Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 15, 2019

နေပြင်းလို့ ရေငတ်နေတဲ တောကောင်တွေကို ရွာသားတွေ စုပေါင်းပြီးရေတိုက်


တိရစ္ဆာန်ငယ်လေးတွေ ရေပြတ်လို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ဒေသခံတချို့ စုပေါင်းပြီး ရေသွား တိုက် ကြပါတယ်
ဆယ်စုနှစ်အတွင်း အပူချိန် စံချိန်တင်မြင့်တက်လို့ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တွေမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။

ဒီလိုရာသီဥတု အပူချိန် စံချိန်တင် ပူပြင်းလို့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ အနီးမှာရှိတဲ့ မဟာမြိုင် တောတန်းပေါ်မှာ နေထိုင် ကျက်စားနေတဲ့ အင်းဆက်ပိုးမွှားတွေ အပြင် တိရစ္ဆာန်ငယ်လေးတွေ ရေပြတ်လပ်လို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ဒေသခံတချို့ စုပေါင်းပြီး ရေသွား တိုက် ကြပါတယ်။

ရွာနဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ မဟာမြိုင်တောဘက် သွားတဲ့လမ်းမှာ ပျားတွေက ခရီးဖြတ်သန်းသွားတဲ့ လူတွေရဲ့ ကိုယ်ခန္ဓာက ချွေးတွေကို လာပြီး စုပ်ရာကနေ ဒီအကောင်လေးတွေ ရေဆာတာကို သိရှိခဲ့တာလို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာ ဒေသခံတွေက ပြောပါတယ်။

ပျားတွေက ခရီးဖြတ်သန်းသွားတဲ့ လူတွေရဲ့ ကိုယ်ခန္ဓာက ချွေးတွေကို လာပြီး စုပ်ရာကနေ ဒီအကောင်လေးတွေ ရေဆာတာကို သိရှိခဲ့တာ လို့ ပြောပါတယ်။
ဒေသခံတွေ တောကို ဖြတ်သန်းခရီးသွားချိန်မှာ ပျားတွေဟာ အုံလိုက်ချီ ပျံသန်းလိုက်လာပြီး တုတ်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်က ချွေးတွေကို လာလာပြီး စုပ်ကြတာကို သတိထားမိလို့ ရွာကလူတွေ စုပြီး ၅ ဂါလံ ၆ ဂါလံ ရေပုံးတွေကို ထော်လာဂျီနဲ့ သယ်ပြီး ရေသွားတိုက်ခဲ့ ကြတယ်လို့ ကျောက်ပန်းကုန်းရွာသူ မချိုလေးခိုင်က ပြောပါတယ်။

"မဟာမြိုင်တောဘက်က တောင်တွေ ပေါတယ်။ ရေတွင်းရေကန်လည်း မရှိဘူး။ ရေက တအား ပြတ် နေမှာပေါ့။ လူတွေ ဖြတ်သွားတဲ့အခါ အဓိက က ပျားတွေပေါ့။ အုံလိုက်ကြီး ပျံလိုက်လာကြတာ၊ တုတ်တာလည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ချွေးကို လာလာပြီး စုပ်ကြတာကို သတိထားမိကြတာ" လို့ ကျောက်ပန်းကုန်းရွာသူ မချိုလေးခိုင်က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ရွာက လူတွေ စုပြီး ထော်လာဂျီနောက်တွဲယာဉ်ပေါ်မှာ ၅ ဂါလံ ၆ ဂါလံ ရေပုံးနဲ့ လူအချို့ကို တင်ဆောင်ပြီး ရွာကနေ မိုင် ၂၀ ကျော် ဝေးတဲ့ မဟာမြိုင်တောမှာ ရေသွားတိုက်ခဲ့ကြတယ်လို့ သူ က ဆိုပါတယ်။

တိရစ္ဆာန်ငယ်လေးတွေ ရေပြတ်လပ်လို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ဒေသခံတချို့ စုပေါင်းပြီး ရေသွား တိုက် ကြပါတယ်
မဟာမြိုင်တောထဲမှာ တိရစ္ဆာန် ကြီးကြီးမားမား မရှိပေမယ့် ရေသွားတိုက်ချိန်မှာတော့ ပျားတွေ အပြင် လိပ်ပြာတွေ၊ ရှဥ့်လေးတွေ၊ တောကြက်ပါ ရေလာသောက်ကြတာကို တွေခဲ့တယ်လို့ မချိုလေးခိုင်က ပြောပါတယ်

ကျောက်ပန်းကုန်းရွာက ချင်းတွင်းမြစ်နဲ့ ၁ မိုင် ကျော် ကွာဝေးပြီး မဟာမြိုင် တောတန်းက ရွာနဲ့ မိုင် ၂၀ ကျော် ဝေးတယ်လို့ သူက ဆိုပါတယ်။အခလို ဖြစ်ရပ်မျိုး အရင်နှစ်တွေက မကြုံဘူးဘဲ ဒီနှစ်မှသာ ကြုံတွေ့ရလို့ တိရစ္ဆာန်ငယ်တွေနဲ့ ပျားတွေ ကို ရေသွားတိုက်ဖြစ်တာလို့ မချိုလေးခိုင်က ပြောပါတယ်။

ရေသွားတိုက်တာလည်း တစ်ကြိမ်သာ ရှိပြီး ရာသီဥတု ဆက်ပူပြင်းရင် ရေ ထပ်မံသွားတိုက်ဖို့ စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။

ရေတိုက်ရာမှာလည်း တိရစ္ဆာန်ငယ်တွေနဲ့ အင်းဆက်တွေက အကောင်သေးလို့ ရေနစ်မသေအောင် ယူဆောင်သွားတဲ့ မြေအိုးလွတ်ကို ခွဲပြီး အဲဒီမြေအိုးကွဲ ခွက်ငယ်လေးတွေနဲ့ ထည့်တိုက်ခဲ့တယ်လို့ မချိုလေးခိုင်က ပြောပါတယ်။

 ရွှေစက်တော် ဘေးမဲ့တောအတွင်း မှာလည်း ရေခမ်းခြောက် ပြတ်လပ်ကုန်လို့ မကွေးတိုင်း၊ သစ်တောဦးစီးဌာနက တောတွင်းက ရေကန်တွေမှာ ရေသွားဖြည့်ပေးရ
အလားတူပဲ မကွေးတိုင်း ရွှေစက်တော် ဘေးမဲ့တောအတွင်း မှာလည်း ရေခမ်းခြောက် ပြတ်လပ်ကုန်လို့ မကွေးတိုင်း၊ သစ်တောဦးစီးဌာနက တောတွင်းက ရေကန်တွေမှာ ရေသွားဖြည့်ပေးနေတာကို တွေ့မြင်ရတယ်။

ရွှေစက်တော် ဘေးမဲ့တောအတွင်းမှာတော့ တောရိုင်းတိရစ္ဆာန်ငယ်တွေ အပြင် အထူးသဖြင့် ရွှေသမင်တွေ ကျက်စားနေထိုင်ရာ တောလည်း ဖြစ်ပါတယ်။

တောရိုင်း တိရစ္ဆာန်ငယ်တွေနဲ့ ရွှေသမင်တွေ ရေသောက်ဖို့ တောတွင်းမှာပဲ ရှိတဲ့ သဘာဝရေကန်မှာပဲ ရေသွားဖြည့် ရတာက တိရစ္ဆာန်တွေဟာ ရေသောက်ပြီး ရေစိမ်ရွှံလူးကြတာကြောင့် သဘာဝရေကန်တွေမှာပဲ ရေဖြည့်ကြရာလို့ မကွေးတိုင်း၊ သစ်တောဦးစီးဌာနက ပြောပါတယ်။

ရွှေသမင်တွေ အတွက် ရေဖြည့်ပေးတဲ့ ရေကုသိုလ်ကို မေလ ၁၂ ရက်က ရွှေစက်တော် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ရုံးချုပ်က စုပေါင်း လှုဒါန်းလုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

အခု မေလအတွင်းမှာကို ဆက်ပြီးတော့ ပူပြင်းဦးမယ်လို့ မိုးလေသဝနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ပြောထားပါတယ်။

ဒီရက်တွေမှာလည်း အပူချိန် ပြန်လည် မြင့်မားလာလို့ အခြေအနေကြည့်ပြီး တိရစ္ဆာန်ငယ်တွေနဲ့ အင်းဆက်တွေ ရေသောက်သုံးနိုင်ဖို့ ဆက်လက်ပြီး ရေသွားလှုပေးဖို့ ရှိတယ်လို့ ကျောက်ပန်းကုန်းရွာသူ မချိုလေးခိုင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com

No comments:

Post a Comment