Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 10, 2019

အဆုံးသတ်မှာ တရုတ်သိမ်းသွားမယ့် ရန်ကုန်မြို့သစ်စီမံကိန်း


တရုတ်နိုင်ငံဟာ ရန်ကုန်မြို့သစ် စီမံကိန်း အမည်ခံပြီး မြန်မာပြည်က အာဏာကို ကိုင်ထား သူတွေနဲ့ ဘယ်လိုပေါင်းပြီး ဘယ်လို မတော်တရော်တွေ လုပ်ဖို့ ကြံနေတယ်ဆိုတာ ဒီ ဗီဒီယို သုံးခုကို အစဉ်လိုက် တစ်ခုပြီး တစ်ခု ကြည့်သွားပါ။ ရုပ်လုံးပေါ်လာပါလိမ့်မယ်။ သဘောပေါက် လာပါလိမ့်မယ်။ ဗီဒီယိုအားလုံးကို တော့ အစဉ်လိုက်ကြည့်သွားဖို့ လိုပါမယ်။

ဒီစီမံကိန်းကို ပြည်သိမ်းတရုတ်တွေနဲ့ ပေါင်းပြီး ဦးစွာ စတင်ခဲ့တာက အခု ဒု-သမ္မတဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေပါ။ သူ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်ခဲ့ချိန်ကပါ။ ယခင် ဗိုလ်ချုပ်ကြီးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာလို့ မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ်ပြီး ဆောင်ရွက်မလားလို့ အားလုံးကမျှော်လင့်နေကြချိန်မှာပဲ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ဂ်ျပန်း ကို ဦးစီးခိုင်းပြီး စီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ ၀န်းကြီး ချုပ် ဦးဖြိုးမင်းသိန်း ကခွင့်ပြုခဲ့ပြန်ပါတယ်။

တကယ်တော့ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ဂ်ျပန်း ဟာ ဗမာစကားကို ကောင်းမွန်စွာ ပြောနေပြီး တိုက်ပုံဝတ်ထားပေမယ့် တရုတ်နိုင်ငံသားပဲ ဖြစ်ပါတယ်။ တရုတ်-ဗမာ လူမျိုးရေး အကြမ်းဖက်သတ်ဖြတ် အဓိကရုန်း ဖြစ်ခဲ့တဲ့ ၁၉၆၇ ခုနှစ်၊ သူ ရှစ်တန်းကျောင်းသားဘ၀မှာ မိသားစု လိုက် ရန်ကုန်ကနေ တရုတ်ပြည်ကို ထွက်ပြေးသွား၊ မော်စီတုံး ရဲ့ မဟာခုန်ပျံကျော်လွှား ယဉ်ကျေးမှုတော်လှန်ရေးအတွင်း စိတ်ဓာတ်ပြုပြင်ရေး ကွန်မြူနစ် စုပေါင်းဘုံလယ်ယာစခန်း တစ်ခုမှာ နှစ်အတန်ကြာ လေ့ကျင့်ပေးမှု ခံယူခဲ့ရ၊ အဲဒီကမှ ဟောင်ကောင်ကို ကူးသွား၊ ပြီးတော့ ဘီလီယံနာ ဆောက်လုပ်ရေး လုပ်ငန်းရှင်၊ ဘဏ်လုပ်ငန်းရှင်ကြီး ဖြစ်လာ၊ ကြီးပွားလာ၊ မြန်မာပြည်ကိုပါ သူ့လုပ်ငန်းလက်တံ ချဲ့ထွင်လာ၊ ဒါအကျဉ်းချုပ်ပါ။ ချုပ်ပြောရရင် ယခုထိ တရားဝင် တရုတ်နိုင်ငံသား၊်ဟောင်ကောင်နယ်သား လုပ်ငန်းရှင် တစ်ယောက်သာ ဖြစ်ပါတယ်။

ထိုထိုသို့သော အထက်ပါ အကြောင်းများကို ၁၉၉၀ကျော် ကာလများက သူကိုယ်တိုင် မြန်မာ့ဓန မဂ္ဂဇင်း နှင့် အင်တာဗျူးတွင်ဖော်ပြခဲ့သည်ကို မှတ်မိနေသေးသည်။

မစ္စတာ ဆာ့ဂ်ျပန်းဟာ မည်သည့်နိုင်ငံ အကျိုးစီးပွားအတွက် သူ ပထမဦးစားပေးလုပ်မည် ကိုကား ပြောစရာပင်မလို။ပုံစံတစ်မျိုးဖြင့် မြန်မာနိုင်ငံသား မှတ်ပုံတင် ပြန်ယူထားလျှင်တော့ မပြောတတ်။ ထိုသို့ယူထားပါလျှင်လည်း ပိုပြီး အန္တရာယ် ရှိသည့် အနေအထား ဟုပင် မှတ်ယူနိုင်ပါသည်။

