Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 6, 2019

ဘောနက်ကြီး ရဲဘက်စခန်းမှ လူမိုက်ကြီးများ..အပိုင်း(၉)


ကျွန်တော် ၀င်ဖြေရှင်းခဲ့ရသည့် ဘောနက်ကြီးဗိုလ်လုပွဲ
……………………………………………
တိုက်ပွဲစပါပြီ။

ဂိုဏ်းချုပ်ကြီး တင်လှရွှေ ဟာ ၀ါးရင်းတုတ်ကို ဆွဲပြီး ၀ါးကတုတ်ချောင်းဘက်ကို ပြေးတက်သွားပြီဆိုတာနဲ့ သူ့ တပည့်တွေဖြစ်တဲ့ ရေမြင်းညီနောင် ကလည်း ဂေါ်ဖီခင်းထဲက အရင် နွားကြီးရဲ့ လက်စွဲတော် ပေါက်တူးတွေ ကိုင်ပြီး ပြေးလိုက်လာကြပါတယ်။

စခန်းဝန်းထဲကနေ စမ်းချောင်းဘက်ကို ရုတ်တရက်ပြေးဆင်းလာတဲ့ တင်လှရွှေ တို့ အုပ်စုကို တွေ့တဲ့အခါ စကေဘာကြင်ဖောင်တပည့်တွေဖြစ်တဲ့ ဖင်ကြီး၊ သိန်းရွှေ၊သိန်းဖေညီအစ်ကိုကလည်း စမ်းချောင်းဘေးကနေ အသင့်အနေအထား ရပ်စောင့်နေကြပါတယ်။

စမ်းချောင်းထဲမှာတော့ ပရိုမီနာညွှန့်ခင် နဲ့ စကေဘာကြင်ဖောင် ဟာာ ထပ်လျက်ကြီးဖြစ်နေပါတော့တယ်။

စကေဘာကြင်ဖောင်က ညွှန့်ခင်ကို တက်ဖိထားပြီး တဘုံးဘုံးစိတ်ရှိလက်ရှိ ထုရိုက်နေပါတယ်။

ရုတ်တရက်ဖြစ်သွားတဲ့ကိစ္စမို့ စခန်းလုံခြုံရေးတွေလည်း ခဏတော့ မှင်တက်မိနေကြပါတယ်။

နောက်တော့ သူတို့လက်ထဲမှာ ရှိတဲ့ စက်တွေနဲ့ ထောင်မှူးသာထူးဆီ လှမ်းသတင်းပို့ကြပါတော့တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်က ရဲဘက်စခန်းထဲ ယာယီဖွင့်ထားတဲ့ ဓမ္မာရုံတဲကလေးအောက်မှာ ဟိုးဝေးဝေးက ရွှေစေတီလေးရဲ့ ဆည်းလည်းသံတွေကို အာရုံပြုပြီး အကြံအဖန်ရထားတဲ့ ချက်အရက်လေး စော်နေချိန်ပါ။

''ကိုမောင်ဗြိ..ကိုမောင်ဗြိ''

ဆိုက်ကယ်သံ တဖုတ်ဖုတ် နဲ့အတူ ခြောက်ထောင်ပြန် သာထူးကြီး ရဲ့ အမောတကောအော်သံကို ကြားရပါတယ်။
ဒါနဲ့ ကျွန်တော်လည်း သောက်လက်စ အရက်ပုလင်းကို ခါးကြားအသာထိုးပြီး အပြင်ထွက်လိုက်ပါတော့တယ်။

''ကိုမောင်ဗြိရေ..လာအခု လိုက်ခဲ့စမ်းပါဗျာ..ဟိုမှာ ဂိုဏ်းချုပ်တို့ အုပ်စု နဲ့ စကေဘာကြင်ဖောင်တို့တတွေ ဆော်ကြတော့မယ်..ခင်ဗျား..၀င်ထိန်းမှဖြစ်မယ်..''

