Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2019

ပန်းမြောင်းရွာမှ အရပ်သားတစ်ဦး အိမ်ထဲတွင် ပစ်သတ်ခံရ



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ပန်းမြောင်းရွာဟောင်းရပ်ကွက်မှ ဦးမောင်အေးသိန်း (၅၆) နှစ် (ဘ) ဦးသာဘန်းဖြူကို ယမန်နေ့ည ၉ နာရီကျော်က အမည်မသိ သူ တစ်ဦးမှ သေနတ်ဖြင့် အိမ်ထဲ ၀င်ရောက်ပစ်သတ်သွားသည်ဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရခြင်းကို အတည်ပြုပြောကြားပြီး ဇန်န၀ါရီ ၂၂ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် သတ်ဖြတ်ခံရသည်ဟု ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ ကျွန်တော်ကို ရဲစခန်းမှူးက ဒီလို ပြသနာဖြစ်နေတယ်ဆိုပြီး အကြောင်းကြားတဲ့ အတွက် စခန်းမှူးနဲ့ အတူ အခင်းဖြစ်တဲ့ အိမ်ကို ည ၁၀ နာရီခန့်မှာ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ သေနတ်ဒဏ်ရာ ၅ ချက်ရပါတယ်။ တစ်ချက်က ညာဘက် နို့အုံနား တစ်ချက်၊ ရင်ညွှန့်မှာ တစ်ချက်၊ ၀မ်းဗိုက်မှာ ၂ ချက်နဲ့ ပေါင်မှာ တစ်ချက်၊ စုစုပေါင်း ၅ ချက် တွေ့ရပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။


ဇနီးဖြစ်သူအား စစ်ဆေးမေးမြန်းချက်အရ ဦးမောင်အေးသိန်းမှ ခြံတံခါးကို ပိတ်ရန်သွားစဉ် သေနတ်သမားမှ ၀င်ရောက်လာပြီး အနီးကပ် ပစ်ခတ်သွားသည်ဟု သူက ပြောဆိုသည်။

“ ဦးမောင်အေးသိန်းက သူရဲ့ လုပ်ဖော်ကိုင်ဘက် လူတွေနဲ့ စကားပြောပြီး ပြန်သွားတဲ့ အချိန်မှာ သူက ခြံတံခါးကို ပိတ်မလို့ သွားစဉ်မှာ လူတစ်ယောက်က ကိုမောင်အေးသိန်းလားဆိုပြီး ၀င်လာတယ်လို့ သူ့မိန်းမက ပြောပါတယ်။ ပီးတဲ့နောက် အနီးကပ် ပစ်ခတ်သွားတယ်လို့ ပြောပါတယ်။ သတ်တဲ့သူက ဘယ်သူဆိုတာလည်း မသိရသေးပါဘူး” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပစ်ခတ်သွားသည့် ကျည်ဆံအမျိုးအစားမှာ နိုင်းမမ ပစ္စတို ကျည်ဆံအမျိုးအစားဖြစ်ကြောင်း ရဲက ပြောသည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ပန်းမြောင်းရဲစခန်းမှူးအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

ယခုအခါ ဦးမောင်အေးသိန်း အလောင်းကို ပန်းမြောင်းဆေးရုံတွင် ရောက်ရှိနေပြီး ခွဲစိတ်မည်ဟု သိရသည်။

ဦးမောင်အေးသိန်းမှာ ကြုံရာ ကျဘမ်း လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ဇနီးသည် ဒေါ်သောင်းနွဲ့ရီ၊ ရှစ်တန်းတက်နေသည့် သားတစ်ဦးတို့နှင့် အတူ အိမ်တွင် ရှိနေစဉ် အသတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ သမီးသုံးဦးရှိရာ တစ်ဦးမှာ စစ်တွေ၊ နောက်တစ်ဦးမှာ ရန်ကုန်နှင့် ကျန်တစ်ဦးမှာ ထိုင်းတွင် ရှိနေသည်ဟု သိရကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယခု သတ်ဖြတ်မှုသည် မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာမှ ဦးခင်သန်းမောင် ဒီဇင်ဘာ ၂၄ ရက်နေ့က သတ်ဖြတ်ခံရပြီးနောက် ဒုတိယ အကြိမ်မြောက် အရပ်သားတစ်ဦး သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

(ဓာတ်ပုံ- Moe Min)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment