Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

ဘူးသီးတောင်က နယ်ခြားစောင့်ရဲစခန်း ၄ ခု ဝင်တိုက်ခဲ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထား


 အေအေအဖွဲ့က ဝင်တိုက်ခိုက်တာခံခဲ့ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု
ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ခထီးလှ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့ဝင်တွေကို ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက် အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    လုံခြုံရေး ပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော

ဒီလိုစခန်းတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ငမြင်းဘော်ရဲစခန်း၊ကျောင်းတောင်ရဲစခန်းနဲ့ ခထီးလှရဲစခန်းတွေကို အေအေအဖွဲ့ကခေါင်းဆောင်စိစစ်ဆဲ အင်အား ၁၀၀ ခန့်စီနဲ့အသီးသီးဝင်တိုက်ခဲ့တာဖြစ်ပြီး တခါ ဂုပ္ပိရဲစခန်းကို အင်အား ၅၀ ခန့်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 အေအေအဖွဲ့က ဝင်တိုက်ခိုက်လို့ ကျည်ဆန်ရာတွေနဲ့မြင်ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု
တိုက်ခိုက်ခဲ့စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တချို့ကိုလည်း အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီနောက်တော့ နာရီပိုင်းအကြာမှာပဲ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သူ ၁၈ ဦးဖြစ်တဲ့ အမျိုးသမီး ၄ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လဝက ဝန်ထမ်း ၁ ဦးတို့ကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အေအေအဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောထားပါတယ်။

'တပ်မတော်ကတော့ ဒီသတင်းကို အတည်မပြုနိုင်သေးဘူး' လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ရဲကင်းစခန်းတွေကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့သလို လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံး ဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ခိုက်ခဲ့သူတွေကို တပ်မတော်က ပြန်လည်နှိမ်နင်းခဲ့ရာမှာတော့ ဟယ်လီကော်ပတာနဲ့ ပစ်ခတ်ခဲ့လို့ ခထီးလှကျေးရွာမှာ နေအိမ် ၇ လုံးမီးလောင်၊ ၂ လုံးပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ခထီးလှကျေးရွာဘုန်းကြီးကျောင်း ဆရာတော်ကြီးက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment