Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

တောင်ကြီးအကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၇ ဦးမှ အချုပ်သား တစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်သဖြင့် သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ရှိ ၂ မိုင် အကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၇ ဦးမှ အချုပ်သား ၁ ဦးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ညပိုင်းက ဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အချုပ်သား ဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
.
တောင်ကြီးမြို့၊ ၂ မိုင် အကျဉ်းထောင်အတွင်း၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၈ နာရီ ၄၅ မိနစ် အချိန်တွင် အမျိုးသားအိပ်ဆောင်(၁)၊ အခန်း (၂) တွင် မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် ချုပ်နှောင်ထားရှိသော အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးမှ စည်းကမ်းထိန်းသိမ်းရေး တာဝန်ပေးထားသည့် အကျဉ်းသား ပြည့်ဖြိုးအောင်(ခ) ကိုဖြိုးအား မချေမငံ ပြန်လည်ပြောဆိုရာမှ တစ်ယောက် တစ်ခွန်း စကားများပြီးနောက် ပြည့်ဖြိုးအောင်နှင့် အခြား အကျဉ်းသားများဖြစ်သော စိုးမင်းနိုင်၊ နိုင်လင်း၊ ညိုမင်းခန့်(ခ) ညိုကြီး၊ အောင်ဖြိုးဝေ၊ ထွန်းဝင်းကျော်(ခ) ကောင်းကောင်း၊ ရန်နိုင်စိုး(ခ) သားကြီးတို့ ၇ ဦးမှ အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
.
“ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်က တောင်ကြီး ၂ မိုင် အကျဉ်းထောင်အတွင်းမှာ အကျဉ်းသား ၇ ဦးက အချုပ်သား တစ်ဦးကို စကားများရာကနေ ဝိုင်းပြီးတော့ ထိုးကြိတ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တောင်ကြီး ၂ မိုင် အကျဉ်းထောင် ဦးစီးအရာရှိက တရားလို ပြုလုပ်ပြီး တိုင်တန်းထားပါတယ်။ ထိုးကြိတ်ခဲ့တဲ့ အကျဉ်းသား ၇ ဦးကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေပါတယ်။” ဟု တောင်ကြီးမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အကျဉ်းသား ၇ ဦး၏ ဝိုင်းဝန်းထိုးကြိတ်ခြင်း ခံရသော ဆန်နီအောင်(ခ) ဝက်ကြီးမှ ဗိုက်အောင့်သည်ဟု ပြောဆိုလာသဖြင့် ည ၉ နာရီအချိန်တွင် တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်၍ ဆေးကုသမှု ခံယူနေစဉ် ထိုးကြိတ်ထားသော ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း တောင်ကြီးမြို့ မရဲစခန်းမှ သိရသည်။
.
“ ဒီဟာကို သက်ဆိုင်ရာအဖွဲ့ အနေနဲ့ကလည်း မှန်မှန်ကန်ကန် လုပ်၊ မလုပ်ဆိုတာကို ကြည့်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ။ သက်ဆိုင်ရာအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရင်တော့ ပြောစရာ မရှိပါဘူး။ တကယ်လို့ သူတို့ လုပ်တဲ့ဟာက မှန်ကန်မှု အားနည်းနေမယ်ဆိုရင်တော့ ဆက်လက် ဆောင်ရွက်သွားပါမယ်။ အကျဉ်းထောင်အနေနဲ့လည်း လုံခြုံရေးက အားနည်းတယ်။ အကျဉ်းထောင်ထဲမှာ ဒီလို ညဉ်းပန်းနှိပ်စက်မှုဆိုတာ မရှိသင့်တော့တဲ့ ကာလဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်သွားမှာပါ။” ဟု တောင်ကြီးမြို့၊ လောကမာန်အောင် ကျောင်းတိုက်မှ ဆရာတော် ဦးပညာနန္ဒက ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
အချုပ်သား ဆန်နီအောင်(ခ) ဝက်ကြီးအား နာကျင်ဒဏ်ရာများ ရရှိကာ သေဆုံးအောင် ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည့် အကျဉ်းသားများဖြစ်သော ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး၊ စိုးမင်းနိုင်၊ နိုင်လင်း၊ ညိုမင်းခန့်(ခ) ညိုကြီး၊ အောင်ဖြိုးဝေ၊ ထွန်းဝင်းကျော်(ခ) ကောင်းကောင်း၊ ရန်နိုင်စိုး(ခ)သားကြီး တို့ ၇ ဦးအား တောင်ကြီးမြို့မရဲစခန်းမှ (ပ)၁၅၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကမ္ဘောဇတိုင်း
http://www.kanbawzatainews.com/2019/01/blog-post_17.html

No comments:

Post a Comment