Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 11, 2019

“သူ လိမ်နေတယ်” ထပ်အပြောခံမှာလား




“သူ လိမ်နေတယ်” ထပ်အပြောခံမှာလား

 
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်တွင် တိုင်းအစိုးရအဖွဲ့၏ ဖြေရှင်း ချက်များထဲမှ လူထုကြား ပြောစမှတ်တွင် သော စကား ၂ ခွန်း ရှိခဲ့သည်။

“မဟုတ်ဘူးအမေ သူလိမ်နေတာ”

“ကျွန်မတို့ ခေါ်ခေါ် ညှိနေပါတယ်”

ထိုစကားနှစ်ခွန်းက တစ်ပြည်လုံး ပြန့်သွားသည်။ ကာတွန်းဆရာတို့က ထိုစကားတို့ကို အခြေခံကာ သရော်ကြသည်။

“မဟုတ်ဘူး အမေ သူလိမ်နေတာ”ဆိုသည့်စကားမှာ ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါးနောက်ပိုင်းတွင် ဒေါ်စုဟုသုံးပါမည်)၏ မြိတ်လူထုတွေ့ဆုံပွဲတွင်  ဒေသခံတစ်ဦးက ပြောခဲ့သည့် စကားဖြစ်သည်။

ထိုဒေသခံက မြိတ်ငါးလေလံဈေး ကြန့်ကြာနေမှုကိစ္စ မေးသည်။ ဒေါ်စုက တိုင်းအစိုးရကို ဖြေခိုင်းသည်။ သက်ဆိုင် ရာ တိုင်းဒသကြီး ၀န်ကြီးက ထဖြေသည်။

“ပါတီ ၁ ပါတီ ၂ နဲ့ ဟိုး အရင့်အရင် စစ်အစိုးရလက်ထက်ကတည်းက လုပ်ထားပါတယ်ခင်ဗျ…”

“တရား ဖြစ်နေပါတယ်ခင်ဗျာ၊ တရားရင်ဆိုင်နေပါတယ် ခင်ဗျ”

ဒေါ်စု နားမလည်၊ သဘောမပေါက်ပါ။ နားမလည် သဘောမပေါက်သည်က တိုင်းရင်းသားသံဝဲနေခြင်းကြောင့် မဟုတ်။ ထိုဝန်ကြီး လေသံက ဗမာတိုင်း နားလည်သည့်လေသံ ဖြစ်သည်။ စကား နားလည်သော်လည်း အကြောင်းအရာ နားမလည် သဘောမပေါက်။

ကျွန်တော်တို့ တိုင်းတွင်းသားများ လည်းနားမလည်။ ဘယ် ပါတီ ၁၊ ပါတီ ၂ လဲ။ ငါးလေလံဈေးကို ဘယ်ပါတီကမှ လုပ်နေခြင်းမဟုတ်။ နိုင်ငံခြားကုမ္ပဏီ တစ်ခု၊ မြန်မာကုမ္ပဏီ တစ်ခုနှင့် အစိုးရတို့ အကျိုးတူ ပူးပေါင်း ဖော်ဆောင်နေခြင်း ဖြစ်သည်။

ဒေါ်စု ထပ်မေးသည်။ ၀န်ကြီး ထပ်ဖြေ သည်ကလည်း နားမလည်ပြန်။

“ဘယ်လို ခေါ်မလဲ ငါးလုပ်ငန်းဦးစီး ဌာန ပါတီ ၁ နဲ့ တရား ဖြစ်နေပါတယ်”

ဒေါ်စုက “ပြောတာ နာမလည်ဘူး” ဟု ဆိုကာ ထပ်မေးရသည်။

ဝန်ကြီး၏ ဗမာစကားကို ဒေါ်စုအဖွဲ့ မှ ဗမာလို ဘာသာပြန်ရသည်။

ဒေါ်စုက သူဘောပေါက်သည့် အတိုင်း မေးခွန်းမေးသည့် ဒေသခံကို “၀န်ကြီးပြောတာ ဟုတ်ရဲ့လား”ဟု လှမ်း မေးသည်။

ထိုအခါ ဒေသခံက ပြန်ပြောသည်။

“မဟုတ်ဘူး အမေ သူလိမ်နေတာ”

ထိုအခါ ပရိသတ်က လက်ခုပ်တီးသည်။ လက်ခုပ်သံများက ထိုဝန်ကြီးအတွက် မဟုတ်သည်က သေချာသည်။ ယင်း စကားသည်လည်း  မြန်မာ ကျော်သွားသည်။

ဘာကြောင့် ကြော်ကြားပါသနည်း။

ဝန်ကြီး လိမ်နေသည်ဟူသည့်စကားကို တိုးတိုးသက်သက် နောက်ကွယ်တွင် ပြောခံရခြင်းမျိုးမဟုတ်။ နိုင်ငံအ၀ှမ်း အာရုံအစိုက်ခံ နေရသည့် နိုင်ငံ့ ခေါင်းဆောင်၏ ခရီးစဉ်တွင်၊ နိုင်ငံ့ခေါင်း ဆောင်ရှေ့တွင် ထိုဝန်ကြီးနှင့် အစိုးရအဖွဲ့ ကိုရှေ့တွင်၊ ကင်မရာပေါင်းစုံရှေ့တွင် ဒေသခံတစ်ဦးက တိုက်ရိုက် ပြောခဲ့ခြင်း ကြောင့် ဖြစ်သည်။

ဒုတိယစကား “ကျွန်မတို့ ခေါ်ခေါ် ညှိနေပါတယ်” က ဒေါ်စု၏ ကော့သောင်း ခရီးစဉ်တွင် ၀န်ကြီးချုပ် ပြောခဲ့သည့် စကား ဖြစ်သည်။

ဒေသခံတစ်ဦးက ဆီအုန်းခြံတစ်ခုက လမ်းပေါ်တွင် စစ်ဆေးရေးဂိတ်များ ချထားပြီး ညဘက် ဖြတ်သန်းခွင့် မပေး သဖြင့် ယင်းလမ်းကို မှီခိုနေသည့်ရွာများ အခက်အခဲရှိနေကြောင်း တင်ပြသည်။

ဒေါ်စုက စီပွားရေးကုမ်္ပဏီတစ်ခုဖြစ် သည့် ဆီအုန်းခြံက စစ်ဆေးရေးဂိတ် လုပ်ခွင့်ရှိ/မရှိ ၀န်ကြီးချုပ်ကို ဖြေခိုင်းသည်။

“သူ့ခြံဧရိယာဆိုပြီးတော့ လမ်းကို ပိတ်ထားပါတယ်၊ ဟိုဘက်မှာ ရွာ ၁၀ ရွာ ရှိပါတယ်၊ ကျွန်မတို့ သီးသန့် လမ်းပြန် ဖောက်ဖို့ ဆိုတာကလည်း သိပ်ရှည်နေပါ တယ်။ မိုင် ၃၀ ကျော်…”

ဒေါ်စုက အဲနေရာတွင် ဖြတ်ပြော သည်။ ကုမ်္ပဏီတွင် စစ်ဆေးရးဂိတ်လုပ်ခွင့် ရှိ/မရှိ ထပ်မေးသည်။

ထိုအခါ ၀န်ကြီးချုပ်က “မရှိပါဘူး” ပြန်ဖြေသည်။ ဒေါ်စုက မရှိရင် ဘာလို့လုပ် နေလဲ မေးသည်။ ထိုအခါတွင် ၀န်ကြီးချုပ် ပြန်ဖြေသည့် စကားက လူထုကြားရေပန်း စားသွားသည်။

“ကျွန်မတို့ ခေါ်ခေါ်ပြီး ညှိနေပါ တယ်”

ဒေါ်စုက ကုမ္ပဏီတွင် လုပ်ပိုင်ခွင့်မရှိလျှင် ညှိစရာ မလိုဟုပြောသည်။ ယင်းစစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းရန် မှာကြားသည်။ ပရိသတ် လက်ခုပ်သံက ဒေါ်စု၏ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ကြပြီး ၀န်ကြီးချုပ်၏ ခေါ်ခေါ်ညှိနေပါ တယ်ကို သရော်လိုက်ကြသည်။

