ မိဘဆီက ကြင်နာတဲ့မေတ္တာကို မရရင် အခြားလူဆီမှာ ရှာတတ်ပါတယ်…

(၂) မိမိသားသမီးနဲ့ အနီးကပ်ဆုံးရှိတတ်တဲ့ မိတ်ဆွေများ၊ ဆွေမျိုးများအကြောင်းကို အမြဲသတိထားပြီး အကဲခတ်ပါ… ဘယ်လောက်ယုံကြည်ရတဲ့သူလဲဆိုတာ ဆုံးဖြတ်ပါ… ကိုယ့်ရဲ့ ခံစားမှု (instinct) ကို ယုံကြည်ပါ… ကိုယ့်စိတ်ထဲမှာ တစ်ခုခုမှားနေတယ်လို့ ထင်ရင် လူချင်းရင်းနှီးသူဖြစ်နေလို့သော်လည်းကောင်း၊ သူ့ရဲ့အပေါ်ယံလူနေမှုအဆင့်အတန်းကြောင့်သော်လည်းကောင်း “ဒါမျိုးလုပ်မယ့်သူမဟုတ်ပါဘူးလေ” ဆိုပြီး ဖော့မတွေးလိုက်ပါနဲ့….. သတိဆိုတာ ပိုတယ်မရှိပါဘူး…

(၃) ကလေးနဲ့ အကြောင်းမရှိဘဲ အချိန်အကြာကြီး ဖြုန်းချင်သူ၊ ကလေးကို လိုတာထက်ပိုပြီး အလွန်အမင်း စိတ်ဝင်စားပုံပြသူ၊ မုန့်ဖိုးကို အကြောင်းမရှိ အမြဲပေးသူ၊ ကစားစရာတွေ အမြဲဝယ်ပေးသူကို အထူးသတိထားပါ…. ကလေးကကိုယ့်ကို ခင်တွယ်လာအောင် ကြိုးစားတတ်ကြပါတယ်… အဲဒီလိုလူများနဲ့ ကလေးကို ၂ယောက်ထဲ မထားပါနဲ့….

(၄) ကလေးရဲ့ လျှို့ဝှက်အပ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း (လိင်အင်္ဂါ)ကို ဘယ်သူ့ကိုမှ မထိမကိုင်စေဖို့ သင်ပေးပါ… ထိကိုင်ခံရရင်လည်း ချက်ခြင်းမိဘကိုပြောဖို့ သင်ပေးထားပါ…

(၅) ကိုယ့်ကလေးက အရင်ကချစ်ခင်ရင်းနှီးပြီးသား လူတစ်ယောက်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေရင် သတိထားပါ… ကလေးကို ချော့မေးပါ… ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ပြောရဲအောင် အားပေးပါ… လမ်းကြောင်းပေးတဲ့မေးခွန်းမျိုးကို ရှောင်ပါ…. ကလေးဆိုတာမျိုးဟာ ဟုတ်တယ်မဟုတ်လားလို့မေးရင် ဟုတ်တယ်လို့ဖြေပြီး မဟုတ်ဘူးမဟုတ်လားလို့မေးရင် မဟုတ်ဘူးလို့ လိုက်ဖြေတတ်ကြပါတယ်…. Open Question လိုမျိုး သူ့စိတ်ထဲရှိတာဖြေနိုင်အောင် ဖွင့်မေးပါ…

(၆) မိဘ (သို့မဟုတ်) အုပ်ထိန်းသူမဟုတ်တဲ့သူတစ်ယောက်ကို အရမ်းစွဲလမ်းချစ်ခင်ပြီး အဲဒီလူအကြောင်း တချိန်လုံးပြောနေရင်၊ အဲဒီလူဆီ တချိန်လုံးသွားချင်နေရင် သတိထားပါ….

(၇) ကိုယ့်ကလေးအနိုင်ကျင့်ခံရတယ်ထင်ရင် ချော့မေးပါ… ဘယ်တော့မှ (ဘယ်တော့မှ) မဆူပါနဲ့… ကြောက်အောင်မလုပ်ပါနဲ့… မစွပ်စွဲပါနဲ့…. ကြင်ကြင်နာနာမေးကြည့်ပါ…

(၈) ဘယ်သူက ဘယ်လိုခြိမ်းခြောက်ပြီး မပြောရဘူးပြောထားပါစေ ကြောက်စရာမဟုတ်ဘူးဆိုတာ ကလေးကို သိပါစေ…. များသောအားဖြင့် ကလေးတွေက ကြောက်ပြီး ပြန်မပြောရဲပါဘူး.. အဲဒီကြောက်စိတ်ကို ဖယ်ထုတ်ပေးပါ….