တရုတ်ပြည်ဟာ ဧရာဝတီမြစ်ဆုံ စီမံကိန်းလို၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ၊ ကူမင်း-ကျောက်ဖြူ ရထား လမ်း၊ ကားလမ်း စီမံကိန်းတွေ၊ အခု ရန်ကုန်မြို့သစ် စီမံကိန်းတွေလို အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ မဟာ့မဟာ အကြီးစားစီမံ ကိန်းကြီးတွေကို သူတို့ဟာသူတို့ ရေးဆွဲလာပြီး မြန်မာပြည်နဲ့ ဖက်စပ် လုပ်ဖို့ဆိုပြီး ဖန်တီးလာပါတယ်။

ဆင်းရဲချို့တဲ့တဲ့ မြန်မာပြည်ဟာ ဒီလောက်များပြားတဲ့ ငွေကြေးတွေကို သူတို့နဲ့ အကျိုးတူ ပူးပေါင်းပြီး မစိုက်ထုတ်နိုင်ပါ။ ဒီတော့ သူတို့စိုက်ထား ရတဲ့ ငွေကြေးတွေ ဒေါ်လာဘီလီယံပေါင်းများစွာ အတွက်တစ်နှစ်မှာ ငွေ တစ်ရာ ကို အတိုးနှုန်း ၁၃ကျပ်လောက်ထိ များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ ချေးတယ် ဆိုပြီး လုပ်ပါတယ်။ ဒီအတိုးနှုန်းဟာ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိ တဲ့ မြင့်မားလှတဲ့နှုန်းထားတွေ ဖြစ်ပါတယ်။ မူလ အရင်းငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်မဆပ်နိုင်သေးသမျှ အတိုးပေါ်အတိုးဆင့် နေ့တိုး၊ လတိုး၊နှစ်တိုး ၊ မူးတိုး၊ မတ်တိုး၊ ကျပ်တိုး ဆိုတဲ့ မတရားအတိုးတွေ နေ့စဉ် တက်နေမယ် ဆိုတာကို သတိပြုကြပါ ခင်ဗျာ။

မြန်မာနိုင်ငံလိုနိုင်ငံဟာ အရင်းပြန် ဆပ်နိုင်ဖို့ မဆိုထားဘိ၊ အတိုးတောင် ပြန်ဆပ်နိုင်မည့် အလားအလာ အလာ မရှိပါ။ နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း တွင်လည်း မည်သည့် စီးပွားရေးအလားအလာ မျှရှိမနေပါ။ ရေးရေးမျှပင်ရှိမနေပါ။

ဒီလိုစီးပွားရေးအလားအလာတွေ ဆိတ်သုဉ်းသွားအောင်လည်း မြန်မာနိုင်ငံမှာ ရခိုင်ပြဿနာလိုဟာမျိုးတွေ မဖြစ်ဖြစ်အောင် တစ်ဖက်လှည့်နဲ့ မီးမွှေးေ ပးပြီး မြန်မာပြည်နဲ့ နိုင်ငံတကာကို အဆက်ပြတ်အောင် လုပ်ထားပါတယ်။ လူမျိုးရေး၊ ဘာသာရေးပြဿနာတွေကိုလည်း သူတို့သဘောက်ကျွန် ကြေးစားအုပ်စုများကို အသုံးပြုပြီး မီးခိုးတလူလူ ဖြစ်အောင် မီးမွှေးပေးထားပါတယ်။

အနောက်အုပ်စု၊ ဂျပန်၊ ကိုရီးယားစတဲ့ ရင်းနှီးမြုပ်နှံသူတွေ မလာဝံ့ အောင်ဖန်တီးထားပြီးသား မြန်မာပြည်လိုနေ ရာမှာ သူက ကယ်တင်ရှင်လုပ်ပြီး အတိုးကြီးကြီးနဲ့ ငွေတွေထုတ်ချေး ပါတယ်။

ငွေကိုမချေးမဖြစ်ချေးရအောင်၊ ချေးပြီးရင် ပြန်မဆပ်နိုင်တော့အောင် ထောင်ချောက်ဆင်ထားတဲ့ အထက်ကလို စီမံကိန်းအကြီးစားကြီးတွေကို သူတို့ဟာသူတို့ ရေးဆွဲလာပြီးသားဖြစ်ပါတယ်။ မဆပ်နိုင်တဲ့ မကြာ မင့်မီ တစ်နေ့မှာတော့ အကြွေးကို လျှော်ပေးမယ် ဒါပေမဲ့ အဲ့ဒီနေရာတွေကို ၉၉နှ စ် အငှားစာချုပ်နဲ့ တရုတ်အစိုးရက လုံးဝထိန်းချုပ်သွားမယ် ဆိုပြီး လုပ်တတ်ပါတယ်။