လူအများ ထင်မြင်ယူဆ ပြောဆိုကြ သည်မှာ “ကိုယ်မှန်လျက်နှင့် ကုမ်္ပဏီကို ဘာကြောင့် ခေါ်ခါ် ညှိနေရလဲ” ဟူ၍ ဖြစ် ပါသည်။

အထက်ပါ အဖြစ်အပျက် နှစ်ခုစလုံး အပြင် ဒေါ်စု၏ တိုင်းခရီးစဉ်အတွင်း အခြားမေးခွန်းအချို့ကို တိုင်းအစိုးရ ဖြေဆိုရာတွင်လည်း အဆင် မချောခဲ့ပါ။ ထားဝယ်တွင်မူ ဒေါ်စုက တိုင်းအစိုးရအဖွဲ့ ကို မဖြေခိုင်းတော့။

ဒေါ်စု အပြန် နေပြည်တော်ရောက်ပြီး ညတွင်းခြင်းပင် နိုင်ငံတော်၏ အတိုင်ပင်ခံ ရုံးက ထုတ်ပြန်သည်။

“ပြည်သူနှင့် ထိတွေ့မှုနည်းပါးသော တိုင်းအစိုးရအဖွဲ့”

“ပြည်သူလူထု ကျေနပ်မှု အနည်းဆုံး မှာလည်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့”

ရှက်ရပါသည်။ ရှက်လှပါသည်။ ဒေါ်စု ခရီးစဉ်အတွင် ဘာကြောင့် ယင်းသို့ ဖြစ်ခဲ့ရသည်ကိုလည်း စောကြောမိပါ သည်။

၁) အိမ်စာ မကြေ

တိုင်းအစိုးရအဖွဲ့ အမှန်ပင် အိမ်စာ မကြေပါ။ မိမိတိုင်းအတွင်း ဖြစ်နေပျက် နေသည်များကို ပိုင်ပိုင်နိုင်နိုင် မသိထားပါ။ သိအောင် မလုပ်ထားပါ။ မည်သည့် အခန်းကဏ္ဍကိုမျှ လူထုအဆာပြေအောင် ဖြေဆိုနိုင်ခဲ့သည်ကို မတွေ့ရပါ။

၂) ကြိုတင်ပြင်ဆင်မှု မရှိ

ကြိုတင် ပြင်ဆင်မှုများလည်း လုပ် မထားပါ။ ယခု လူထုတွေ့ဆုံပွဲများတွင် ဒေသခံများဆီမှ မည်သည့် မေးခွန်းများ တက်လာနိုင်သည်ကို ကြိုတွက် ပြင်ဆင် ထားမှု မရှိပါ။ ယင်းကို မေးခွန်းများ ပြန် လည် ဖြေကြားရာတွင် ဝေ့လည်ကြောင်ပတ် နိုင်လွန်းနေခြင်း၊ ရှင်းရှင်းလင်းလင်း မဖြေ နိုင်ခြင်းတို့က သက်သေခံနေသည်။

လူထုဆီမှ မည်သည့်မေးခွန်းများ တက်လာနိုင်သည်၊ ယင်းမေးခွန်းများကို အချောမွေ့ဆုံး မည်သို့ ပြန်ဖြေမည်ကို ကြို ကြိုတင်ပြင် ဆင်မှုသာ ရှိနေခဲ့လျှင် ဤမျှ အရှက်မကွဲနိုင်ပါ။

၃) ရှင်းလင်းတင်ဆက်ပုံ အားနည်း

တိုင်း၏ အမြင့်ဆုံး အစိုးရအဖွဲ့အနေ ဖြင့် ဤမျှ ရုပ်ပျက်ဆင်းပျက် အားနည်း လိမ့်မည်ဟု မမျှော်လင့်ခဲ့ရိုး အမှန်ပါ။