(၉) ကလေးက အနိုင်ကျင့်ခံရတယ်ပြောရင် ကလေးပြောတာ အကြွင်းမဲ့ယုံကြည်ပါ....သူပြောသူက ဂုဏ်သရေရှိလူကြီးဖြစ်ပါစေ…. ဆွေမျိုးအရင်းအချာဖြစ်နေပါစေ… ဆရာဆရာမဖြစ်နေပါစေ…. ကလေးအချင်းချင်းဖြစ်နေပါစေ
(ဥပမာ - ၁၃နှစ်အရွယ်ကလေးက ၅နှစ်ကလေးကို ကျုးလွန်တာ).... ကလေးကို ယုံပါ…

(၁၀) လက်ရှိအနိုင်ကျင့်မှုဆက်ရှိနေတယ်ဆိုရင် ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းပေးပါ….

မိမိပတ်ဝန်းကျင်မှာ မရှိဘူးလို့ ဖော့မတွေးမိပါစေနဲ့…. ကျမကိုယ်တွေ့ကြုံ၊ သိခဲ့ရတာလေးပြန်ပြောပြပါမယ်… မိန်းကလေးတစ်ယောက်…. သူ၇နှစ် ၈နှစ်အရွယ်တုန်းက ရပ်ကွက်ထဲမှာနေတဲ့ ၆၀ကျော်အဖိုးကြီးတစ်ယောက်က သူ့ရင်သားကို ကိုင်ပါတယ်…. ၂ယောက်ထဲရှိတဲ့အချိန်တောင်မဟုတ်ဘူးနော်… လမ်းမှာ သူ့အမေနဲ့တွေ့လို စကားရပ်ပြောနေရင်းနဲ့ ကလေးကိုဖက်ထားပြီး ကျူးလွန်တာပါ… မတ်တပ်ရပ်ပြီးစကားပြောနေကြတော့ အမေကလည်း ဘယ်အောက်ကို ငုံ့ကြည့်မိမလဲ… ကျူးလွန်နေကျသူတွေဟာ အရမ်းကို ကျွမ်းကျင်ပါတယ်…. အခြေအနေကိုလည်း အကဲခတ်တတ်ပြီး အပြည့်အဝအသုံးချတတ်တယ်… အဲဒီအဖိုးကြီးဟာ ဘုရားတရားအရမ်းလုပ်တဲ့ အဖိုးကြီးလို့ လူတွေကသိကြပါတယ်… သူလည်း ပထမတစ်ခါတော့ ဘာမှန်းမသိဘူးပေါ့… နောက်တစ်ခေါက်လဲ အိမ်လာလည်ရင်း ပေါင်ပေါ်မှာထိုင်ခိုင်းပြီး လူကြီးတွေနဲ့ စကားပြောရင်း ထပ်ကျူးလွန်ပါတယ်… သူလည်းအမေကို ပြန်ပြောရကောင်းမှန်းလည်း မသိ… ဘာကြောင့်လုပ်သလဲဆိုတာလည်း မသိတော့ ဒီလိုပဲနေလိုက်ပါတယ်… ဒါပေမယ့် နောက်တစ်ခေါက် အဲဒီလူကြီး သူ့ကိုခေါ်ရင် သူမသွားတော့ပါဘူး… ထွက်ပြေးပါတယ်… ကံကောင်းတာက ဒီထက်ဆိုးဆိုးရွားရွားထပ်မဖြစ်တော့ပါဘူး… Sex offender တွေဟာ အခြေအနေမဟန်ဘူးထင်ရင် မလုပ်တော့ပါဘူး….တကယ်လို့ ကလေးကသာ နားမလည်ဘဲ သူ့ကို ဆက်ခင်မင်နေမယ်ဆိုရင် ထပ်ခါထပ်ခါကျူးလွန်နေမှာပါ… ဒါကလည်း ၈နှစ်အရွယ်ကလေးမို့လို့ပါ…. ဒီထက်ငယ်တဲ့၊ ဒီထက်နားမလည်တဲ့ကလေးဆို ဆက်ခံနေရမှာပါ….