ဘောနက်ကြီးမှာ ဖြစ်လာမို့ တာဆူနေတဲ့ ဂိုဏ်းစစ်ပွဲကြီး စပြီဆိုတာ ကျွန်တော်သိလိုက်ပါတယ်။

ဆိုင်ကယ်ပေါ်တက်လိုက်တာနဲ့ ကိုသာထူးက ဆိုင်ကယ်ကို ၀ူးခနဲ မောင်းထွက်သွားပါတော့တယ်။

ဝါးကတုတ်ချောင်းဘေးကို ရောက်တဲ့အခါမှာတော့ အခြေအနေက ပေါက်ကွဲလုဆဲဆဲ အနေအထားပါပဲ။

ဂိုဏ်းချုပ်ကြီး တင်လှရွှေ ဟာ ၀ါးရင်းတုတ်ကြီးကို ကိုင်ထားပြီး စမ်းချောင်းရှေ့ ကုန်းကမူလေးမှာ မတ်တပ်ရပ်နေပါတယ်။
သူ့ရင်ဘတ်ကြီးဟာလည်း နိမ့်ချည်မြင့်ချည်နဲ့ ဖားဖိုကြီးတစ်ခု ဖြစ်နေပါတယ်။

ဂိုဏ်းချုပ်ကြီး ဟာ မကြာခင်မှာ မိုက်ရူးရဲကိစ္စတစ်ခုကို တဇွတ်ထိုး လုပ်တော့မှာ သေချာပါတယ်။
သူ့နောက်မှာ ပေါက်တူးကိုယ်စီကိုင်ထားတဲ့ ရေမြင်းညီနောင်ပါ။

သူတို့ နဲ့ မလှမ်းမကမ်းမှာတော့ ဖင်ကြီး၊သိန်းရွှေ၊သိန်းဖေညီအစ်ကိုဟာ လက်ထဲမှာ ချွတ် ကိုယ်စီကိုင်ပြီး အသင့်စောင့်နေပါတယ်။
(ချွတ် ဆိုသည်မှာ အချွန်ပုံစံဖြစ်အောင် သွေးထားသည့် သံချောင်း ဖြစ်သည်)

စကေဘာကြင်ဖောင်က တော့ လက်တစ်ဖက်က ညွှန့်ခင် ကို သိုင်းဖက်ထားပြီး ကျန်တဲ့ လက်တစ်ဖက်က သူ့လက်စွဲတော် စကေဘာနဲ့ ညွှန့်ခင်လည်မြိုကို ထောက်ထားပါတယ်။

''ကြင်ဖောင်….မင်း အညွန့်ကို လွှတ်လိုက်''

''ဒီမယ်..ကိုတင်လှရွှေ..ခင်ဗျားမယား သူခိုးကောင်က..ဘုရားရွှေတောင် တက်ခိုးမလို့ကြံနေလို့…ကျုပ် ဆုံးမနေတာဗျ…ခင်ဗျားနဲ့ မဆိုင်ဘူး''

''ငါ…လက်တွေ သွေးမစွန်းချင်ဘူးနော်..ကြင်ဖောင်''

အခြေအနေက တင်းမာနေပါပြီ။
ကိုသာထူး နဲ့ ကျွန်တော်လည်း စမ်းချောင်းဘေး တောင်ကုန်းလေးပေါ်ကနေ အခြေအနေကို ကြည့်နေပါတယ်။

ကိုသာထူးဘေးမှာလည်း စခန်းလုံခြုံရေးတွေက ရိုင်ဖယ်သေနတ်တွေနဲ့ နေရာယူနေပါပြီ။

''ကိုသာထူး..သေနတ်ဖောက်ပြီး ခြိမ်းခြောက်လိုက်ဗျာ..ဒါမှ ဒီလူတွေ ဆက်မဖြစ်ရဲမှာ''

''မဖြစ်ဘူး..ကိုမောင်ဗြိ..မဖြစ်ဘူး''

''ဟ..ဘာလို့ မဖြစ်ရမှာလဲ..ကိုသာထူးရယ်..ဒါမျိုးက ထောင်ဆူရင် လုပ်ကို လုပ်ရမယ့်အလုပ်…မဟုတ်ရင် ဒီလူတွေ သွေးချောင်းစီးကုန်လိမ့်မယ်..လုပ်ပါ..သေနတ်အမြန်ဖောက်စမ်းပါဗျာ''

အဲ့ဒီတော့မှ ကိုသာထူးက ကျွန်တော်နား ကပ်လာပြီး လေသံလေးနဲ့ ပြောလာပါတယ်။

''ကျွန်တော့် စခန်းမှာ ကျည်ဆံ တစ်တောင့်မှ မရှိဘူးဗျ..ရိုးမထဲက တောပစ်တဲ့ကောင်တွေကို တစ်တောင့် နှစ်ထောင်နဲ့ ရောင်းစားထားတယ်…ဒီဖြစ်စဉ်ပြီးမှ ဒီဖြစ်စဉ်မှာ သုံးလိုက်ရတယ်ဆိုပြီး အထက်ကို စာရင်းပြပြီး ကျည်ဆံထပ်ထုတ်ရမှာ..ကိုမောင်ဗြိရေ''

''ဟာဗျာ..ခင်ဗျားတို့နှယ့်..ဒါဆို ဘယ်နှယ့်လုပ်ကြမတုန်း''
''ဒါကြောင့်..ကိုမောင်ဗြိကို ခေါ်လာတာပေါ့ဗျ..ခင်ဗျားကို အားကိုးပါတယ်ဗျာ..ဒီကောင်တွေ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်အောင် ခင်ဗျားပဲ သြဇာရှိတာ..လုပ်ပါဗျာ..ဒီစခန်းမှာ နိုင်ငံရေးမှုနဲ့ လာတဲ့ လူဆိုလို့ ခင်ဗျားပဲရှိတာ..သူတို့ ခင်ဗျားကို လေးစားကြပါတယ်..လုပ်ပါ''

''ဟာ..ဂိုဏ်းချုပ်ကြီး ပြေးဆင်းသွားပြီဗျိုး''

ဂိုဏ်းချုပ်ကြီး တင်လှရွှေ ဟာ ကြောက်မက်ဖွယ်အသံနက်ကြီးနဲ့ စမ်းချောင်းထဲက ကြင်ဖောင်ရှိရာကို ပြေးဆင်းသွားပါတယ်။
သူ့နောက်ကနေ ရေမြင်းသုံးကောင်ကလည်း ပေါက်တူးတွေကိုင်ပြီး ပြေးသွားပါတယ်။

စမ်းချောင်းထဲ မရောက်မီပါပဲ ဖင်ကြီး၊ သိန်းရွှေ၊သိန်းဖေညီအစ်ကိုက ချွတ်နဲ့ ဆီးထိုးပါတယ်။
ဒါပေမယ့် ဂိုဏ်းချုပ်ကြီးရဲ့ ဒေါသထွက်နေတဲ့ပုံကိုမြင်တော့ ဖင်ကြီးတို့ အုပ်စုရှဲသွားကြပါတယ်။

ဂိုဏ်းချုပ်ကြီးတင်လှရွှေ ကို သူတို့ မထိရဲပါဘူး။
သူ့နောက်က ပါလာတဲ့ ရေမြင်းသုံးကောင်ကိုသာ ၀င်လုံးကြပါတော့တယ်။
တင်လှရွှေကတော့ ရေထဲ ရောက်သွားပြီး ညွှန့်ခင်ကို ထောက်ထားတဲ့ ကြင်ဖောင်ကို တုတ်နဲ့ ၀င်ရိုက်ပါတယ်။

တိုက်ရေးခိုက်ရေးသတိအပြည့်ဖြစ်နေတဲ့ ကြင်ဖောင်က ညွှန့်ခင်ကို တွန်းလွှတ်ပြီး အသာလေးရှောင်လိုက်ပါတယ်။
ညွှန်ခင်ဟာ တင်လှရွှေ ရင်ခွင်ထဲ ရောက်သွားပြီး နှစ်ယောက်သား ထပ်လျက်ကြီး လဲကျသွားပါတယ်။

ဒီတော့မှ စကေဘာကြင်ဖောင်က သူတို့ နှစ်ယောက်လုံးကို အရှိန် နဲ့ ခုန်အုပ်လိုက်ပါတော့တယ်။

ညွှန့်ခင် ဟာ ဟမ်ဘာကာပေါင်မုန့်နှစ်ချပ်ကြားက အသားပြားလေးလို ဖြစ်နေပါပြီ။

လူမိုက်ကြီးနှစ်ယောက်ဟာ ညွန့်ခင်ကို အလယ်ထားပြီး လုံးထွေးနေကြပါတယ်။
ဒီအခြေအနေကို ကျွန်တော်ဝင်မထိန်းလို့ မဖြစ်တော့ပါဘူး။

ဒါနဲ့…လုံခြည်ကို တိုတိုပြင်ဝတ်ပြီး..မတ်တပ်ရပ်လိုက်ပါတယ်။

''ကိုမောင်ဗြိ..လိုရမယ်ရ ကျုပ် သေနတ်ယူသွားမလား''
''မလိုပါဘူး..ကိုသာထူး..ဒီကောင် ကိုးကောင် ကို ၀င်ချုပ်ဖို့ ခင်ဗျားတပည့် အယောက်နှစ်ဆယ်လောက်သာ ထည့်ပေးလိုက်ပါ..ကျန်တာ ကျုပ်တာဝန်ထား''