စကားလုံးများကလည်း ဧည့်သည် မဆိုထား ကိုယ့်အချင်းချင်းပင် နားမလည်။ ဥပမာ – ပါတီ ၁၊ ပါတီ ၂။ ဘာကြောင့် ထိုသို့ သုံးနှုန်းရသည်ကို မတွေးတတ်ပါ။ လူထုရော ဒေါ်စုပါ ချက်ချင်းနားလည်းရန် မည်သည့်စကားလုံး သုံးစွဲသင့်သည်ကို မသိသည်မှာ ၀န်ကြီးတစ်ပါး၏ မဟာအားနည်း ချက် မဟုတ်လေလော။ ရှက်ဖွယ်လိလိပင်။

ရှင်းလင်းရာတွင်လည်း လိုရင်း မရောက်ဘဲ ၀ိုက်ထွက်သွားသည်။ ထမင်းစားပြီးပြီးလားမေးလျှင် ဒီနှစ်စပါး အထွက်နည်းသည်၊ စပါးကြိတ်စက်က ညံ့သဖြင့် ဆန်ကြေသည်ရက စသလို ဖြစ်နေသည်။ ဒေါ်စုကပင် ခဏခဏ စကားဖြတ်ကာ ပြောနေရသည်။

ဥပမာ- ၀န်ကြီချုပ် နာမည်ကြီးသွား သည့် ခေါ်ခေါ်ညှိနေပါသည်ကိစ်္စ။

ဂိတ်လုပ်ခွင့်ရှိသလားမေးသည်။

ရှိသည်/မရှိပါ တမ်းဖြေရမည် မဟုတ်လော။

“သူ့ခြံဧရိယာဆိုပြီးတော့ လမ်းကို ပိတ်ထားပါတယ်၊ ဟိုဘက်မှာ ရွာ ၁၀ ရွာ ရှိပါတယ်၊ ကျွန်မတို့ သီးသန့် လမ်းပြန် ဖောက်ဖို့ ဆိုတာကလည်း သိပ်ရှည်နေပါ တယ်။ မိုင် ၃၀ ကျော်….”

ဘယ်အထက်လူကြီးက ထိုအဖြေမျိုး ကို စောင့်နေရန် အချိန် မရှိတတ်။(ကိုယ့် လက်အောက်ငယ်သားများသာ ပြန်မပြော သာ၍ အောက်အီးသည်းခံ နားထောင်နေ မည်။)

ဝန်ကြီးချုပ် ဖြေသည်က မှန်သင့် သလောက် မှန်သည်။

ထိုဆီအုန်းကုမ္ပဏီက သူ့ခြံတွင်း လမ်းကို သူ့ဘာသာ ဖောက်ထားသည်။ ထိုခြံလမ်းကို ရွာသားများ သွားလာလိုသည် ဆိုသဖြင့် ကုမ္ပဏီဘက်မှ သွားခွင့်ပြုသည်။ သို့သော် ရွာသားများ တစ်ခုခု လုပ်မည် စိုးသဖြင့် လမ်းတွင် ဂိတ်များချထားသည်။ (ရွာသားများကို ကြောက်နေသည်မှာ ထို ဆီအုန်းခြံနှင့် ရွာသားတို့ မြေယာပိုင်ဆိုင်ခွင့်အငြင်းပွားမှုကြောင့် ဖြစ်ပြီး ယခုထိ အငြင်း ပွားနေဆဲ ဖြစ်သည်)။ ဖြတ်လိုလျှင် ထိုကုမ်္ပဏီဂိတ်စောင့်ထံ သတင်းပို့ရသည်။ ထိုဂိတ်သည် လက်နက်တကားကားဖြင့် ဟိုရှာ၊ ဒီရှာ လူလမ်းဆင်းလျှောက် မှတ်ပုံတင်စစ်၊ လက်ဖက်ရည်ဖိုးတောင်း နေသည့် စစ်ဆေးရေးဂိတ် မဟုတ်။ မည်သည့်ရွာသား မည်သည့်အချိန် ဖြတ် သွားသည်ကို သိရှိမှတ်သားဖြစ်သည်။(စာရေးသူကိုယ်တိုင် ဆိုင်ကယ်ကယ်ရီ အဖြစ် ဖြတ်ဖူးပါသည်။)