အထက်ပါပြောခဲ့တဲ့အချက်တွေဟာ ယောကျားလေး မိန်းကလေးအကုန်အကျုံးဝင်ပါတယ်…. သားယောက်ျားလေးမို့လို့ စိတ်ချရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး… တန်းတူ အန္တရာယ်ရှိပါတယ်…. အဆုံးစွန်အထိ ကျူးလွန်ခံလိုက်ရမှ Sex abuse မဟုတ်ပါဘူး… မဖွယ်မရာ ကိုင်တွယ်တာ… ကလေးကို မဖွယ်မရာစကားတွေပြောတာ…စသလိုလိုနဲ့ ညစ်ညစ်ပတ်ပတ်တွေ ပြောတာ…. ကလေးကို ပုဆိုးဆွဲချွတ်ဘောင်းဘီဆွဲချွတ်ပြီးစတာ… ယောက်ျားလေးတွေရဲ့ လိင်အင်္ဂါကိုလိုက်ကိုင်ပြီး စတာ အဲဒါတွေအားလုံးဟာ အကျုံးဝင်ပါတယ်… ကလေးကို စိတ်ဒဏ်ရာရစေပါတယ်… ကိုယ့်ရှေ့မှာလုပ်ရင် ပြတ်ပြတ်သားသားမကြိုက်ကြောင်းပြောပါ… လုံးဝအားမနာပါနဲ့…. ကိုယ့်ကလေးထက် ဘယ်သူကမှ အရေးမကြီးပါဘူး….

ကလေးမှာ အောက်ပါအချက်တွေတွေ့ရရင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတာ
ဖြစ်နိုင်ပါတယ်…

(၁) ထိခိုက်မိခြင်းမရှိဘဲ လိင်အင်္ဂါမှာ ဒဏ်ရာတွေ့ရင်
(၂) မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) ပိုးဝင်တာ ခဏခဏဖြစ်ရင် (Recurrent vulvovaginitis)
(၃) ကျားလိင်အင်္ဂါ (သို့မဟုတ်) မလိင်အင်္ဂါမှာ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းနေရင် (vaginal or penile discharge)
(၄) ညညလန့်ပြီး အိပ်မပျော်ရင်၊ အသက်ကြီးတဲ့ကလေးတွေမှာ အိပ်ယာထဲ ညဘက်ရှူးရှူးပေါက်ချခြင်း၊ ဝမ်းသွားချခြင်း
(၅) စအိုဝနှင့်ပတ်သတ်ပြီး နာတယ်၊ သွေးထွက်တယ်ပြောရင်
(၆) ဆီးသွားတဲ့အခါ နာရင် ၊ ဆီးလမ်းကြောင်း ခဏခဏပိုးဝင်ရင်
(၇) လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ရင်
(၈) ကလေးက မှိုင်တွေလာရင်၊ ပညာရေးတိုးတက်မှု ကျလာရင်၊ အစာမစားတော့ရင်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းလာရင်၊ လူတောသူတောထဲ မသွားချင်ဘဲ ရှောင်ဖယ်လာရင်၊ စိတ်ဓါတ်ကျလာရင်၊ အရွယ်နဲ့ မသင့်တော်တဲ့ လိင်ဆိုင်ရာ စိတ်ဝင်စားမှုတွေ ပြလာရင် (ဥပမာ - ကိုယ့်ကိုကျူးလွန်ခံရတဲ့အပြုအမူတွေကို အခြားကလေးတစ်ယောက်ကို ပြန်ကျူးလွန်တာမျိုး)

အဲဒါတွေ သတိထားမိရင် ကလေးနဲ့ စကားပြောကြည့်ဖို့ ကောင်းပါတယ်…. ရိုးရိုးတန်းတန်း ဆီးကျဉ်တာ၊ အခြားရောဂါတစ်ခုခုဖြစ်တာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် Sex abuse ကို သတိမမူမိမှာစိုးလို့ပါ… အထက်ပါအမူအကျင့်များ ပြုမူသူတွေကို လိုက်စွပ်စွဲနေဖို့ မဟုတ်ပါဘူး.... ရိုးရိုးသားသား ကလေးကို ချစ်လို့ အရုပ်ဝယ်ပေးတာလည်း ဖြစ်နိုင်ပါတယ်... မိမိကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်ဖို့ပါ.... သတိဆိုတာ ပိုတယ်မရှိပါရှင်…

Wellness Mommy

ဇွန်လ ၃ ရက် ၂၀၁၅

Reference:
http://www.who.int/ (http://www.who.int/violence_injury_prevention/resources/publications/en/guidelines_chap7.pdf)

BeBraveBeSafe (Parents’ Guide to Prevention) Download link : http://www.mediafire.com/view/ox7hke166hvjxe6/BeBraveBeSafe.pdf

#wellnessmommy

No comments:

Post a Comment