Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 15, 2019

ဆီးချိုရောဂါနှင့် ကျောက်ကပ်ကျန်းမာရေး



⏰⏰ အခုတလော ဆီးချိုအကြောင်းလေးတွေ ပြောလက်စနဲ့ လူတွေရှုပ်ထွေးနေတဲ့ ဆီးချိုနဲ့ ကျောက်ကပ်၊ ဘယ်လိုများဆက်စပ်မှုရှိသလဲပေါ့။ ဒီအကြောင်းလေးကို အနည်းငယ်ရှင်းပြချင်တယ်။ ပထမဆုံးအနေနဲ့ လူတွေလွဲမှားနေတဲ့ အယူအဆလေးကို ပြောပြချင်တယ်၊ အဲ့ဒါကတော့ အင်္ဂလိပ်ဆီးချိုကျ ဆေးတွေဟာ ကျောက်ကပ်ကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆပါ။ အမှန်တော့ ဆီးချိုရောဂါဖြစ်နေတဲ့ သူဟာ ဆီးချိုကျဆေးတွေသောက်လို့ ကျောက်ကပ်ကြီးပျက်စီးသွားတာ မဟုတ်ပါဘူး။ ဆီးချိုရောဂါကိုယ်တိုင်ကိုက သူရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တဲ့ နေရာတွေထဲမှာ ကျောက်ကပ်ဟာ တစ်ခုအပါအဝင်ပါ။ ရောဂါသဘာဝ ကိုယ်တိုင်ကိုက ကျောကပ်ကို ဖျက်စီးတာပါ။

💰💰 ကျွန်တော်တစ်ခါ page မှာ ကျောက်ကပ်ရဲ့ အလုပ်လုပ်ပုံအကြောင်း ဆောင်းပါးတင်ဖူး ပါတယ်။ ပြောချင်တာကတော့ ကျောက်ကပ်ဆိုတာ ကမ္ဘာအကောင်းဆုံးရေစစ်ကြီးဖြစ်တယ်။ ချင်းချင်းနီတဲ့ သွေးကို တစ်စက္ကန့်ရဲ့ အပုံအနည်းငယ်အတွင်းမှာ သေး (ဆီး) ဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိတဲ့ ရေစစ်ကြီးပါ။ သူအထဲမှာ ရေစ်ငယ်လေးတွေ သိန်းနဲ့ချီပါဝင်တယ်၊ သူတို့ဟာ အရမ်းနုနယ်လွန်းတယ်။ သာမန်အားဖြင့် ဆီးထဲမှာ အချိုဓာတ် (glucose) ဟာ အင်မတန်နည်းသော ပမာဏလေးပဲပါဝင်တယ်၊ glucose ရဲ့ molecules size က ကြီးတော့ ကျောက်ကပ်က ဆီးထဲကို အပါမခံပဲ စစ်ထုတ်ပစ်တယ်။ ဒါပေမယ့် ဆီးချိုသမားတွေမှာကျတော့ သွေးထဲမှာ အချိုဓာတ်က မတရားများနေတော့ ကျောက်ကပ်က မစွန့်ထုတ်ချင်သော်လည်း သူနဲ့ မဆန့်မပြဲ glucose အလုံးကြီးတွေကို ဆီးထဲကို စစ်ထုတ်ရာကနေ ဆီးထဲမှာ သကြားဓာတ်တွေပါလာတယ် (ဒါကြောင့် ဆီးချိုရောဂါသည်တွေ သေးပေါက်ရင် အိမ်သာမှာ ပုရွက်ဆိတ်တက်ကြတယ်)။ တစ်ဖက်ကလည်း ကျောက်ကပ်က သူနဲ့ မဆန့်မပြဲကြီးတွေကို နေ့စဉ် စစ်ထုတ်လာရတဲ့ အတွက် ရေစစ် အပေါက်တွေ ကျယ်ကုန်တယ်။ နဂိုကတည်းက သဘာဝတရားကြီးက အတိအကျလုပ်ပေးထားတဲ့ ရေစစ် အပေါက်လေးတွေ ကျယ်ကုန်တော့ မပါသင့်တာတွေ ဆီးထဲမှာ ဒလဟော ပါလာတော့တာပေါ့။ အသားဓာတ်တွေ၊ အချိုဓာတ်တွေ၊ သွေးတွေ ပါကုန်တယ်။ ဒီလို အကြောင်းတရားတွေနဲ့ ဆီးချိုသမားတွေဆီမှာ ကျောက်ကပ်စတင် ပျက်စီးတယ်။

🔫🔫 ဆီးချိုသမားတွေရဲ့ ၅၀%ဟာ ကျောက်ကပ်ပျက်စီးခြင်းကို ကြုံရတယ်။ ဒီလိုပြောတော့ ငါတို့ ဆီးချိုဖြစ်တာကြာပြီ အခုထိ ဘာမှမဖြစ်သေးပါဘူးလို့ ပြောစရာရှိပါတယ်။ တစ်ခုသိထားရမှာက ကျောက်ကပ်ဟာ ၅၀ %လောက် ပျက်စီးပြီးတာတောင် ဘာလက္ခဏာမှမပြပဲ သူအလုပ်သူ နိုင်သလောက် ဆက်လုပ်နေမှာပါ။ ၇၀% လောက်ပျက်စီးမှပဲ လက္ခဏာတွစပြမှာ၊ အဲ့ဒီအချိန်ကျတော့ ပြန်ပြင်လို့မရတဲ့ အခြေအနေတွေအထိရောက်ပြီး ကျောက်ကပ်နှစ်ခုလုံး ပစ်လိုက်ရတဲ့ ဘဝ ရောက်ကြတာပေါ့လေ။ ဆီးချိုရောဂါဟာ ကျောက်ကပ်ကို ဖြည်းဖြည်းချင်းဖျက်စီးလာတာပါ။ သွေးထဲမှာ အချိုဓာတ်တွေကို မထိန်းမသိမ်းနိုင်ဖြစ်လေလေ ကျောက်ကပ်က ပိုပျက်စီးမြန်လေပါပဲ။ ဒါကြောင့် ကျောက်ကပ်အဆုံးထိပျက်စီးခြင်း (end stage renal disease) ကို ကြုံရတဲ့လူနာတွေရဲ့ ၃၀%ဟာ diabetic nephropathy လို့ခေါ်တဲ့ ဆီးချိုရောဂါကြောင့် ဖြစ်ပါတယ်။