သူတို့ရန်ပွဲရှိရာကို ကျွန်တော် ပြေးဆင်းသွားလိုက်ပါတယ်။
ကျွန်တော့်နောက်က စခန်းလုံခြုံရေးရဲဘော် အယောက်နှစ်ဆယ်လည်း ပါလာပါတယ်။

ရန်ပွဲ နဲ့ မနီးမဝေးရောက်တဲ့အခါ…နောက်က လိုက်လာတဲ့ အဖွဲ့တွေကို ခဏရပ်နေခဲ့ဖို့ အချက်ပေးလိုက်ပါတယ်။

ပြီးတော့..သူတို့ ရန်ပွဲဖြစ်နေတဲ့ စမ်းချောင်းဘေး…အေးအေးဆေးဆေးပဲ လျှောက်သွားလိုက်ပါတယ်။

စမ်းချောင်းနားရောက်တဲ့အခါ..ကျွန်တော့် ညာဘက်လက်ညှိးနဲ့လက်မကို အသာကွေးပြီး ပါးစပ်ထဲ တေ့ လက်ခေါက်မှုတ်လိုက်ပါတယ်။

''ရွှီးးးး''

ရန်ဖြစ်ပြီး လုံးထွေးနေတဲ့ လူတွေဟာ..တုံ့ခနဲ ရပ်လိုက်ကြပြီး..အချင်းချင်း ပူးနေရာက ခွာလိုက်ကြပါတော့တယ်။

စမ်းချောင်းထဲ ဟမ်ဘာဂါလိုဖြစ်နေတဲ့ တင်လှရွှေ၊ ညွန့်ခင် နဲ့ ကြင်ဖောင်တို့လည်း အချင်းချင်း ဆွဲခွာလိုက်ကြပါတယ်။
အခြေအနေက စောင့်နေလို့မဖြစ်တော့ပါဘူး။

''၀င်ဖမ်းကြဟေ့''
ကျွန်တော့် လက်ခေါက်မှုတ်သံကြောင့် ကြက်သေသေပြီး…ပူးနေရာက ခွာကုန်ကြတဲ့ လူမိုက်တွေကို စခန်းလုံခြုံရေးတွေက ၀င်ဖမ်းပြီး လက်ထိပ်ခတ်၊ ကြိုးတုပ်ထားလိုက်ကြပါတယ်။

ကဲ..ပြီးပါပြီ။

ထောင်မှူးသာထူး ဟာ ကျွန်တော့်ကို လေးစားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး လက်စွဲနှုတ်ဆက်ပါတယ်။
''ဟူး..ကိုမောင်ဗြိ ရှိပေလို့သာပေါ့ဗျာ''

ဒါပါပဲ။

ဒီနေရာမှာ ကျွန်တော့်ရဲ့ လက်ခေါက်မှုတ်သံကြားရင် သူတို့ ဘာကြောင့် လုပ်လက်စတွေ ရပ်သွားကြလဲ၊ ပူးနေရာက ခွာသွားကြလဲဆိုတာ စာဖတ်သူက သိချင်နေပြီထင်ပါတယ်။

ဒီလိုပါ။
ကျွန်တော်ဟာ ဒီစခန်းမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျလာတဲ့ တစ်ဦးတည်းသောသူပါ။
ဒီတော့ ကျွန်တော့်ကို ရာဇ၀တ်အကျဉ်းသားတွေ နဲ့ မတူတဲ့ အလုပ်ပေးထားပါတယ်။
အဲ့ဒါကတော့ ဧည့်တွေ့ဆောင် တာဝန်ခံ ဆိုတဲ့ နေရာပါပဲ။

ဧည့်တွေ့ဆောင်လို့သာ ကြီးကြီးကျယ်ကျယ်ပြောတာပါ။ တကယ်ကတော့ စခန်းရဲ့ မြောက်ဘက် ငှက်ပျောတောထဲမှာ ထိုးထားတဲ့ ၀ါးကြမ်းခင်း၊ တောင်ထန်းမိုး၊ တောင်ထန်းကာ တစ်ဖက်ပွင့်တဲကလေးပါ။