သူ့ခြံလုံခြုံရေးအတွက် လုပ်ထား သော ဂိတ်ဖြစ်သည်။ လမ်းမှာလည်း သူ့ခြံအတွက် သူ့ဘာသာဖောက်ထားသော ခြံကိုယ်ပိုင် လမ်းဖြစ်သည်။ ခြံများတွင် ကိုယ်ခြံလုံခြုံရေး ဂိတ်လုပ်ခွင့် ရှိ/မရှိက မြို့ပြတွင် ကိုယ့်အိမ်ဝင်းရှေ့တွင် လုံခြုံရေး ဂိတ်ထားကြသည်နှင့် စံထိုးကြည့်နိုင်သည်။

“ခေါ်ခေါ် ညှိနေသည်”ဆိုသည့် ကိစ်္စမှာ သိန်းသောင်းချီ ထိုဆီအုန်းခြံ လုပ်ပိုင်ခွင့် ချထားပေးသည်မှာ ဗဟိုအစိုးရ ဖြစ်သည်။ ဗဟိုအစိုးရ ချထားပေးသော ခြံထဲမှ သူ့ဘာသာ ဖောက်ထားသော လမ်းကို “ဂိတ်မလုပ်နဲ့ ဖွင့်ပေးလိုက်”ဟု တိုင်းအစိုးရတွင် ပြောနိုင်ရန် အခွင့်အာဏာ မရှိပါ။

ထိုရွာများသည် ကော့သောင်းနှင့် ဘုတ်ပြင်းကြား ကမ်းရိုးတန်းရွာများဖြစ်ပြီး ထိုခြံ ထိုလမ်း မရှိမီက ရွာသားတို့က ရေလမ်း ခရီးသာ သွားကြသည်။ ထိုလမ်းပေါ်လာ သောအခါ အမှတ် ၈ လမ်းမကြီးပေါ်သို့ ကုန်းလမ်းမှ သွားလာခွင့်ရလာသည်။ ထိုသို့ဆို၍ ရွာသားများက ခြံရှင်ကိုပင် ကျေးဇူးတင်ရမည်ဟု မဆိုလိုပါ။

ရွာသားတို့၏ ဓါးမဦးချ ဥယာဉ်ခြံ မြေများကို အဓမ်္မ ၀င်ဖျက်ဆီးကြောင်း၊ ည ဘက် မီးထုတ်ပစ်ခံရကြောင်း ရွာသားတို့ က ပြောကြသည်။ နောက်ပြီး ထိုလမ်းကို ညဘက် ဖြတ်ခွင့် မပြု။ ထိုအခါ ညရေးည တာ ကျန်းမာရေး၊ လူမှုရေး ကသီလင်တ ဖြစ်ရသည်။ လက်ရှိအချိန်ထိ ထိုရွာများ ကို ပြည်သူပိုင်လမ်း ဖောက်ပေးရန် အစိုးရက ဘက်ဂျက်လျာထားခြင်း မရှိ သေး။

ထိုပြသနာကို ပေါ်လွင်အောင် ရှင်း လင်း တင်ပြရန်မှာ ၀န်ကြီးချုပ်တစ်ဦး၏ အလုပ် မဟုတ်ပါလော။

၎) ဗဟိုအကြောက်ရောဂါ

တိုင်းအစိုးရအဖွဲ့၏ ဧရာမအားနည်း ချက်ကြီး ဖြစ်သည်။ တွေ့ဆုံးပွဲအားလုံးကို ဆ၀ါးကြည့်လျှင် ဗဟိုကို ကြောက်လွန်း နေသည်။ ဒေါ်အောင်ဆန်းစုကြည် ငြိုငြင်သွားမည်ကို စိုးရိမ်လွန်းသည့် ရောဂါ စွဲနေသည်။

ထိုရောဂါကြောင့်ပင် အထက်ပါ အခင်းအကျင်းတို့ ဖြစ်ပျက်ကာ ကိုယ့် တိုင်းသားများရှေ့ တိုင်းအစိုးရတစ်ဖွဲ့လုံး ရုပ်ပျက်ဆင်းပျက် အရိုသေတန်ခဲ့သည်။

အချုပ်ဆိုသော်၊

တိုင်းအစိုးရအဖွဲ့သည် အိမ်စာမကျေ ခြင်း၊ ကြိုတင် မပြင်ဆင်ခြင်း၊ ရှင်းလင်း တင်ပြပုံ ညံ့ခြင်း၊ ဗဟိုအကြောက်လွန် ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့၊ တိုင်းသူတိုင်းသားများရှေ့ စာမေးပွဲကျ အရှက်တကွဲ ဖြစ်ခဲ့ရသည်။

ထို့အတူ..၊ ယခင့်ယခင်က တိုင်း အစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သော လူထုတွေ့ဆုံပွဲဆိုသည်များအတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

လုပ်ပြီးသမျှ လူထုတွေ့ဆုံပွဲများတွင် ထိုမေးခွန်းများကို မည်သို့ ဖြေခဲ့သနည်း။

ထိုသို့မေးခွန်းများ မေးမြန်းခွင့် မပြုဘဲ။ ထိုသို့မေးနိုင်သူများကို တွေ့ဆုံပွဲ တက်ခွင့် မပြုဘဲ “အားလုံးကောင်းပါ သည်ခင်ဗျား” ဟန်ပြတွေ့ဆုံပွဲများသာ ကျင်းပခဲ့လေသလော။

ဒေါ်အောင်ဆန်းစုကြည်က တိုင်း အစိုးရအဖွဲ့ဝင်များ လုပ်ဆောင်နေမှုများကို ပြည်သူလူထု မသိခြင်း၊ ပြည်သူလူထု၏ မေးခွန်းများကို တိုင်းအစိုးရ မဖြေနိုင်ခြင်း တို့မှာ ပြည်သူနှင့် အစိုးရ ကင်းကွာ၍ ဖြစ်ကြောင်း ပြောခဲ့သည်။

ပြည်သူများနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်၊ ယင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို အစီရင်ခံစာ တင်ပြရန် အလေး အနက် ထားမှာကြားလိုကြောင်း၊ ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်း ပြင်းထန်ထန် ကိုင်တွယ်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

သို့ကြောင့် ဗဟိုကြောက် တိုင်းအစိုးရ ၏ လူထုတွေ့ဆုံပွဲများ မကြာမီ ပေါ်ပေါက်လာတော့မည်ဟု ယူဆပါသည်။

ထိုတွေ့ဆုံပွဲများတွင် တိုင်းသား တို့ရှေ့ ထပ်မံအရှက်မကွဲရစေရန်အတွက် ဖြစ်ပြီးသမျှ သင်ခန်းစာယူရပါလိမ့်မည်။

အိမ်စာလုပ်ပါ၊ ကြိုတင်ပြင်ဆင်ပါ၊ လူထုလိုအင်နှင့် ပြဿနာအရင်းအမြစ်ကို သိအောင်လုပ်ပါ၊ ရှင်းလင်းတိကျစွာ ပြောဆိုတတ်အောင်လေ့ကျင့်ပါဟု အကြံ ပြုချင်သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် စာမေးပွဲ အောင်ချင်ယုံဖြင့် ဟန်ပြကြိုးစား လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တာဝန် သိ၊တာဝန်ကျေ၊ တာဝန်ယူ၊တာဝန်ခံတတ်သောအစိုးရတစ်ရပ် ဖြစ်ကြောင်း ဂုဏ်ယူနိုင်ရန်၊ သမိုင်းမှတ်ကျောက်တင် နိုင်အောင် လုပ်ဆောင် စေချင်ပါသည်။

သို့မဟုတ်ပါကရ အရှက်ကွဲလိမ့် မည်။

“သူ လိမ်နေတယ် အမေ” ဟု တိုင်းရင်းသားတို့ အကျယ်ကြီး အော်လိမ့်မည်။

                             မင်းခန့်

No comments:

Post a Comment