သီရိလင်္ကာက မဟာဗျူဟာမြောက်ဆိပ်ကမ်း၊ အရှေ့အာဖရိက နိုင်ငံအေ တ်ာများများက လေဆိပ်တွေ ဆိပ်ကမ်းတွေကို ဒီနည်းသုံးပြီး ဒီအတိုင်းလုပ် သွားခဲ့တာ မျက်ဝါးထင်ထင် တွေ့ရပြီး ဖြစ်ပါတယ်။ စာတတ်ကြသော် လည်း ပညာဗဟုသုတ မျက်စေ့ အပွင့်နည်းကြတဲ့ မြန်မာပြည်သား အများ စုကြီးကတော့ ဒါတွေကိုမသိပါ။ တရုတ်အဖို့ကတော့ အဂတိလိုက်စားပြီး တိုင်းပြည်အပေါ် သစ္စာမရှိတဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်သူ စစ်တပ်ခေါင်းဆောင် တချို့ကို ကိုင်ထားနိုင်ရုံနဲ့ ဒါတွေကို လုပ်နိုင်ပါတယ်။ ကြိုက်သလိုကစားနိုင်ပါတယ်။ မြစ်ဆုံစီမံ ကိန်းကို တစ်တိုင်းပြည်လုံးက ဆန့်ကျင်နေကြပေမယ့် ယခင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်းသဘောနဲ့ စာချုပ်ချုပ်ခဲ့ပြီး တရုတ်ကို ထိုးရောင်းသွားခဲ့တာဟာ အထင်ရှားဆုံး သာဓကပါပဲ။

အခုရန်ကုန်မြို့သစ်စီမံကိန်းဆိုတဲ့ တရုတ်ကြွေးမြီထောင်ချောက် တစ်ခု နဲ့ ပတ်သတ်ပြီး ဒီစကားစစ်ထိုးဝိုင်းမှာ ဦးသိမ်းဝေ ခေါ် မစ္စတာ ဆာ့ဂ်ျပန်း အလဲဗင်းမီဒီယာက ပခုက္ကူသား သတင်းေ ထာက်ချုပ် ကိုဖြိုးဝေ ၊ နောက်ထပ်သတင်းစာဆရာ ကိုခိုင်မင်း နဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးဝင်းမျိုးသူတို့ ဆွေးနွေး သွားကြတာတွေ့ရမှာ ဖြစ်ပါတယ်။

အလဲဗင်းမီဒီယာဟာ ကုန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်နဲ့ အယူဝါဒမတူသူတွေပေါ် ထားတဲ့ သဘောထားရေး စတဲ့ ရေးရာတွေမှာ ဘက်လိုက်လှုံ့ဆော်တတ်တဲ့ မီဒီယာအဖြစ် ကမ္ဘာ မှာ အမည်ပေါက်သော်လည်း ယခု ယင်းတို့ထံမှ သတင်းထောက် တစ်ဦးအတွက် ဂုဏ်ယူရပါတယ်ခင်ဗျာ။

မစ္စတာ ဆာ့ဂ်ျပန်းဟာ အပေါ်ယံသကာဖုံးထားတဲ့ ထောင်ချောက်စီမံကိန်းကို ဘယ်လောက်ပင် အမွှမ်း တင်ပြောနေနေ သူ့စကားတွေဟာ အမြီးအမောက် မတည့်ဘဲ အဆုံးမှာတော့ ဒီစီမံကိန်းကြီကို ရှယ်ရာ ၇၅ရာခိုင်နှုန်းပိုင်ပြီး တရုတ်အစိုးရပိုင် CCCC ခေါ် China Communications and Constructions Company ကပဲ ထိန်းချုပ်သွားမယ်၊ မြန်မာ စည်ပင်က ထိန်းချုပ်မှာ မဟုတ်ဘူး ဆိုတာ သူ့စကားထဲကပဲ ပေါ်လာပါတယ်။

ဒီကြားထဲမှာပဲ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် က အကျောက်အကန် ကန့်ကွက်နေကြတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း ကို မဖြစ်ဖြစ်အောင်ကို လုပ်မယ်လို့ တရုတ်အစိုးရက မနေ့က တရားဝင် ပြောကြားလိုက်တာဟာလည်း ဘာသဘောလဲ ဆိုတာ စောကြောစရာပဲ ဖြစ်ပါတယ်။

သတင်းထောက် ကိုဖြိုးဝေ နဲ့ ဦးဝင်းမျိုးသူ တို့ကို သူတို့ပြောတဲ့စကားတွေ၊ သူတို့ ရဲရဲဝံ့ဝံ့မေးတဲ့ မေးခွန်းတွေ အတွက် အင်မတန်မှ လေးစားပါတယ်။ ခရက်ဒစ် ပေးပါတယ်။

ထင်ကျော်
၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်။

Videos credit : Renai Ssane

No comments:

Post a Comment