Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2019

အင်္ဂုလိမာလစက်ရုံ


လှိုင်သာယာ စက်မှုဇုန်ထဲမှာ အင်္ဂုလိမာလစက်ရုံလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့စက်ရုံတရုံကို ကြားဖူးကြပါသလား။
စက်ရုံရဲ့နာမည်ကို ဖော်ပြောပါမယ်။ ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာစေချင်တဲ့ ဆန္ဒမရှိတာမို့ နာမည်ကို ခြွင်းချန် လျှို့ဝှက်ဖို့ ပထမက စဉ်းစားပါသေးတယ်။ ဒါပေမယ့် အများပြည်သူသိမှလည်း အလုပ်သမားတွေရဲ့ နစ်နာမှုကို အကာအကွယ်ပေးနိုင်မှာမို့ နာမည်တပ်ပြီးပြောပါမယ်။ သူတို့ကို နစ်နာစေချင်လို့ မဟုတ်ကြောင်း ထပ်ပြောပါမယ်။ သူတို့နဲ့ မေဒေးကြားမှာ အချစ်ရော၊ အမုန်းရောမရှိပါဘူး။ ဘယ်လိုနည်းနဲ့မှ ပတ်သက်ဆက်နွှယ်မှုလည်း မရှိပါဘူး။ အလုပ်သမားတွေရဲ့ နစ်နာမှုကို အများပြည်သူသိစေချင်လို့၊ အလုပ်သမားတွေရဲ့ ဘေးကင်းလုံခြုံမှု အရေးကြီးကြောင်းကို အများပြည်သူရော တာဝန်ရှိသူတွေရော အာရုံစူးစိုက်စေချင်လို့သာ နာမည်ထုတ်ဖော်ပြောမှာဖြစ်ပါတယ်။

အဲဒီစက်ရုံရဲ့ နာမည်က မြန်မာမီဂါစတီးလ် စက်ရုံဖြစ်ပါတယ်။ စတီးလ်လုပ်ငန်းလုပ်ပါတယ်။ စတီးလ်ရှိ(တ်) လို့ခေါ်တဲ့ သံမဏိပြားတွေကိုလည်း ထုတ်လုပ်ပါတယ်။ အဓိကပြဿနာက အဲဒီစတီးလ်ရှိ(တ်) သံမဏိပြားတွေ ထုတ်လုပ်ရာမှာ ဖြစ်တာပါ။ အဲဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတော်တော်များများဟာ လက်ချောင်းလေးတွေ မတော်တဆ ထိခိုက်မှုဖြစ်ပြီး ပြတ်ထွက်ကုန်ပါတယ်။ ရာသက်ပန်ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုဖြစ်ကြရပါတယ်။ အလုပ်ထွက်ကြရပါတယ်။ ဘဝတစ်ခုလုံးစာ သိပ်နစ်နာဆုံးရှုံးရပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာဆိုရင် ဒေါ်လာသောင်းဂဏန်းတော်တော်များများကနေ သိန်းဂဏန်းတချို့အထိ လျော်ကြေးရနိုင်တဲ့ နစ်နာဆုံးရှုံးမှုကြီးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်နဲ့ မဆီလျော်တော့တဲ့ ဥပဒေတွေကြောင့် ဥပဒေနဲ့အညီရထိုက်တဲ့ လျော်ကြေးဟာ သိပ်နည်းနေပါတယ်။ ဒါကို ခေတ်နဲ့အညီပြုပြင်ပါ။ ဟိုရှေးရှေး ဆန်တပြီ ငွေတမတ်ခေတ်က လျော်ကြေးနှုန်းတွေကို ပြင်ဆင်ပြောင်းလဲပေးပါလို့ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက အကြိမ်ကြိမ်တောင်းဆိုကြပေမယ့် အခုထိမပြောင်းလဲကြသေးပါဘူး။ လွှတ်တော်အမတ်တွေကို တယောက်ဆယ်သိန်းပေးထားရတာ မတန်ဘူးလို့ပြောရမှာပဲ။ တနိုင်ငံလုံးမှာ ဒီလောက်များပြားတဲ့ လွှတ်တော်အမတ်ပေါင်းမြောက်များစွာရှိနေတာတောင် ဒီလောက်အရေးကြီးတဲ့ ဥပဒေတခုကို ပြုပြင် ပြဋ္ဌာန်းဖို့ အချိန်မပေးနိုင်လောက်အောင် ဘာတွေများအလုပ်ရှုပ်နေကြသလဲလို့ မေးရတော့မှာပဲ။

အခုလိုမျိုး အလုပ်သမားတွေမှာ အကြိမ်ကြိမ် မတော်တဆမှု ဖြစ်နေပြီ ဆိုရင် အဲဒီစက်ရုံမှာ ဘေးကင်းလုံခြုံမှု ဆိုင်ရာ ပြဿနာရှိနေပြီဆိုတာ သိပ်ထင်ရှားနေပါပြီ။ ဒါကို ကြည့်ရှုစစ်ဆေးဖို့လိုပါတယ်။ ဘေးကင်းလုံခြုံစိတ်ချရအောင်လုပ်ဖို့လိုပါတယ်။ ဘေးကင်းအောင်လုပ်တဲ့နည်းဟာ ရှိကိုရှိပါတယ်။ မရှိဘူး၊ ဘေးကင်းအောင် လုံခြုံအောင် မလုပ်နိုင်ဘူးဆိုရင်တော့ အဲသလိုစက်ရုံ အဲသလိုလုပ်ငန်းကို ပိတ်ပစ်သင့်ပါတယ်။ များသောအားဖြင့်ဖြစ်စဉ်တွေမှာက တကယ် ဘေးကင်းအောင် မလုပ်နိုင်ကြလို့ မဟုတ်ပါဘူး။ ကုန်ကျစရိတ်သက်သာအောင် ဘေးကင်းလုံခြုံရေးကို လျှော့ပေါ့လုပ်ထားတာ များပါတယ်။ အဲဒါမျိုးကို ကြည့်ကြပ်တဲ့လူမရှိရင် အလုပ်သမားတွေဘက်က သိပ်နစ်နာပါတယ်။

မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ တခြားလုပ်ငန်းအမျိုးအစားတွေလည်း ရှိကြပါတယ်။ ဥပမာ ဘက္ထရီအိုးလုပ်ငန်းလိုဟာမျိုးပါ။ ဘက္ထရီအိုးလုပ်ငန်းတွေမှာတော့ လုံခြုံရေးပြဿနာ သိပ်ဆိုးဆိုးဝါးဝါး ဖြစ်တာမျိုးမကြားမိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးဆိုင်ရာ အလွန်အန္တရာယ်ကြီးတဲ့ လုပ်ငန်းအမျိုးအစားဖြစ်တဲ့အတွက် ပုံမှန်စစ်ဆေးမှုရှိသင့်ပါတယ်။ အဲသလို ကျန်းမာရေးအန္တရာယ်ရှိတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ လစာလည်းပိုပြီး မြင့်မြင့်မားမားရသင့်ပါတယ်။ မြန်မာနိုင်ငံတွင်းက ဘက္ထရီကုမ္ပဏီတခုက လုပ်ငန်းတွင်းဆောင်ရွက်မှုတွေကို ပြင်ပထုတ်မပြောရဘူး အထူးလျှို့ဝှက်လို့စည်းကမ်းသတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။ နည်းပညာကို အထူးလျှို့ဝှက်ကန့်သတ်တာ ဖြစ်သင့်ပေမယ့် ကျန်းမာရေး၊ ဘေးကင်းရေး ကိစ္စတွေပါ လျှို့ဝှက်ခေါင်းစဉ်ထဲထည့်ထားတာကတော့ မသင့်တော်ပါဘူး။ အဲသလိုလုပ်ငန်းတွေမှာလည်း ကျန်းမာရေးပြဿနာနဲ့ ပတ်သက်ပြီး ကြပ်မတ်မှု စဉ်ဆက်မပြတ်ရှိသင့်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်္ဂုလိမာလစက်ရုံကိုတော့ ဘေးကင်းလုံခြုံရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးဖို့ တိုက်တွန်းချင်ပါတယ်။ အင်္ဂုလိမာလ ဓားပြကြီးလို အလုပ်သမားတွေရဲ့ လက်ချောင်းလေးတွေကို အလစ်မှာ ဖြတ်တောက်နေဆဲ ဆိုရင် လိုအပ်တဲ့ ပြုပြင်မွမ်းမံပြင်ဆင်မှုတွေ လုပ်ဖို့ရာ အာဏာပိုင်များက ဆောင်ရွက်ပေးစေချင်ပါတယ်။

No comments:

Post a Comment