💣💣 ဆီးချိုရောဂါကြောင်းကျောက်ကပ် ပျက်စီးလာပြီဆိုရင်တော့ သွေးတိုးခြင်း၊ သွေးပေါင်ချိန် မမှန်ခြင်း၊ ဆီးထဲတွင် အသားဓာတ်များပါလာခြင်း၊ ခြေထောက်၊ ခြေကျင်းဝတ်၊ လက်၊ မျက်လုံးတဝိုက် များ ဖောရောင်လာခြင်း၊ ဆီးနည်းခြင်း၊ ဆီးချိုဆေးများကို လိုအပ်မှုနည်းလာခြင်း၊ ခံတွင်းပျက်ခြင်း၊ ယားယံခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသိ ထားရမှာက ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် သင့်ရဲ့ ကျောက်ကပ်ဟာ ၇၀% လောက် ပျက်စီးသွားပြီ ဆိုတာပါပဲ။

💊💊 ဒီတော့ အရေးကြီးတဲ့ မေးခွန်းကတော့ ဆီးချိုရောဂါတော့ ရှိနေပြီ၊ ကျောက်ကပ်မပျက်စီး အောင် ဘယ်လိုနေထိုင်မလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

🔖🔖(၁) ဆီးချိုသွေးချိုကိုထိန်းပါ။ ဆေးကိုစနစ်တကျသောက်ပါ။ သောက်ပြီးရင်လဲ သွေးချိုတိုင်းကြည့်ပါ။ အချိုဓာတ်မြင့်တက်မှု နည်းနေရင် ကျောက်ကပ်ပျက်စီးမှု နည်းပါလိမ့်မယ်။
🔖🔖(၂) ဆီးချိုနဲ့ အပေါင်းအဖော်ရောဂါဖြစ်တဲ့ သွေးတိုးကိုလည်း စနစ်တကျထိန်းပါ။ သွေးတိုးပြီဆိုရင် ကျောက်ကပ်ကိုသွားတဲ့ သွေးကြောတွေ ကျဉ်းသွား (vasoconstriction) တာကြောင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
🔖🔖(၃) အကိုက်အခဲပျောက်ဆေးတွေ ပဲလှော်လို လိုတိုင်းစားနေတာ ရှောင်ကြဉ်ပါ။ သုံးချင်ရင်တောင် ပါရာစီတမောလောက်ပဲ သုံးပါ။
🔖🔖(၄) ကိုယ်အလေးချိန်ပိုနေလျှင်လျော့ချပါ။ ဆေးလိပ်၊အရက်၊ ဘီယာကို ဖြတ်ပါ။

📥📥 ဒီတော့ အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ ရေးထားတဲ့ အကြောင်းအရာဟာ ဆီးချိုရောဂါကို ဘာကြောင့် စနစ်တကျကုသဖို့ လိုသလဲဆိုတာကို မီးမောင်းထိုးပြသနေတာပါ။ တချို့သော ဆီးချိုရောဂါရှိလျှက်နဲ့ မဆင်ခြင်သူများ၊ ဗမာဆေးလိုလို၊ အင်္ဂလိပ်ဆေးလိုလို လုပ်နေသူများ ရပ်တန်းက ရပ်ပြီး စနစ်တကျ ကုသသင့်ပါပြီ။ ဆီးချိုရောဂါကြောင့် ကျောက်ကပ် အဆုံးတိုင်ပျက်စီးသွားရင် နောက်ဆုံးနည်းလမ်းက နှစ်ခုပဲ ကျန်တော့တာပါ။ တစ်ခုက ကျောက်ကပ်ဆေးခြင်း (renal dialysis) နဲ့ နောက်တစ်ခုကတော့ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း (kidney transplant) တို့ပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ဆေးတာကလဲ အင်မတန်မှ ငွေကုန်ကြေးကျ အလွန်များလွန်းပါတယ်၊ တစ်ပတ်ကို နှစ်ကြိမ်ဆို နှစ်ကြိမ်ပုံမှန်ဆေးနေရတာပါ။ အဲ့တော့ မဆေးနိုင်ရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့ တစ်ကိုယ်လုံး ဖောရောင်ပြီး အဆိပ်တွေတက်၊ အဆုတ်ထဲတွေ ရေတွေဝင်ပြီး အရှင်လတ်လတ် ရေနစ်သတ်သလို ခံစားရမှာ ဖြစ်ကြောင်း ကြိုတင်သတိ ပေးလိုက်ပါတယ်။

https://www.mayoclinic.org/
…/diagnosis-treatme…/drc-20354562
https://emedicine.medscape.com/article/238946-overview#a4

By
Dr.Zaw Htet Aung
( I am your doctor)




No comments:

Post a Comment