ဒီတဲကလေး က သေးပေးမယ့်..ဒီတဲကလေးရဲ့ တာဝန်ခံကတော့ ပါဝါကြီးပါတယ်။

ရဲဘက်စခန်းတွေဟာ ထောင်တွေလို ထောင်ဝင်စာတွေ့တဲ့အခါ မလွတ်မလပ်တွေ့ကြရတာမဟုတ်ပါဘူး။
လွတ်လွတ်လပ်လပ်နှစ်ကိုယ်ကြားတွေ့နိုင်ပါတယ်။
ဒီတော့ စခန်းကို ရောက်နေတဲ့ လူမိုက်ကြီးတွေရဲ့ ဇနီးတွေ၊ ရည်းစားတွေက မကြာမကြာ ဧည့်လာတွေ့ကြပါတယ်။

ဧည့်လာတွေ့ပြီဆို ခုန ကျွန်တော်ကိုင်တဲ့ ဧည့်တွေ့တဲကလေးမှာ တွေ့ကြရပါတယ်။

သူတို့ ဟာ လင်မယားဘာဝ၊ သမီးရည်းစားဘာဝ..ချစ်ရည်လူးပူးကပ်ရှလူးနေကြတဲ့အချိန် ကျွန်တော်က အနီးအနားကို လူလာ မလာ ကင်းစောင့်ပေးပါတယ်။

အဲ့ဒီအတွက် ကော်ဖီမစ် သုံးထုတ် ကင်းစောင့်ခ ရပါတယ်။
စခန်းရဲ့ စည်းမျဉ်းအရ ဧည့်တွေ့ခွင့်ပေးထားတယ်ဆိုပေမယ့် အ၀ှာလုပ်ခွင့်ကို တရားဝင်ခွင့်မပြုထားပါဘူး။
စခန်းတာဝန်ရှိသူတွေမြင်ရင် ဧည့်တွေ့ခွင့် ပိတ်ပစ်တတ်ပါတယ်။

ဒါကြောင့် သူတို့ စုံတွဲတွေ ချစ်ကြည်နူး တစ်တီတူးကြချိန် ကျွန်တော့် ကို ကင်းအဖြစ် ငှားရပါတယ်။

ထောင် တာဝန်ရှိသူလာပြီဆို ကျွန်တော်က လက်ခေါက်မှုတ်ပြီး အချက်ပေးရပါတယ်။
အဲ့ဒီအခါ..သူတို့စုံတွဲတွေဟာ ဘယ်လောက်အရှိန်တက်တက်..ဘယ်လောက်ခရီးရောက်ရောက်..ဘရိတ်အုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပူးနေရာက ရပ်..ခပ်ခွာခွာနေလိုက်ရစမြဲပါ။

အခုလည်း..ဒီလူမိုက်ကြီးတွေ လုံးထွေးသတ်နေချိန်..ကျွန်တော် လက်ခေါက်မှုတ်လိုက်တဲ့အခါ အကျင့်ပါနေပြီး..တစ်ယောက်နဲ့ တစ်ယောက် လုံးနေရာက ဆွဲခွာလိုက်ကြတာပါပဲ။

ဒီလောက်ဆို မောင်ဗြိ အကြောင်း သိလောက်ကြပါပြီ။
ထောင်လုံခြုံရေးတွေတောင် ၀င်မရှင်းရဲတဲ့ ဘောနက်ကြီးရဲဘက်စခန်း က လူမိုက်ကြီးတွေရဲ့ ရန်ပွဲကြီးကို ခဏလေးနဲ့ ဖြေရှင်းပေးခဲ့တဲ့အတွက် ကျွန်တော်ဟာ ဘောနက်ကြီးငဗြိ ဆိုတဲ့ နာမည်တစ်လုံးကို လူမိုက်လောကထဲ ရရှိခဲ့ပါတော့တယ်။

နောက်တစ်ပိုင်းမှာတော့..ကျွန်တော် နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့အကြောင်းလေး ဆက်ကြတာပေါ့ဗျာ။

(ကမ္ဘာ့မာဖီးယားဂိုဏ်းပေါင်းစုံ မိတ်ကပ်အလှပြင် ပြိုင်ပွဲတွင် တွေ့ရသော ဘောနက်ကြီး ငဗြိ..ရဲ့ တည်ကြည်လေးနက်သော..ပွဲတက်စတိုင်လ်)

ဘောနက်ကြီးငဗြိ

No comments:

Post a Comment